ဆော်ဒီအာရေဗျ နိုင်ငံက မူစလင်တွေအထွဋ် အမြတ်ထားတဲ့ မက်ကာမြို့မှာ ဗုဒ္ဓဟူးနေ့က မြန်မာနိုင်ငံသား တဦးဖြစ်တဲ့ Elias Abulkalaam Jamaleddeen ကို လူသတ်မှု၊ ခိုးယူမှုနဲ့ မုဒိန်းကျင့်ဖို့ ကြိုးစားမှုတွေနဲ့ စွဲချက်တင်ပြီး ခေါင်းဖြတ်ကွပ်မျက် လိုက်ပါတယ်။ ဆော်ဒီဘုရင် Salman bin Abdulaziz Al Saud၊ အယူခံ တရားရုံးနဲ့ အထက်တရားရုံးတော်တို့ရဲ့ သဘောတူညီချက်အရ အခုလို ကွပ်မျက်တာ ဖြစ်ကြောင်း ဆော်ဒီ SPA သတင်းမှာ ဖေါ်ပြထားပါတယ်။
Jamaleddeen ဟာ မြန်မာအမျိုးသမီး တဦးရဲ့ နေအိမ်ထဲကို ဝင်ပြီး သေနတ်နဲ့ ပစ်ခတ်ခဲ့သလို အိမ်ရှင်ကို ဓါးနဲ့ ထိုးသတ်ပစ်တဲ့အပြင် အိမ်ကိုပါ ဓါးမြတိုက်ခဲ့မှုနဲ့ စွဲချက်အတင် ခံခဲ့ရတာပါ။ ဒါ့အပြင် သူဟာ နောက်တအိမ်မှာလည်း ဓါးမြတိုက်မှု၊ မုဒိန်းကျင့်ဖို့ ကြိုးစားမှု၊ လက်နက်နဲ့ ခဲယမ်းမီးကျောက်တွေ ခိုးယူမှုတွေနဲ့ သူ့ကို စွဲချက်တင်ခဲ့တာ ဖြစ်ပါတယ်။
ဆော်ဒီအာရေဗျ နိုင်ငံဟာ ကွပ်မျက်မှု အများဆုံးလုပ်လေ့ရှိတဲ့ နိုင်ငံတနိုင်ငံဖြစ်နေပေမယ့် အပစ်ပေးတဲ့ အခါမှာ ခေါင်းဖြတ်ပြီး ခေါင်းပြတ်နေတဲ့ ရုပ်အလောင်းကို လက်နှစ်ဖက်ဆန့်ထားပြီး လူထုမြင်အောင် ပြသတဲ့ ကွပ်မျက်မှုမျိုးနဲ့ အပစ်ပေးတာ ရှားပါတယ်။ အခု ကွပ်မျက်မှုမှာ ခေါင်းဖြတ်တဲ့ အပြင် အခုလို လူထုမြင်အောင် ပြသပြီး အပစ်ပေးခဲ့တာပါ။
ဇူလိုင်လထဲမှာပဲ ဆော်ဒီအာရေဗျ နိုင်ငံမှာ အကျဉ်းသား အများအပြားကို လူသတ်မှုနဲ့ မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်မှုတွေနဲ့ သေဒဏ် အပစ်ပေးခဲ့ပါတယ်။
ဥရောပ ဆောင်ဒီ လူ့အခွင့်ရေးအဖွဲ့ ESO HR ကတော့ ဆော်ဒီအာရေဗျ နိုင်ငံမှာ ၂၀၁၈ ပထမ လေးလပတ်အတွင်းမှာပဲ ခေါင်းဖြတ် ကွပ်မျက် ခံရသူ အရေအတွက်ဟာ ပြီးခဲ့တဲ့ နှစ်ကထက်စာရင် ၇၀ % တိုးလာတယ်လို့ ဧပြီလထဲမှာ ပြောပါတယ်။
Your browser doesn’t support HTML5
ဆော်ဒီအာရေဗျ မှာ မြန်မာတဦး ကွပ်မျက်ခံရ