SEA Games မှာ ဆူပူသူတချို့ ခေတ္တထိန်းသိမ်းပြီး ပြန်လွှတ်

၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ SEA Games ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ မြန်မာနိုင်ငံက အမျိုးသား ဘောလုံးအသင်း မနေ့က ရှုံးနိမ့်ခဲ့ပြီးနောက် ဖြစ်ပွားခဲ့တဲ့ ဆူပူမှုတွေမှာ ပါဝင်သူ တချို့ကို ခေတ္တထိန်းသိမ်းပြီး အခုနောက်ဆုံး ပြန်လွှတ်ပေးလိုက်ပါတယ်။ အကြမ်းဖက် ဖျက်ဆီးမှုတွေ ဖြစ်ခဲ့ရတဲ့အထိ ပေါ်ပေါက်ခဲ့တဲ့ မြန်မာအသင်း နည်းပြဖြစ်သူကတော့ ရှုံးနိမ့်ခဲ့ရတဲ့အပေါ် တာဝန်ရှိတဲ့အကြောင်း တောင်းပန်စကား ပြောကြားခဲ့တာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန်က ဆက်ပြောပြပါမယ်။

အမျိုးသား ဘောလုံးပွဲစဉ်မှာ မြန်မာအသင်းက အင်ဒိုနီးရှားကို ၁ ဂိုး - ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့အတွက် အမျက်ဒေါသထွက်ပြီး ကစားကွင်းထဲက ထိုင်ခုံတွေကို ဖျက်ဆီး၊ အနီးအနားက ဆိုင်းဘုတ်တွေ၊ အဝတ်အစားတွေကို မီးရှို့တာတွေလို ဆူပူမှုတွေ လုပ်ခဲ့သူတွေကို တာဝန်ရှိတဲ့အတိုင်း အရေးယူမှာ ဖြစ်တယ်လို့ မြန်မာသမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးကပြောပါတယ်။ အကြမ်းဖက်မှုတွေအတွက် သက်ဆိုင်ရာ ရဲတပ်ဖွဲ့နဲ့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူတွေ ဆက်လက် ကိုင်တွယ် ဆောင်ရွက်မှာ ဖြစ်တယ်လို့လည်း ပြောဆိုခဲ့တာပါ။

“အဲဒါကတော့ တိုင်းဒေသကြီး အစိုးရပေါ့နော်၊ သူတို့ဆက်ပြီး လုပ်ပါလိမ့်မယ်။ နောက်တချက်က ဦးဇော်ဇော် တို့ ဘာတို့ အဲဒီလိုမျိုး ကျန်တဲ့လူတွေနဲ့ သူတို့လုပ်ပါလိမ့်မယ်။ ဆိုလိုတာက တရားဥပဒေ စိုးမိုးရေးအရ ဆိုရင်တော့ မဖြစ်သင့်ဘူးပေါ့နော်။ ဒါပေမဲ့ ဒီလူတွေရဲ့ ခံစားချက်ကိုတော့ စာနာနားလည် ပေးလို့တော့ ရပါတယ်။ သို့သော်လည်းပဲ တိုင်းဒေသကြီး အစိုးရအနေနဲ့ သူ့ရဲ့ ဆောင်ရွက်ရမယ့် ဝတ္တရားအရ သူဆောင်ရွက်သင့်တာလည်း ဆောင်ရွက်ပါလိမ့်မယ်။”

တနင်္လာနေ့က သုဝဏ္ဏအားကစားကွင်း အနီးတဝိုက်က စတင်လိုက်တဲ့ ဆူပူမှုတွေကိုတော့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက မီးသတ်ပိုက်တွေ အသုံးပြု ရှင်းလင်းခဲ့တာပါ။ အဓိကရုဏ်းနဲ့ ဆက်နွယ်ပြီး အခုအချိန်အထိ အနည်းဆုံး လူ ၉ ဦးကို ဖမ်းဆီးထားတဲ့ အကြောင်းလည်း အခင်းဖြစ်ပွားရာ သင်္ကန်းကျွန်း ရဲစခန်းကို ဆက်သွယ်မေးမြန်းရာမှာ တာဝန်ရှိသူ တဦးက အခုလို ဖြေကြားခဲ့ပါတယ်။

“သူတို့တော့ ဒီမှာတော့ လာပြီးတော့ ပြောသွားပါတယ်။ နောက်နောင် ဒီလိုမလုပ်ဖို့ပေါ့၊ ပြောဆိုဆုံးမ လူကြီးတွေနဲ့ တာဝန်ရှိသူတွေက အဲဒီလိုပေါ့”

မေး။ ။ ဟုတ်ကဲ့ အခု သူတို့ကို အာမခံနဲ့ ပေးလိုက်ပြီလားရှင်။
ဖြေ။ ။ “ဟုတ်ပါတယ်ခင်ဗျ၊ ဟုတ်ပါတယ်။”

မေး။ ။ အာမခံက အဓိက ဦးဇော်ဇော်ကနေ အာမခံပေးပြီးတော့မှ ထုတ်ပေးလိုက်တာလား။
ဖြေ။ ။ “မဟုတ်ပါဘူး၊ အဲဒီလို မဟုတ်ပါဘူး။”

မေး။ ။ ဟုတ်ကဲ့ ဘယ်လို ပုံစံမျိုးပါလဲရှင်။
ဖြေ။ ။ “သူတို့က အဲဒီမှာ နောင်ဒီလို မလုပ်ဖို့ ခေါ်ယူဆုံးမ ပြောဆိုတာပေါ့။ တာဝန်ရှိလူကြီးတွေက၊ ဦးဇော်ဇော်တို့ရော ကျန်တဲ့ တာဝန်ရှိတဲ့ အကြီးအကဲတွေပေါ့။”

မေး။ ။ ဟုတ်ကဲ့၊ အဲတော့ သူတို့ တယောက်မှ မရှိတော့ဘူးပေါ့နော်၊ သင်္ကန်းကျွန်း ရဲစခန်းမှာ။
ဖြေ။ ။ “ဟုတ်ပါတယ်ဗျာ။ ဟုတ်ကဲ့ပါ။”

အင်ဒိုနီးရှားအသင်းကို ရှုံးခဲ့တဲ့အတွက် ဆီမီးဖိုင်နယ် အဆင့်အထိ မတက်နိုင်ဘဲ ဖြစ်ခဲ့ရတဲ့အပေါ်မှာ မြန်မာပရိတ်သတ်တွေ ဒေါသထွက်ခဲ့ကြတာပါ။ မြန်မာအသင်းရဲ့ နည်းပြဖြစ်သူ ကိုရီးယား နိုင်ငံသား ပက်ဆောင်ဟွာ Park Seong-hwa ကတော့ ရှုံးနိမ့်ခဲ့တဲ့အပေါ်မှာ တောင်းပန်စကား ပြောဆိုခဲ့သလို၊ ပွဲအပြီး ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲ အတွင်းမှာလည်း ကစားနည်းစနစ်တွေကို ကျကျနန နားမလည်ခဲ့တဲ့အကြောင်း စကားပြန်ကတဆင့် ဝန်ခံခဲ့တာပါ။

“သူက ဒီပွဲရဲ့ Rules ကို သိပ်ပြီးတော့ မသိလိုက်ဘူးတဲ့။ သူက ဒီဂိုးနဲ့တွက်ပြီးတော့၊ ဂိုးပေးရတဲ့ အမှတ်နဲ့ တွက်ပြီးတော့ သတ်မှတ်တယ်လို့ အဲဒီလိုထင်တယ်ပေါ့နော်။ ကျနော်တို့ ၃ ဂိုး ပေးရရင်တောင်မှ တက်မယ်လို့ သူက အဲဒီလိုပဲ သိထားတာတဲ့။”

မြန်မာသမ္မတရုံး တာဝန်ရှိသူ ဦးဇော်ဌေးကတော့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အနေနဲ့ SEA Games ရဲ့ စည်းမျဉ်းဥပဒေတွေကို ရှင်းပြထားပြီး ဖြစ်တဲ့အတွက် အသင်းအုပ်ချုပ်သူ အနေနဲ့ မသိခဲ့ဘူး ဆိုတာဟာ မြန်မာဘောလုံးအဖွဲ့ချုပ်နဲ့ ကိုရီးယားနည်းပြတို့ကြား ပူးပေါင်းဆောင်ရွက်မှု အားနည်းမှုကို ပြသလိုက်ရာ
ရောက်တယ်လို့ ပြောဆိုလိုက်ပါတယ်။

“ရှင်းရှင်းပြောရရင်ဗျာ ကိုရီးယား နည်းပြအနေနဲ့ အနိမ့်ဆုံးတော့ နားလည်သင့်တယ်။ ဒါကိုလည်း ဘောလုံးပွဲ ကျနော်တို့ အုပ်စုပွဲတွေပေါ့နော်၊ နိုင်ငံတွေ အုပ်စုတွေ ခွဲတဲ့အချိန်မှာ အာဆီယံ အဖွဲ့တွေက ဒီစည်းမျဉ်းစည်းကမ်းတွေ ရှင်းပြပြီးသားဖြစ်တယ်။ အဲဒီတော့ နည်းပြနဲ့ Myanmar Football Federation ကြားမှာ ပူးပေါင်းဆောင်ရွက်မှု ဒါလေးတွေ လိုတယ်လို့တော့ ယူဆပါတယ်။”

အင်္ဂါနေ့အထိ SEA Games အားကစားပွဲ ပွဲစဉ်တွေ နောက်ဆုံး ရလဒ်တွေ အရကတော့ ထိုင်းနိုင်ငံက ရွှေ ၆၄ ခု၊ ငွေ ၅၅ ခု၊ ကြေး ၅၄ ခုနဲ့ ပထမနေရာ ယူထားပါတယ်။ ဗီယက်နမ်နိုင်ငံကတော့ ရွှေ ၄၈ ခု၊ ငွေ ၄၃ ခု၊ ကြေး ၅၂ ခုနဲ့ ဒုတိယနေရာယူထားပြီး၊ အင်ဒိုနီးရှားက ရွှေတံဆိပ် ၄၅ ခု၊ ငွေ ၅၆ ခု၊ ကြေး ၅၆ ခု နဲ့ တတိယနေရာ ယူထားပြီး၊ အိမ်ရှင်မြန်မာနိုင်ငံကတော့ ရွှေတံဆိပ် ၄၂ ခု၊ ငွေတံဆိပ် ၃၉ ခု၊ ကြေးတံဆိပ် ၄၆ ခုနဲ့ စတုတ္ထနေရာကို ရောက်သွားပြီ ဖြစ် ပါတယ်။