ကာဗွန်ပိုစုပ်ယူမယ့် အပင်သုတေသန

Joseph Noel

ကမ္ဘာကြီးပူနွေးလာပြီး ဥတုရာသီကို အကြီးအကျယ် ပြောင်းလဲလာစေတဲ့ ကာဗွန်ဒိုင်အောက်ဆိုက် - ဖန်လုံအိမ်ဓါတ်ငွေ့ ထုတ်လွှတ်မှု ကို အတတ်နိုင်ဆုံး လျှော့ချကြဖို့ သိပ္ပံပညာရှင်တွေက တိုက်တွန်းနေကြချိန်မှာ ကယ်လီဖိုးနီးယား ပြည်နယ် Salk သိပ္ပံ က သုတေသန ပညာရှင်တွေကတော့ လေထဲမှာ များလာနေတဲ့ ဒီကာဗွန်တွေကို ပိုပြီးဖမ်းယူပေးနိုင်မယ့် အပင်တွေ ရလာအောင် ကြိုးစားနေတဲ့ အကြောင်း ဒီတပတ်မှာ ပြောပြပေးမှာပါ။

Your browser doesn’t support HTML5

ကာဗွန်ပိုစုပ်ယူမယ့် အပင်သုတေသန

ဝင်ရိုးစွန်းတွေမှာ ဖုံးလွှမ်းနေတဲ့ ရေခဲစိုင်တွေ အရည်ပျော်နှုန်းမြန်လာတယ် ဆိုတဲ့ သုတေသန တွေ့ရှိချက်တွေ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာနေသလို ပင်လယ်ရေမျက်နှာပြင်တွေ မြင့်တက်လာတယ် ဆိုတာကိုလည်း လက်တွေ မြင်လာနေရပါပြီ။ ဒါ့ကြောင့် ကမ္ဘာကြီး ပူနွေးလာတာနဲ့ ဥတုရာသီ ပြောင်းလဲမှု ဆိုင်ရာ ပြဿနာကို ပေါ့ပေါ့ဆဆ မတွက်ကြဖို့ သိပ္ပံပညာရှင်တွေက သတိပေးနေကြတာပါ။

ဒီအခါမှာ ကမ္ဘာကြီးကို ပူနွေးလာစေတဲ့ ဖန်လုံအိမ် ဓါတ်ငွေ့ထုတ်လွှတ်မှုတွေကို ဘယ်လို လျော့ကျအောင်လုပ်မယ် ဝိုင်းဝန်းစဉ်းစား လာကြပါတယ်။ လောင်စာဆီသုံးစွဲတာလို ညစ်ညမ်းတဲ့ ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှု များစေတဲ့နည်းနဲ့ စွမ်းအင်လိုအပ်ချက်ကို ဖြေရှင်းဖို့ ကြိုးစားမယ့်အစား ရေအား၊ လေအားနဲ့ နေစွမ်းအားတွေ ဖြစ်တဲ့ ပြန်ပြည့်မြဲ စွမ်းအင်ကို သုံးကြဖို့ ဦးစားပေး လုပ်ဆောင်လာကြ ပါတယ်။

ဒီလို ဖြေရှင်းဖို့ ကြိုးစားမှုတွေထဲမှာ ကယ်လီဖိုးနီးယား ပြည်နယ် San Diego က La Jolla မှာ ရှိတဲ့ ဇီဝဗေဒ ပညာရပ်ဆိုင်ရာ လေ့လာမှုတွေ လုပ်နေတဲ့ Salk သိပ္ပံ က သုတေသန ပညာရှင်တွေရဲ့ လုပ်ဆောင်မှုကတော့ ထူးခြားနေပါတယ်။ သူတို့က ကမ္ဘာကြီးပူနွေးစေတဲ့ ကာဗွန်တွေကို စုပ်ယူထားနိုင်တဲ့ အပင်တွေကို အခုထက် ပိုပြီး ကာဗွန်တွေ စုပ်ယူ နိုင်အောင်သာမက ဒီကာဗွန်တွေ လေထုထဲ ပြန်ပြီး ရောက်မသွားအောင် ဒီအပင်တွေကပဲ နှစ်ပေါင်းများစွာ သိမ်းနိုင်အောင် ဘယ်လိုလုပ်နိုင်မယ် ဆိုတာကို စဉ်းစားပြီး သုတေသနတွေ လုပ်နေကြတာပါ။

အပင်တွေရဲ့ photosynthesis ဖြစ်စဉ်မှာ အပင်ဟာ နေရောင်ခြည် စွမ်းအင်ကို သုံးပြီး လေထဲက ကာဗွန်ဒိုင်အောက်ဆိုက်တွေကို စုပ်ယူ စားသုံးပါတယ်။ သူတို့က ဒါကို ရေနဲ့ ပေါင်းပြီး သူတို့်ရဲ့ကြီးထွားမှုအတွက် သကြားဓါတ်ကို ဖန်တီးတာပါ။ ဒီဖြစ်စဉ်မှာ သူတို့က အောက်ဆီဂျင်ကို ထုတ်ပေးသလို သူတို့ရဲ့ တစ်ရှုးတွေ ထဲမှာတော့ ကာဗွန်ကို သိမ်းထားပါတယ်။ ဒီလို ကာဗွန်ကို သိမ်းဆည်းတာကို သူတို့ရဲ့ အမြစ်တွေမှာပါ လုပ်ဆောင်တာဖြစ်ပြီး ဒီအမြစ်ကနေ တဖြေးဖြေးပြန်ထုတ်ပေးပြီး အပင်ကို ကြီးထွားလာစေပါတယ်။ အပင် သေသွားရင်တော့ ကာဗွန်တွေပါ ကြေပျက်သွားပေမယ့် တချို့ ကာဗွန်တွေက မြေဆီလွှာထဲမှာ ကျန်နေတတ်ပါတယ်။

ဒီဖြစ်စဉ်ကို Salk ဇီဝဆိုင်ရာ သုတေသနဌာနက သိပ္ပံပညာရှင်တွေက စိတ်ဝင်တစားနဲ့ အသုံးချဖို့ လုပ်လာတာပါ။ သူတို့က ဒီကာဗွန်တွေကို မြေဆီလွှာ ထဲမှာ အချိန်အတော်ကြာ သိုမှီးထားနိုင်တဲ့ ပုံစံမျိုးနဲ့ ရလာစေအောင် အပင်တွေက ထုတ်ပေးနိုင်မယ့် သုတေသန အစီအစဉ်တွေ လုပ်ဖို့ စဉ်းစားကြပါတယ်။

ဒီသုတေသန အစီအစဉ်တွေကို ကြီးကြပ်သူက Salk သိပ္ပံက ပါမောက္ခ Joseph Noel ပါ။ သူ ငယ်ငယ် ၁၉၇၀ နှစ်တွေတုန်းက သစ်ပင်ကရတဲ့ သဘာဝ ဖေါ့ဘူးဆို့တွေကို မြေဆွေးလုပ်ဖု့ိ သုံးခဲ့တာကို သတိတရ ရှိရာကနေ အခုလို ကမ္ဘာကြီး ပူနွေးမှုကို တိုက်ဖျက်ဖို့ လုပ်ရာမှာ သုံးဖို့ စိတ်ကူးရခဲ့တယ်လို့ ပြောပါတယ်။

“ကျနော်က ငယ်ငယ်လေး ကတည်းက စိုက်ပျိုးရေးကို သိပ်ဝါသနာပါပြီး Pennsylvania ပြည်နယ် အနောက်ပိုင်းဒေသမှာ ကြီးပြင်းလာတာပါ။ နွေရောက်တိုင်း ကျနော့်အဖွားကရော အဖွားရဲ့ အမေကပါ စားပင်တွေဘယ်လို စိုက်ရတယ်ဆိုတာကို သင်ပေးပါတယ်။ အဲဒီကတည်းက မြေဆွေးရအောင် ဘယ်လိုလုပ်ရတယ် ဆိုတာကို ကောင်းကောင်း သိခဲ့တာပါ။ အဲဒီတုန်းက မှတ်မိပါသေးတယ်၊ ကျနော့် မိဘတွေနဲ့ သူတို့ မိတ်ဆွေတွေ ဝိုင်သောက်တဲ့ အခါတိုင်း ဝိုင်ပုလင်းပိတ်တဲ့ ဖေါ့ဆို့လေးတွေကို ကျနော်က ကောက်ပြီး မြေဆွေးပုံထဲ ထည့်ပါတယ်။ ဒီဖေါ့ဆို့တွေက သစ်ပင်က ရတယ်ဆိုတော့ သဘာဝမြေဆွေးဖြစ်နိုင်တယ် ဆိုတာ ကျနော် သိတယ်လေ။ သစ်သားတွေလိုပဲ ဆွေးသွားမယ်လို့ ကျနော်ထင်ခဲ့လို့ပါ။ ဒါပေမယ့် သူတို့က ဘယ်တော့မှ ဆွေးမသွားဘူး။ အပင်တွေကို သုတေသန လုပ်ဖို့ စ စဉ်းစားတဲ့အခါမှာတော့ အဲဒါကို ကျနော်က သွားသတိရတယ်။”

သဘာဝပေါက်တဲ့ သစ်ပင်ကနေ ထုတ်ယူတဲ့ ဒီဖေါ့ဘူးဆို့လေးတွေမှာ စူဘာရင် (suberin) လို့ခေါ်တဲ့ ဓါတ် အတော်များများပါ နေပါတယ်။ ဆူဘာရင်က ရေဖေါက်ပြီး ထွက်မသွားနိုင်တဲ့ ဖယောင်းလို ပစ္စည်းပါ။ ဒီဓါတ်တမျိုးကို သစ်ပင်အများစုမှာ တွေ့ရပြီး သူတို့ဟာ အပင်ရဲ့ အမြစ်တွေ ဆွေးမြေ့ပျက်စီးမသွားအောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

ဆူဘာရင်ရဲ့ ဒီလို ဂုဏ်သတ္တိကို သုံးပြီး သစ်ပင်တွေကနေ ကာဗွန်ကို မြေအောက်မှာ သိမ်းထားနိုင်ရေးအတွက် အသုံးချနိုင်ဖို့ လုပ်နေကြတာပါ။ ဒီလို လုပ်နိုင်မယ် ဆိုရင် ကမ္ဘာကြီး ပူနွေးအောင် လုပ်နေတဲ့ ကာဗွန်တွေကို ထိမ်းထားနိုင်မယ်လို့ တွက်ဆနိုင်ပါတယ်။ အခုလို ကာဗွန်တွေကို မြေလွှာထဲမှာ ထိမ်းထားတာဟာ မြေဆီလွှာ အတွက်ပါ အကျိုးရှိပြီး အပင်တွေ ရှင်သန်တဲ့ ဝန်းကျင်အတွက်ပါ ကောင်းလာစေနိုင်တယ်လို့လည်း ပါမောက္ခ Noel ကပြောပါတယ်။

"တချို့အပင်ထဲက ကာဗွန်တွေဟာ မြေဆီလွှာထဲမှာ ကျန်ခဲ့တဲ့ အတွက် အဲဒီ မြေဆီလွှာထဲမှာ ကာဗွန်တွေ ကြွယ်ဝလာတာကို တွေ့ရပါတယ်။ အပင်တွေလည်း ပိုကောင်းကောင်း ကြီးထွားလာတယ်။ ဒါကြောင့် တောင်သူ လယ်သမားတွေရဲ့ စိုက်ကွင်းတွေမှာ ဖြစ်စေ ဂေဟစံနစ်ထဲမှာ ဖြစ်စေ မြေဆီလွှာထဲမှာ ကာဗွန်ပါဝင်နှုံးက ပိုများလာပြီး သဘာဝ ပတ်ဝန်းကျင်ကို ပိုကျန်းမာလာစေပါတယ်။”

အခုလို အားလုံးအတွက် အကျိုးရှိစေမယ့် ဝန်းကျင်ကို ဖန်တီးနိုင်ဖို့ အပင်တွေမှာ ဆူဘာရင် ဓါတ်တွေ ပိုပြီး ထုတ်လာနိုင်အောင် လုပ်ဖို့ လိုပါတယ်။ ဒါ့ကြောင့် အပင်တွေ ဘယ်လိုနည်းနဲ့ ဆူဘာရင် ပိုထုတ်လာအောင် လုပ်နိုင်မယ် ဆိုတာကို သုတေသန လုပ်နေကြတာပါ။

Salk သိပ္ပံက သုတေသန ဓါတ်ခွဲခန်းတွေမှာ ကမ္ဘာပေါ်က ဒေသအမျိုးမျိုး မှာ ရှိတတ်တဲ့ ရာသီဥတုမျိုးတွေကို ဖန်တီးထားပါတယ်။ အဲဒီဒေသ အဲဒီက ရာသီဥတုနဲ့ ကိုက်ညီမယ့် အပင်မျိုးကို စိုက်ပျိုးပြီး စမ်းသပ် နေတာပါ။ ဒီ စမ်းသပ်မှုတွေဟာ အသေးစိတ်လုပ်ရတာမို့ အချိန်အတော်ပေးရသလို အင်အားလည်း အတော်စိုက်ထုတ်ရပါတယ်။

ဒါပေမယ့် သူတို့ဌာနမှာ သုတေသနအဖွဲ့သားတွေ တလကျော်ကျော် လုပ်ရမယ့် အလုပ်မျိုးကို တရက်ထဲနဲ့ လုပ်ပေးနိုင်တဲ့ သုတေသန စက်ရုပ် တရုပ်လည်း ရှိပါတယ်။

လောလောဆယ်မှာတော့ ကာဗွန်တွေကို သိုမှီးထားနိုင်တဲ့ ကောက်ပဲ သီးနှံပင်တွေ ရအောင် တီထွင်ရာမှာ သမရိုးကျ မျိုးပွါးတဲ့ နည်းကိုပဲ သုံးပြီး စမ်းသပ်နေတာပါ။ ဒါပေမယ့် တနေ့ကျရင်တော့ သုတေသန လုပ်ငန်းပိုပြီး မြန်ဆန်လာစေဖို့ မျိုးဗီဇအင်ဂျင်နီယာ နည်းပညာကို သုံးဖို့ ဖြစ်လာနိုင်ပါတယ်။

လက်ရှိစမ်းသပ်မှုတွေ အတွက် ကန့်သတ်ထားတာမျိုး သိပ်မရှိဘူးလို့ Salk သိပ္ပံက သုတေသနပညာရှင် တဦးဖြစ်တဲ့ တွဲဘက် ပါမောက္ခ Wolfgang Busch က ပြောပါတယ်။

"ကျနော်တို့ရဲ့ စီမံကိန်းမှာတော့ ကန့်သတ်ထားတာ သိပ်မရှိပါဘူး ယျေဘူယျ ပြောမယ်ဆိုရင် နည်းလမ်းအားလုံးကို သုံးနိုင်ပါတယ်။ အခု ကျနော်တို့က စူဘာရင် (suberin) ဓါတ် ပိုများလာအောင် သဘာဝ အလျှောက်ရတဲ့ မျိုးထဲမှာ ရှိတဲ့ သဘာဝမျိုးဗီဇ ကို သုံးပြီး စမ်းသပ်တဲ့အတွက် မျိုးဗီဇအင်ဂျင်နီယာ နည်းကို သုံးဖို့တော့ သိပ်မလိုပါဘူး။ ဒါပေမယ့် ဒီ မျိုးဗီဇအင်ဂျင်နီယာ နည်းပညာကို သုံးရင်တော့ အခု စမ်းသပ် နေတာထက် ပိုပြီး မြန်နိုင်မှာပါ။ ဒါဟာ စိတ်ဝင်စားစရာကောင်းပါတယ်။ တကယ်လို့ ကျနော်တို့ လုပ်နေတဲ့ သမရိုးကျ မျိုးဗီဇ ရအောင် လုပ်ယူပြီး စမ်းသပ်တာကို မစောင့်နိုင်လောက်အောင် ကမ္ဘာ့ရာသီဥတု ပြောင်းလာတာက ဒီ့ထက် ပိုပြီး မြန်လာမယ် ဆိုရင်တော့ တမျိုးပေါ့။”

သူတို့ရဲ့ စမ်းသပ်မှုတွေကနေ လာမယ့် ၅ နှစ်လောက်မှာ ဆိုရင် လေထုထဲက ကာဗွန်ဒိုင်အောက်ဆိုက် ပါဝင်နှုံး အဆင့်ကို လျှော့ချရာမှာ အသုံးချနိုင်တဲ့ အပင်တွေကို ဒေသ အမျိုးမျိုးအတွက် ထုတ်ပေး နိုင်တော့မယ်လို့ လည်း ပြောပါတယ်။

တချိန်ထဲမှာပဲ ဥရောပကနေ အမေရိကန် ကမ်းရိုးတန်းတွေကို ရောက်လာပြီး ဒေသခံ အပင်တွေနေရာမှာ ဝင်ရောက်ကြီးစိုးနေတဲ့ အပင်တွေကို လေ့လာရာကနေ တံမြက်စီးလုပ်တဲ့ မြက်မျိုးနဲ့ တူတဲ့ ဖရက် မိုက်တီးစ် Phragmites လို့ခေါ်တဲ့ မြက်တမျိုးဟာ ကာဗွန်ကို သာမန်အပင်တွေထက် စုပ်ယူပေးနိုင်တယ် ဆိုတာ တွေ့ခဲ့ရတယ်လို့ Smithsoniaan သဘာဝ ဝန်းကျင်ဆိုင်ရာ သုတေသနဌာန က ဇီဝဗေဒပညာရှင် Christina Simkanin ကပြောပါတယ်။

“ဒေသပေါက်ပင်မဟုတ်တဲ့ တချို့ အပင်တွေဟာ ကာဗွန်ကို ပိုပြီး စုပ်ယူပေးနိုင်တာ တွေ့ရပါတယ်။ ဥပမာဆိုရင် ဖရက်မိုက်တီးစ် Phragmites ဆိုတဲ့ အပင်မျိုးပါ။ သူတို့ဟာ ကြီးထွားဖို့ မြန်သလို မြန်မြန်လည်း ပြန့်ပွါးပါတယ်။”

ကမ်းရိုးတန်းတွေမှာ ပေါက်ရောက်လေ့ရှိတဲ့ လမုပင်တွေ ရှိရာ ဒီရောက်တောတွေဟာလည်း ကမ္ဘာပေါ်မှာ ကာဗွန်အကြွယ်ဝ ဆုံး မြေဆီလွှာမျိုးဖြစ်ပါတယ်။ ဒီလမုတောတွေ ပျက်စီးမှုဟာ လေထုထဲကို ရောက်သွားမယ့် ကာဗွန်ဒိုင်အောက်ဆိုက်တွေ ကို စားသုံးသူ သေကြေတာနဲ့ တူညီတဲ့ အတွက် ကမ္ဘာ့ရာသီဥတု အပြောင်းအလဲကို ပိုဖြစ်စေတယ် ဆိုတာ တင်ပြရင်း ဒီသီတင်းပတ်အတွက် သိပ္ပံနဲ့ နည်းပညာ ကဏ္ဍကို ဒီမှာပဲ ရပ်နားလိုက်ပါရစေ။