ဆော်ဒီအိမ်ရှေ့မင်းသား ကွယ်လွန်

ဆော်ဒီအိမ်ရှေ့မင်းသား ကွယ်လွန်

ဆော်ဒီအာရေဗျနိုင်ငံရဲ့ အိမ်ရှေ့မင်းသား ဆူလ်တန် ဘင် အက်ဘ်ဒူလ်အဇစ် (Sultan bin Abdul-Aziz) ဟာ အသက် ၈၀ ကျော်အရွယ်မှာ ကွယ်လွန်သွားပါတယ်။ သူဘာရောဂါနဲ့ ကွယ်လွန်သွားတယ် ဆိုတာကို ထုတ်ဖော်ပြောခြင်း မရှိပါဘူး။ အိမ်ရှေ့မင်းသား ပြည်ပမှာ ကွယ်လွန်သွားတယ် ဆိုတာကို ဆော်ဒီ မီဒီယာတွေမှာ ဒီကနေ့ သတင်းထုတ်ပြန် ကြေညာခဲ့ပါတယ်။

သူဟာ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ ဆေးကုသမှုခံနေရင်း သေဆုံးသွားတာလို့ အနောက်တိုင်း သတင်းတွေက ပြောကြပါတယ်။ ဘုရင်စနစ်အုပ်ချုပ်တဲ့ ဆော်ဒီအာရေဗျမှာ အိမ်ရှေ့မင်းသား ဆူလ်တန်ဟာ လက်ရှိဘုရင် အက်ဘ်ဒူလာရဲ့ အဖေတူအမေကွဲဖြစ်ပြီး သြဇာအညောင်းဆုံး ပုဂ္ဂိုလ်တယောက်လည်း ဖြစ်ခဲ့ပါတယ်။

၂၀၁၀ ခုနှစ်တုန်းကဆိုရင် ဘုရင် အက်ဘ်ဒူလာ နယူးယောက်မြို့မှာလာပြီး ဆေးကုသမှုခံချိန်မှာ သူက နိုင်ငံကို ယာယီအုပ်ချုပ်ခဲ့တာဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်တုန်းကလည်း အိမ်ရှေ့မင်းသား ဆူလ်တန်ဟာ ထုတ်ဖော်မပြောတဲ့ ရောဂါအတွက် အမေရိကန်မှာ လာရောက် ဆေးကုသခံခဲ့ပါတယ်။ ဒီလို ဆေး သွားမကုခင်မှာတော့ သူ့မှာ ကင်ဆာရောဂါ ရှိနေပြီလို့ စမ်းသပ်တွေ့ရှိခဲ့ပါတယ်။

ဆော်ဒီအာရေဗျရဲ့ ကာကွယ်ရေးနဲ့ လေကြောင်းဆိုင်ရာ ဝန်ကြီးတာဝန်ကို ၁၉၆၃ ခုနှစ်ကတည်းက ယူခဲ့ပါတယ်။ အိမ်ရှေ့မင်းသားဟာ နိုင်ငံရဲ့တပ်မတော်ကို ခေတ်မှီတပ်မတော်ဖြစ်အောင် တည်ထောင်ခဲ့သူ ဖြစ်တယ်လို့ အမေရိကန်မှာရှိတဲ့ ဆော်ဒီ သံရုံးကဆိုပါတယ်။

အိမ်ရှေ့မင်းသားရဲ့ အသုဘအခမ်းအနားကို ရီးယက် (Riyadh) မြို့မှာ အင်္ဂါနေ့ကျရင် ပြုလုပ်မယ်လို့ ဆော်ဒီသတင်းတွေမှာ ထုတ်ပြန်ထားပါတယ်။ အိမ်ရှေ့မင်းသား ဆူလ်တန် ကွယ်လွန်သွားတဲ့အတွက် အိမ်ရှေ့မင်းသားအသစ် ဘယ်သူဖြစ်မယ်ဆိုတာကို သက်ဆိုင်ရာက ကြေညာခြင်း မရှိသေးပေမဲ့ လက်ရှိပြည်ထဲရေးဝန်ကြီး မင်းသား နေရက်ဖ် (Nayef) ဖြစ်လာနိုင်ခြေ များပါတယ်။

ကွယ်လွန်သူ အိမ်ရှေ့မင်းသားဟာ ခိုင်မာတဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး အမေရိကန်ပြည်ထောင်စုရဲ့ နှစ်ရှည်လများကတည်းက မိတ်ဆွေကောင်း ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) ကပြောပါတယ်။