အမေရိကန် သံအမတ်ကြီးသစ် ခန့်အပ်လွှာပေးအပ်

မြန်မာသမ္မတ ဦးထင်ကျော်ထံမြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Scot Marciel က ခန့်အပ်လွှာပေးအပ်

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Scot Marciel က ဒီကနေ့မှာပဲ သံအမတ်ခန့်အပ်လွှာကို မြန်မာသမ္မတ ဦးထင်ကျော်ထံ အခန်းအနားနဲ့ ပေးအပ်လိုက်ပါသည်။

အမေရိကန်သမ္မတနဲ့ အစိုးရတို့ရဲ့ တရားဝင်ကိုယ်စားလှယ် ဖြစ်လာတဲ့ သံအမတ်ကြီး အနေနဲ့ မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တွေအပေါ် ချီးကျုးစကား ပြောကြားခဲ့ကြောင်းလည်း အမေရိကန်သံရုံး တာဝန်ခံအရာရှိက ဗွီအိုအေကို ပြောပါတယ်။

ဦးထင်ကျော် ကို သမ္မတအဖြစ်ရွေးချယ်တင်မြှောက် ခံရတဲ့အတွက် သံအမတ်ကြီး မာစီရယ်လ် က ချီးကျူးဂုဏ်ပြုစကား ပြောကြားခဲ့သလို၊ မတ်လ ၃၀ ရက်က နိုင်ငံတော်သမ္မတ ရာထူးတာဝန် စတင်ထမ်းဆောင်တာဟာ မြန်မာပြည်သူတွေ၊ အင်စတီကျူးရှင်းတွေ၊ ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းရေးအတွက် အတူတကွ လုပ်ကိုင် ဆောင်ရွက်ခဲ့ကြတဲ့ ခေါင်းဆောင်တွေရဲ့ ကြိုးပမ်းမှု သက်သေ ဖြစ်တဲ့အကြောင်း သမ္မတ ဘရက်ခ်အိုဘားမားရဲ့ ကြေညာချက်ကိုလည်း ထပ်လောင်းပြောဆိုခဲ့တဲ့အကြောင်း အမေရိကန်သံရုံး တာဝန်ရှိသူက ပြောဆိုခဲ့တာပါ။

မြန်မာနိုင်ငံ ငြိမ်းချမ်းရေး၊ သာယာဝပြောရေးနဲ့ ဒီမိုကရေစီရေး ကြိုးပမ်းမှုတွေမှာလည်း အစိုးရသစ်နဲ့ လက်တွဲဆောင်ရွက်သွားမယ့် အမေရိကန်ပြည်ထောင်စုရဲ့ ကတိကဝတ်ကိုလည်း အလေးထား ပြောကြားခဲ့တယ်လို့ ပြောဆိုခဲ့တာပါ။ သံအမတ်ကြီး Marciel ဟာ အမေရိကန်နိုင်ငံခြားရေးဌာန၊ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာဗျူရိုမှာ အကြီးတန်း လက်ထောက် နိုင်ငံခြားရေးဝန်ကြီးအဖြစ် ၂၀၁၃ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အထိ တာဝန် ထမ်းဆောင်ခဲ့သူ တဦးဖြစ်ပါတယ်။ ဒီမတိုင်ခင်မှာလည်း အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ သံအမတ်ကြီး၊ အရှေ့တောင်အာရှဒေသနဲ့ ဆက်ဆံရာမှာ အဓိကတာဝန်ယူူရတဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာဗျူရိုရဲ့ ဒုတိယ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး၊ အာဆီယံရေးရာ သံအမတ်ကြီး စတဲ့တာဝန်တွေကို ထမ်းဆောင်ခဲ့ဖူးတဲ့ ဝါရင့်သံတမန်တဦးလည်း ဖြစ်ပါတယ်။