ဟားခါး ချွန်ကျုံးကျေးရွာ စစ်ကောင်စီ ဗုံး ၂ ကြိမ်ကြဲ ၄ ဦး သေဆုံး၊ ၉ ဦး ဒဏ်ရာရ

ချင်းပြည်နယ် ဟားခါးမြို့နယ် ချွန်ကျုံးကျေးရွာ

ဒီကနေ့ မနက်အစောပိုင်းက ချင်းပြည်နယ် ဟားခါးမြို့နယ် ချွန်ကျုံးကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ရာမှာ ကလေးငယ်တဦးအပါ ဒေသခံ ၄ ဦး သေဆုံးပြီး ၉ ဦး ထိခိုက်ဒဏ်ရာ ရရှိတယ်လို့ ချင်းဒေသကာကွယ်ရေးအဖွဲ့နဲ့ ဒေသခံတွေက ဗွီအိုအေကို ပြောပါတယ်။ လေကြောင်း တိုက်ခိုက်မှုကြောင့် ဒေသခံရွာသားတွေ ဘေးလွတ်ရာကိုတိမ်းရှောင်ဖို့ ကြိုးစားပေမဲ့ စစ်ကောင်စီ စစ်ဆေးဂိတ်မှာ ဖြတ်သန်းခွင့်မပြုဘူးလို့လည်း ဆိုပါတယ်။ ချင်းပြည်နယ် စစ်ရေးပဋိပက္ခကြား ဒေသခံတွေ သေဆုံးခဲ့ရတဲ့အကြောင်း ရန်ကုန်က သတင်ေးပးပို့ထားတာကို အခြေခံပြီး မဆုမွန်တင်ပြထားပါတယ်။

ဒီဇင်ဘာလ ၁၀ ရက် ဒီကနေ့ မနက်အစောပိုင်း ၂ နာရီမှာ ချင်းပြည်နယ် ဟားခါးမြို့ နယ် ချွန်ကျုံး ကျေးရွာကအရပ်သားနေအိမ်တွေကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၄ ဦးသေဆုံးပြီး ၉ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ကာကွယ်ရေးတပ်နဲ့ မြို့ခံတဦးက ဗွီအိုအေကို ပြောပါတယ်။ အဲ့ဒီအနီးအနားမှာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ဗုံးလာကြဲလို့ ဗုံးခိုကျင်းထဲ ဝင်ပြေးတာကို ထပ်ပြီးတော့ စစ်ကောင်စီက ၂ ကြိမ် ဗုံးကြဲချတိုက်ခိုက်တာလို့ချင်းဒေသ ကာကွယ်ရေးအဖွဲ့ CDF-ဟားခါး ပြောခွင့်ရှိသူက ဗွီအိုအေကို ပြောပါတယ်။

“ပထမအကြိမ်ဗုံးကြဲတဲ့အချိန်မှာ ဒီအရပ်သားပြည်သူ အိမ်ပေါ်မှာကျတဲ့အတွက် မိသားစုဝင်က ၆ ယောက် နေထိုင်တဲ့အိမ်မှာဆိုရင် ၄ ယောက်သေတယ်။ ပြီးတော့ တယောက်ဒဏ်ရာရရတယ်။ ပြီးတော့ ဗုံးခိုတဲ့နေရာမှာ အဲ့လိုမျိုး ဗုံးပြန်ချတဲ့အတွက် အရပ်သား ၈ ယောက် ထိခိုက်ဒဏ်ရာ ရရှိသွားပါတယ်ဗျ၊ ဟုတ်ကဲ့။ ကျနော်တို့ တိုက်ပွဲလည်းမရှိပဲနဲ့ ဗုံးလာကြဲတာဖြစ်ပါတယ်ဗျ။”

အရပ်သားတွေနေထိုင်တဲ့ ချွန်ကျုံးရွာကို စစ်ကောင်စီတပ်က ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာလို့ မြေပြင်အခြေအနေကိုသိရှိတဲ့ ဟားခါးမြို့ခံတဦးက ခုလို ပြောပါတယ်။

“၂ နာရီဝန်းကျင်မှာပေါ့နော်၊ ဟားခါးမြို့ကနေ ၁၅ မိုင်လောက်ပဲ ဝေးတယ်။ ချွန်ကျုံးကျေးရွာမှာပေ့ါနော်၊ လေကြောင်းကနေ တိုက်ခိုက်ခံရလို့ ၄ ယောက်သေဆုံးတယ်။ ၁၀ ယောက်ထက်မက ဒဏ်ရာရရှိတယ်။ တိုက်ပွဲလုံးဝမရှိဘူး၊ပြည်သူလူထုတွေကို ပစ်မှတ်ထားပြီးတော့ တိုက်ခိုက်ခြင်းဖြစ်တယ်လို့ ကျနော်က ယူဆမိတယ်၊ ဟုတ်။ လုံးဝအဲ့နေရာမှာတော့ တိုက်ပွဲလုံးဝမရှိဘူး။”

ဟားခါးမြို့နဲ့ ၁၅ မိုင်လောက်ဝေးတဲ့ ချွန်ကျုံးကျေးရွာဟာ အိမ်ခြေ ၅၀၀ ကျော်နဲ့ လူဦးရေ ၁,၆၀၀ လောက်နေထိုင်ကြပါတယ်။ အခုလို လေကြောင်းကနေ တိုက်ခိုက်ခံရတာမို့ ရွာခံတွေ စိုးရိမ် ကြောက်လန့်ပြီး ဘေးလွတ်ရာကို တိမ်းရှောင်နိုင်ဖို့ ကြိုးစားနေကြပါတယ်။ ဟားခါးမြို့က ကယ်ဆယ်ရေးသမားတွေကို ရွာခံက အကူအညီတောင်းခံထားပေမယ့် ဟားခါးမြို့အထွက် စစ်ကောင်စီတပ်ရဲ့ စစ်ဆေးရေးဂိတ်မှာ ချွန်ကျုံးရွာဘက်သွားမယ့် ကားတွေ ဖြတ်သန်းခွင့်မပြုဘူးလို့ဟားခါးမြို့ခံက ဆက်ပြောပါတယ်။

“ကြောက်တယ်။ သူတို့ တော်တော်လေးကြောက်တယ်။ တချို့တွေကတော့ ပြောင်းရွှေ့တဲ့သူလည်း ရှိတယ်။အခက်အခဲရှိတာတခုက ဒီဟားခါးကနေ မြို့အထွက် စစ်ကောင်စီရဲ့ ဂိတ်ပေါ့နော်၊ အဲ့ဒီ ဂိတ်တွေက အဲ့ဒီရွာဘက်ကို လုံးဝကားမထွက်ခိုင်းဘူးတဲ့။ အဲ့ဒီထွက်ပြေးချင်တဲ့ သူတွေက ဒီဟားခါး မြို့ပေါ်ကို ဆက်လှမ်းပြီးတော့လေ လာကြိုပေးနိုင်မလားဆိုတဲ့ဟာမျိုးတွေ၊ တိမ်းရှောင်ချင်တဲ့သူတွေ တော်တော်များများတယ်လေ။ အဲ့ဒါကြောင့် တချို့တွေက သွားကယ်ဆယ်ရေးလုပ်ဖို့ လုပ်ချင်ပေမယ့် ကားမထွက်ခိုင်းဘူးဆိုတော့ မထွက်တဲ့သူတွေလည်း ရှိတယ်လို့တော့ ကျနော်တို့သတင်းကြားမိတယ်။”

ဒီပြောဆိုမှုနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တုံ့ပြန်ချက်ရရှိဖို့ စစ်ကောင်စီရဲ့ ချင်းပြည်နယ်အစိုးရ အဖွဲ့ ပြောခွင့်ရှိသူအတွင်းရေးမှူး ဦးအောင်ချိုကို ဗွီအိုအေက တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။

ဟားခါးမြို့နဲ့ ထန်တလန်မြို့ကြားမှာရှိတဲ့ စစ်ကောင်စီရဲ့ အော်တိုတောင်စခန်းကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၈ ရက်နေ့က ချင်းအမျိုးသားတပ်ဦး (CNF/CAN) ပူးပေါင်းတပ်က သိမ်းယူလိုပါတယ်။ ဒါ့အပြင် စစ်ရေးအရ အရေးပါတဲ့ ပွိုင့် ၃ စခန်းနဲ့C3 စခန်းအပါအဝင် တပ်စခန်း ၇ ခု ပူးပေါင်းတပ်ဖွဲ့က သိမ်းယူနိုင်ခဲ့ပါတယ်။ စစ်ကောင်စီတပ်ဘက်က မြေပြင်မှာ စစ်ရေးကျရှုံးလာတာကြောင့် အရပ်သားပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက် နှိပ်ကွပ်နေတာလို့ ယူဆမိကြောင်း ဒေသခံတွေက ပြောဆိုပါတယ်။

Your browser doesn’t support HTML5

ဟားခါး ချွန်ကျုံးကျေးရွာ စစ်ကောင်စီ ဗုံး ၂ကြိမ် ကြဲချ ၄ ဦး သေဆုံး ၉ ဦး ဒဏ်ရာရ