မိုးဗြဲစစ်ရှောင်စခန်း စစ်ကောင်စီ ဒရုန်းဗုံးကြဲမှု ကလေးငယ်အပါအဝင် ၃ ဦးသေဆုံး

စစ်ကောင်စီရဲ့ ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် မိုးဗြဲမြို့ စစ်ရှောင်စခန်းတခုမှာ သေဆုံးသွားသူတဦး (ဒီဇင်ဘာ ၄၊ ၂၀၂၄)

ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် မိုးဗြဲမြို့က စစ်ရှောင်စခန်းကို ဒီဇင်ဘာလ ၄ ရက်မှာ စစ်ကောင်စီက ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တဦးပါအဝင် ၃ ဦးသေဆုံးပြီး ၃ ဦး ပြင်းထန်ဒဏ်ရာရရှိတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) က ဗွီအိုအေကို ပြောပါတယ်။ စစ်ကောင်စီက နေ့စဉ်နဲ့အမျှ ဝေဟင်ကနေ ဗုံးကြဲတိုက်ခိုက်နေတဲ့အတွက် အရပ်သားနဲ့ စစ်ရှောင်ပြည်သူတွေ သေကြေဒဏ်ရာရနေကြရလို့ ဘေးလွတ်ရာကို ထွက်ပြေးနေကြရကြောင်း ရန်ကုန်က သတင်းပေးပို့ထားပါတယ်။

ဒီဇင်ဘာလ ၄ ရက် မနေ့ နေ့လယ် ၂ နာရီလောက်က မိုးဗြဲမြို့ ဧလာကွင်းစစ်ရှောင်စခန်းကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ဗုံးကြဲမှုကြောင့် ကလေးငယ်အပါအဝင် ၃ ဦးသေဆုံးပြီး ၃ ဦး ပြင်းထန်ဒဏ်ရာရရှိကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဗဟိုပြန်ကြားရေး တာဝန်ရှိသူ တာအယ်စိုးက ဗွီအိုအေကို ပြောပါတယ်။

“မနေ့က နေ့လယ် ၂ နာရီလောက်မှာ မိုးဗြဲဘက်မှာရှိတဲ့ ဧလာကွင်း စစ်ရှောင်စခန်းကို စစ်ကောင်စီက ဒရုန်းဗုံးနဲ့ ဗုံးကြဲတိုက်ခိုက်တဲ့ အတွက် ပြည်သူ ၃ ဦးသေဆုံးတယ်ပေါ့နော်။ အမျိုးသားတဦး၊ အမျိုး သမီးတဦးရယ်၊ ကလေးတဦးသေဆုံးတယ်၊ ပြီးတော့ ကလေးငယ် ၃ ဦးထိခိုက်ဒဏ်ရာရပါတယ်။”

အခု ဒရုန်းဗုံးကြဲခံရတဲ့ မိုးဗြဲမြို့ ဧလာကွင်းစစ်ရှောင်စခန်း အနီးတဝိုက်မှာ တိုက်ပွဲဖြစ်တာမရှိဘူးလို့ သိရပါတယ်။အရပ်သားပြည်သူတွေ စုဝေးနေထိုင်ကြတဲ့ စစ်ရှောင်စခန်း ယာယီတဲအိမ်တွေပေါ်ကို စစ်ကောင်စီတပ်က ရည်ရွယ်ချက်ရှိရှိ ဒရုန်းဗုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ကရင်နီ ဒေသခံတွေက ပြောပါတယ်။ ထိခိုက်ပျက်စီးမှုအခြေအနေ အသေးစိတ်ကိုသိရဖို့ ထိခိုက်သွားတဲ့ မိသားစုဝင်တွေကို ဗွီအိုအေက ကြိုးစားဆက်သွယ်နေပါတယ်။

အရပ်သားပြည်သူတွေရဲ့ အသက်ရှင်ခွင့်ကို နေ့စဉ်နဲ့အမျှ စစ်ကောင်စီတပ်က ခြိမ်းခြောက်နေကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ဗဟိုပြန်ကြားရေးတာဝန်ရှိသူ တာအယ်စိုးက ပြောပါတယ်။

“စစ်ရှောင်ပြည်သူတွေကတော့ ဒီလို အသက်ရှင်ဖို့ပေါ့နော်၊ လုံခြုံဖို့အတွက်တောင်မှ ရုန်ကန်နေကြရတယ်ပေါ့နော်။ စစ်ကောင်စီတွေက ဒီပြည်သူတွေရဲ့ အသက်ရှင်နေထိုင်ခွင့်ကို ခြိမ်းခြောက်တဲ့ အနေအထားမှာ ဖြစ်တယ်ပေါ့နော်၊ ကျန်တဲ့စားရေးသောက်ရေးနောက်ပြီးမှ လုံခြုံစွာ နေရေးကိစ္စတွေကတော့ လူတယောက်ရပိုင်ခွင့် အသက်ရှင်ရေးကိစ္စတောင်လုံခြုံမှုကိစ္စတွေတောင် စစ်ကောင်စီက နေ့စဉ်နဲ့အမျှ ခြိမ်းခြောက်နေတာဖြစ်တဲ့အတွက် ပြည်သူတွေ အထူးတလည် ဒုက္ခရောက်နေတာ ဖြစ်ပါတယ်။”

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃ ရက်နေ့က ဖယ်ခုံမြို့နယ် ရီနွဲကျေးရွာအုပ်စု ဆိုင်ခွန်ရွာပေါ် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ၂ ကြိမ်၊ Y-12 ထောက်ပို့လေယာဉ်နဲ့ ၃ ကြိမ် စုစုပေါင်း ၅ ကြိမ် ဗုံးအလုံးရေ ၄၅ လုံး ကြဲချခဲ့ပြီး အရပ်သားတဦးသေဆုံး၊အနည်းဆုံး ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ စစ်ကောင်စီက နေ့စဉ်နဲ့အမျှ ဝေဟင်ကနေ ဗုံးကြဲတိုက်ခိုက်နေတဲ့အတွက် အရပ်သားပြည်သူတွေနဲ့ စစ်ရှောင် ပြည်သူတွေ သေကြေဒဏ်ရာရနေကြရလို့ ဘေးလွတ်ကိုပြေးနေကြရပါတယ်လို့ ကရင်နီ ဒေသခံတွေက ပြောပါတယ်။

ကရင်နီဒေသ ကယားပြည်နယ်တွင်းက တိုက်ပွဲသတင်းတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးသလို-ဒါနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရှိသူ စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်ကို ဗွီအိုအေက တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရသေးပါဘူး။