ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြို့နယ်ထဲက ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) ရဲ့ ၁၀၂၇ စစ်ဆင်ရေးတုန်းက ဖမ်းမိထားတဲ့ စစ်သုံ့ပန်းတွေ ထိန်းသိမ်းထားတဲ့ အချုပ်ဆောင်ကို စစ်တပ်ဘက်က ဒီကနေ့မှာလည်း လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်လို့ ဗိုလ်မှူး ၁ ဦး အပါအဝင် ၄ ဦး သေဆုံးခဲ့ကြောင်း ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။ တအောင်းတပ်ထိန်းချုပ်နယ်မြေ နောင်ချိုက စစ်သုံ့ပန်းတွေ ထိန်းသိမ်းထားတဲ့အချုပ်ဆောင်တွေပေါ် နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ရာက ထိခိုက်သေဆုံးခဲ့ရတာပါ။ ရှမ်းပြည်နယ်မြောက်ပိုင်းက စစ်ရေးပဋိပက္ခ နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားတာကို တင်ပြထားပါတယ်။
တအန်းတပ် PSLF/TNLA ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့က ၁၀၂၇ ဒုတိယပိုင်း စစ်ဆင်ရေးတွေအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)MDY PDF ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်းတွေကို ဖမ်းဆီးထိန်းသိမ်းထားတဲ့ အချုပ်ဆောင်တွေပေါ် စစ်တပ်ဘက်က လေကြောင်းကနေ ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေတာပါ။
အောက်တိုဘာ ၂၈ ရက် ညနေပိုင်းမှာ ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) ရဲ့ စစ်သုံ့ပန်းတွေ ထားရှိတဲ့နေရာကို ဗုံးကြဲတိုက်ခိုက်မှု စစ်သုံ့ပန်း(၁၂)ဦးသေဆုံးပြီးတဲ့နောက်တဲ့နောက် အောက်တိုဘာ ၃၀ မနက် ၁ နာရီမှာလည်း နောင်ချိုမြို့နယ်ထဲကပဲ စစ်သုံ့ပန်တွေထားတဲ့ အချုပ်ဆောင်ကို နောက်ထပ် ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စစ်သုံ့ပန်း ၄ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) က သတင်းထုတ်ပြန်လာပါတယ်။
သေဆုံးတဲ့သူတွေထဲမှာ ဗိုလ်မှူးအဆင့် အရာရှိ ၁ ဦးပါဝင်ပြီး သပိတ်ကျင်း စစ်ဆင်ရေးမှာ ဖမ်းဆီးခံခဲ့ရတဲ့ စစ်သုံ့ပန်းဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) က ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က ဗွီအိုအေ မြန်မာပိုင်းကိုပြောပါတယ်။
"နောင်ချိုမြို့နယ်ထဲမှာရှိတဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) ရဲ့ အချုပ်ဆောင်ကို ဒုတိယအကြိမ် လာကြဲတာဖြစ်ပါတယ်။ အဲ့အချုပ်ဆောင်က တိုက်ပွဲအတွင်း ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်တွေကို ဖမ်းဆီးထိန်းသိမ်းထားတဲ့ အချုပ်ဆောင်ဖြစ်တယ်ပေါ့။ ဒီနေ့သေဆုံးသွားတဲ့ ဗိုလ်မှူးက သပိတ်ကျင်း စစ်ဆင်ရေးမှာ ဖမ်းဆီးရမိတဲ့ ဗိုလ်မှူး တယောက်ဖြစ်ပါတယ်။"
အောက်တိုဘာ ၂၈ ရက် ဗုံးကြဲတိုက်ခိုက်မှုမှာတော့ စစ်သုံ့ပန်း ၈ ဦးနဲ့ စစ်ဆေးမေးမြန်းနေသူ ၄ ဦး သေဆုံးခဲ့ပြီး စစ်သုံ့ပန်း ၆၀ ဒဏ်ရာရရှိခဲ့ကာ သေဆုံးသူ ထပ်တိုးလာတာတော့ မရှိပါဘူး။ လက်ရှိအချိန်မှာ သေဆုံးတဲ့သူတွေကို မီးသဂြိုလ်တာတွေ လုပ်ပေးခဲ့ပြီး ဒဏ်ရာရတဲ့ စစ်သုံ့ပန်တွေကိုလည်း ဆေးကုသတာတွေ လုပ်ပေးနေပါတယ်။
တအောင်းတပ် TNLA ထိန်းချုပ်နယ်မြေ နောင်ချိုက စစ်သုံ့ပန်းတွေ ထိန်းသိမ်းထားတဲ့အချုပ်ဆောင်တွေပေါ် နှစ်ရက်ဆက်တိုက် အခုလို ဗုံးကြဲတိုက်ခိုက်ခံရပြီးတဲ့နောက် နောက်ထပ် လေကြောင်းတိုက်ခိုက်မှု အန္တရာယ်ကနေ ကာကွယ်နိုင်တဲ့ အစီအမံတွေ လုပ်ဆောင်နေတယ်လို့လည်း ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က ဗွီအိုအေကို အခုလို ဆက်ပြောပါတယ်။
"လက်ရှိအချိန်မှာ ဒဏ်ရာရတဲ့ စစ်သုံ့ပန်းတွေကို ဆေးကုသပေးနေတာတွေရှိတယ်။ သေဆုံးသွားတဲ့ စစ်သုံ့ပန်းတွေကိုလည်း ကောင်းမွန်စွာ သဂြိုလ်ပေးနေတာတွေ ရှိပါတယ်။ ထပ်ပြီးတော့ လေကြောင်းတိုက်ခိုက်မှု အန္တရာယ် ကာကွယ်နိုင်မယ့် အစီမံတချို့ကိုလည်း လုပ်ဆောင်နေတာရှိပါတယ်။ မနေ့က ဒဏ်ရာရတဲ့ စစ်သုံ့ပန်း ၆၀ မှာလည်း သေဆုံးသူ ထပ်တိုးတာမရှိပါဘူး။"
အောက်တိုဘာ ၂၈ ရက် ဗုံးကြဲတိုက်ခိုက်မှုနဲ့ ဒီကနေ့ အောက်တိုဘာလ ၃၀ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ၁၀၂၇ ဒုတိယပိုင်း စစ်ဆင်ရေးမှာ ဖမ်းထားတဲ့စစ်သုံ့ပန်းတွေနဲ့ အခြားစစ်သုံ့ပန်းများ ထားရှိရာ အဆောက်အအုံတွေ ထိမှန်ခဲ့ပြီး ဗုံးက အချုပ်ဆောင်ပေါ်ကျခဲ့လို့ သေဆုံးသူဦးရေက ဗိုလ်မှူးတဦးအပါအဝင် စစ်သုံ့ပန်း ၁၆ဦး အထိရှိလာနေပြီး ၆၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
အခုလို နောင်ချို အချုပ်ဆောင်ပေါ် စစ်တပ်အရာရှိတွေပါ ပါဝင်တဲ့ စစ်သုံ့ပန်းအများအပြား သေဆုံးထိခိုက်ခဲ့ရတဲ့ ဒီလေကြောင်းတိုက်ခိုက်တာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးပါဘူး။
Your browser doesn’t support HTML5