[[Zawgyi/Unicode]]
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ UWSP ဝပြည်သွေးစည်းညီညွတ်ရေးပါတီတို့ ဒီကနေ့ မနက်ပိုင်းက နေပြည်တော်မှာ တွေ့ဆုံခဲ့ပြီး UWSP ဘက်က အဓိက ဆွေးနွေးတဲ့အချက်တွေကို မနက်ဖြန်မှ ထုတ်ပြန်ဖို့ ရှိနေပါတယ်။ UWSP က စစ်ကောင်စီ ဥက္ကဋ္ဌနဲ့ လာရောက်တွေ့ဆုံဆွေးနွေးတဲ့အပေါ် ဒါဟာ တိုးတက်မှုတခုဖြစ်ပြီး နှစ်ဘက်ကြား ရှိနေတဲ့ အပစ်အခတ်ရပ်စဲရေးကို ဆက်လက်ထိန်းသိမ်းထားမယ့် အလားအလာဖြစ်ကြောင်းသုံးသပ်တာတွေ ရှိနေပါတယ်။ ရန်ကုန်ကလာတဲ့သတင်းကို ကိုငြိမ်းချမ်းက တင်ပြထားပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ UWSP ဝပြည်သွေးစည်းညီညွတ်ရေးပါတီ ဒုဥက္ကဋ္ဌ ဦးလော့ယာကုတို့ ဦးဆောင်တဲ့ နှစ်ဘက်အဖွဲ့ဟာ ဒီကနေ့ မနက်က နေပြည်တော် ဘုရင်နောင်ရိပ်သာမှာ တွေ့ဆုံခဲ့တာပါ။ ဒီကနေ့တွေ့ဆုံပွဲမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ငြိမ်းချမ်းရေး၊ တိုင်းပြည်တည်ဆောက်ရေး၊ ပညာရေး၊ ကျန်းမာရေးလုပ်ငန်းတွေ ပူးပေါင်းဆောင်ရွက်ရေး စတဲ့အခြေအနေတွေအပြင် ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးရေး၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ကိစ္စရပ်တွေ ဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။
ဒီထုတ်ပြန်ချက်မှာ UWSP ဘက်က ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးရေး၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ကိစ္စရပ်တွေ သဘောတူညီကြောင်းနဲ့ သဘောထားအမြင်တွေကို ပြန်လှန်ဆွေးနွေးခဲ့သလို ဒေသဖွံ့ဖြိုးရေးကိစ္စရပ်တွေ ဆွေးနွေးခဲ့ကြောင်း ဖော်ပြပါတယ်။
UWSP ဘက်ကတော့ သူတို့ ဆွေးနွေးတဲ့အချက်တွေကို မနက်ဖြန်မှ ထုတ်ပြန်သွားမှာဖြစ်ကြောင်း အဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူ လားရှိုးဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်းက VOA ကို ပြောပါတယ်။
“ဒီနေ့ကတော့ ကျနော်တို့တပ်ချုပ်ကြီးနဲ့ တွေ့ဆုံမှုတွေလုပ်ခဲ့တာပေါ့နော်။ အဓိကကတော့။ ထုတ်ပြန်ချက်ကတော့ မနက်ဖြန်လောက်မှ ထုတ်ပြန်မယ်နော်။ ကျနော်တို့ရဲ့ တင်ပြပြောဆိုချက်တွေပေါ့နော်။ အသေးစိတ်ကတော့ မနက်ဖြန်မှပဲ ထွက်လာမယ်လေ နော်။”
ဒီကနေ့ တွေ့ဆုံပွဲမှာ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ စစ်ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည်နဲ့ UWSP က ဒုဥက္ကဋ္ဌ ဦးလော့ယာကု၊ ပြင်ပဆက်ဆံရေး ဒုဌာနကြီးမှူး ဦးပေါက်အိုက်ကော်နဲ့ ပြင်ပဆက်ဆံရေးဌာန လားရှိုးဆက်ဆံရေးတာဝန်ခံ ဦးညီရန်းတို့ တက်ရောက်ဆွေးနွေးခဲ့ကြတာပါ။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က UWSP/ UWSA ဘက်က ကိုယ်စားလှယ်အဖွဲ့မှာ ဝ တပ်ဖွဲ့က ထိပ်ပိုင်းခေါင်းဆောင်တွေ ပါဝင်လာတာ မတွေ့ရကြောင်း ပြောဆိုပြီး ဆွေးနွေးပွဲအပေါ် သူ့အမြင်ကို အခုလို ဆက်ပြောပါတယ်။
“အရင်တုန်းက ဝနယ်ကိုသွားပြီးတော့ ငြိမ်းချမ်းရေးတည်ဆောက်ရေးအဖွဲ့က ဗိုလ်ချုပ် ရာပြည့်တို့ သွားဆွေးနွေးတုံးက သူတို့ ပြောတာကိုပဲ နားထောင်ပြီးတော့ ဘာမှ ပြန်ဆွေးနွေးမှုမရှိဘူးလို့ ပြောသံ ကြားရပါတယ်။ အခု တခေါက်ကတော့ အပြန်အလှန်ဆွေးနွေးမှုတွေ တစုံတရာရှိတယ်ဆိုတဲ့အခါကျတော့ အဲဒါက အရင်တခေါက်ထက်စာရင် ဒီတခေါက်တွေ့ ဆုံပွဲကတော့ တစုံတရာ တိုးတက်လာတဲ့ လက္ခဏာပဲလို့ ကျနော်တို့ တွေ့ရပါတယ်။ ဒီလှုပ်ရှားမှုကနေ ဖော်ပြနေတာက စစ်ကောင်စီနဲ့ UWSA ကြားထဲ စစ်ရေးပဋိက္ခတွေ ဖြစ်ပေါ်တိုးပွားလာစရာ အကြောင်းအချက်အလက် မရှိဘူးဆိုတာ မှန်းဆလို့ ရပါတယ်။ ”
နောက်ရက်တွေမှာတော့ UWSP ကိုယ်စားလှယ်အဖွဲ့ဟာ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီတို့နဲ့ ဆက်လက် ဆွေးနွေးမှာ ဖြစ်ပါတယ်။
UWSP ဝပြည်သွေးစည်းညီညွတ်ရေးပါတီဟာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေထဲမှာ အင်အား အကြီးမားဆုံးအဖွဲ့ဖြစ်ပြီး NCA အပစ်ရပ်စာချုပ်ကို လက်မှတ် မရေးထိုးထားတဲ့ အဖွဲ့လည်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရက်တွေကတော့ စစ်ကောင်စီဥက္ကဋ္ဌဟာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS၊ မွန်ပြည်သစ်ပါတီ NMSP နဲ့ ကရင် ငြိမ်းချမ်းရေးကောင်စီ KNU/KNLA-PC တို့ တွေ့ဆုံထားပါတယ်။
စစ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ကြားရာမှာ NCA အပစ်ရပ်အဖွဲ့က ၇ ဖွဲ့နဲ့ အပစ်မရပ်တဲ့အဖွဲ့ ၃ ဖွဲ့တို့က လက်ခံထားပါတယ်။
ဒီဖိတ်ကြားချက်ကို တိုင်းရင်းသားလက်နက်ကိုင်အင်အားကြီးအဖွဲ့တွေဖြစ်တဲ့ ကရင် KNU၊ ကချင် KIO တို့နဲ့အတူ ကရင်နီ KNPP၊ ချင်းCNF၊ ကျောင်းသားတပ်မတော် ABSDF တို့က လက်မခံကြောင်း ထုတ်ပြန်ခဲ့သလို တအန်း(ပလောင်) TNLA၊ ကိုးကန့် MNDAA နဲ့ ရခိုင် AA အဖွဲ့တို့လည်း ပါဝင်တက်ရောက်တာ မရှိပါဘူး။
ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ အမျိုးသားညီညွှတ်ရေး အတိုင်ပင်ခံကောင်စီ နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ PDF တွေကို မဖိတ်ကြားတဲ့အပေါ်မှာတော့ ဝေဖန်တာတွေ ရှိနေပါတယ်။
Your browser doesn’t support HTML5
==============
[[Unicode]]
စဈကောငျစီအကွီးအကဲနဲ့ UWSP ဒုဥက်ကဋ်ဌ တှေ့
==============