ရှမ်းပြည်မြောက်ပိုင်း ဆက်သွယ်ရေးလမ်းတွေ ပိတ်ဆို့မှုကြောင့် ဒေသခံတွေအခက်ကြုံ

ယခင်မှတ်တမ်းရုပ်ပုံ | တရုတ်နယ်စပ်အနီး ရှမ်းပြည်နယ် မူဆယ်မြို့ကနေ တရုတ်ပြည်ထဲဝင်ဖို့ စောင့်နေကြတဲ့ ကုန်တင်ကားများ (ဧပြီ ၂၀၊ ၂၀၂၀)

ရှမ်းပြည်မြောက်ပိုင်းမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေနဲ့ ဆက်သွယ်ထားတဲံ အဓိကလမ်းတွေကို စစ်ကောင်စီက မကြာသေးခင်ကစ ဆက်တိုက်ဆိုသလို ကန့်သတ်ပိတ်ဆို့နေတာကြောင့် ဒေသခံတွေ အခက်ကြုံနေရပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက မိုင်းရယ်-လားရှိုး လမ်းကို စစ်ကောင်စီကပိတ်ဆို့ခဲ့ပြီး အခုနောက်ထပ် တောင်ကြီး-မိုင်းကိုင်-လားရှိုးလမ်းကို ပိတ်လိုက်တာကြောင့် စက်သုံးဆီ ရှားပါးမှု အပါအဝင် အခက်အခဲတွေ ကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ သတင်းအပြည့်အစုံ ရန်ကုန်က ပေးပို့ထားပါတယ်။

ကိုးကန့်တပ် (MNDAA) ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက လားရှိုးမြို့နဲ့ တော်လှန်ရေးတပ်တွေ ဝန်းရံထားတဲ့ တရုတ်နယ်စပ်က မူဆယ်မြို့ကို ဆက်သွယ်ထားတဲ့ လမ်းပိုင်းမှန်သမျှကို စစ်ကောင်စီက အခုရက်ပိုင်းထဲမှာ တခုပြီးတခု ဖြတ်တောက်ပိတ်ဆို့နေပါတယ်။ အခု တောင်ကြီး-မိုင်းကိုင်-လားရှိုး ဒီလမ်းကို စစ်ကောင်စီက ပိတ်လိုက်ကြောင်း ကုန်စည်နဲ့ ခရီးသည်ပို့ဆောင်ရေး လုပ်ကိုင်နေသူတဦးက ဗွီအိုအေကို ပြောပါတယ်။

"စစ်တပ်ကပိတ်တာဗျ ဒါပေမဲ့ ကိုးကန့်ကတော့ အဝင်အထွက် ပေးလွတ်တယ်။ ကုန်စည်ရော လူရော သူတို့ကပေးမသွားတာဗျ။ တချို့ကတော့ နယ်ခံလည်းဖြစ်တယ် ကားပေါ်မှာ ခရီးသည် တယောက်၊ နှစ်ယောက်ပဲ ပါတယ်ဆိုရင် ပေးလွှတ်တယ်။ သူတို့က လုံးဝပိတ်ထားတာတော့ လားရှိုးဘက်သွားမယ်ဆိုရင် လုံးဝကို မလွှတ်တာဗျ။ နမ့်လန်ရယ် မိုင်းရယ် ရယ် အဓိက မိန်းလမ်းတွေ အကုန်ပိတ်ထားတာဗျ။ တချို့ကားသမားတွေကတော့ ကွင်းလမ်းတွေကနေ ဖြတ်ဖောက်ပြီးသွားတဲ့ ကားဆရာတွေရှိတယ်၊ ဒါပေမဲ့ စစ်တပ်နဲ့တွေ့တယ်ဆိုရင် နောက်ပြန်လှည့်ခိုင်းတယ်။ ပေးမသွားဘူး လောလောဆယ် သူတို့စစ်ရေးအခြေအနေ အရပေါ့။ တကယ်လို့ စစ်တပ်ဂိတ်တွေနဲ့ မတွေ့ဘဲနဲ့ MNDAA ထိန်းချုပ်တဲ့ နယ်မြေထဲ ရောက်သွားပြီဆိုရင်တော့ MNDAA က သူတို့စစ်စရာရှိတာ စစ်တယ်၊ ဘာမှ မသင်္ကာစရာ မပါဘူးဆိုရင် ပေးလွှတ်တယ်ဗျ။"

မန္တလေး-လားရှိုး ဒါမှမဟုတ် တောင်ကြီး-လားရှိုးကို မဖြစ်မနေသွားရတဲ့ ကားဆိုရင်တောင် ကုန်စည်နဲ့ စက်သုံးဆီအပို တင်ဆောင်ခွင့်တာတွေကို စစ်ကောင်စီက ကန့်သတ်ထားတယ်လို့ မိုင်းကိုင်ဒေသခံတချို့က ဗွီအိုအေကို ပြောပါတယ်။ တချို့လည်း တင်လာတဲ့ပစ္စည်းမှန်သမျှ စစ်ကောင်စီဂိတ်မှာ သိမ်းဆည်းခံရတယ်လို့ ပြောပါတယ်။ အောက်ပိုင်းကနေ စက်သုံးဆီမလာတဲ့အတွက် ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့အများစုမှာ စက်သုံးဆီ အခက်အခဲ ဖြစ်နေပါတယ်။ တရုတ်နယ်စပ်က ဝင်တဲ့ဆီကို ဈေးကြီးပေးဝယ်နေရတယ်လို့ မူဆယ်ဒေသခံတဦးက ပြောပါတယ်။

"ဆီဆိုင်တွေက ဖွင့်တော့ဖွင့်ပေးတယ် ဒါပေမဲ့ တလီတာ ၁သောင်း။ ဓာတ်ဆီရော၊ ဒီဇယ်ရော အကုန်တူတူပါပဲဗျ။ မရောင်းခိုင်းဘူးပေါ့ဗျာ အဲလိုမျိုးပေါ့။ ဒီဇယ်တောင် ပိုပြီးတော့တောင် ရှာရခက်သေးတယ်။ ကားသမာတွေကတော့ သူ့ဟာသူ သိန္ဒီတို့၊ ကွတ်ခိုင်တို့ကနေပဲ ထည့်ခဲ့ကြရတာလေ။"

မန္တလေး-လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီးကတော့ ၁၀၂၇ ဒုတိယပိုင်း စစ်ဆင်ရေးမစခင်၊ လားရှိုးမြို့ကို စစ်ကောင်စီတပ်တွေ လက်မလွတ်ခင်ကတည်းက သွားလာဖို့ ခက်ခဲနေတာဖြစ်ပါတယ်။ ဒီလမ်းကို စစ်ကောင်စီနဲ့ တော်လှန်ရေးအင်အားစုတွေက အပိုင်းလိုက် ထိန်းချုပ်ထားတာဖြစ်ပြီး မကြာခဏဆိုသလို တိုက်ပွဲတွေ ရှိနေတာဖြစ်ပါတယ်။

ရှမ်းမြောက်က နယ်စပ်ဂိတ်တွေမှာ မြန်မာဘက်ပို့မဲ့ ကုန်ပစ္စည်းမှန်သမျှ တရုတ်က ပိတ်ထားတုန်းဖြစ်ပြီး မြန်မာဘက်ကို အိမ်သုံး လျှပ်စစ်ပစ္စည်းအပါအဝင် လုံခြုံရေးသုံးပစ္စည်းနဲ့ အဝတ်အထည်တွေ မသယ်ကြဖို့ တရုတ်ဘက်က အထူးကြပ်မတ်ထားတာ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

ရှမ်းပြည်မြောက်ပိုင်း ဆက်သွယ်ရေးလမ်းတွေ ပိတ်ဆို့မှုကြောင့် ဒေသခံတွေအခက်ကြုံ