မြန်မာနဲ့ နျူကလီယား အသုံးပြုမှု အခြေအနေ

မြန်မာနိုင်ငံမှာ နျူကလီယားနဲ့ ပတ်သက်တဲ့ လုပ်ငန်းစဉ်တွေ လုပ်နေတဲ့အတွက် စိုးရိမ်တကြီးနဲ့ ပြောဆိုနေကြတာမို့ လက်ရှိမှာ ဘာတွေလုပ်နေတယ်ဆိုတာကို သိရအောင် စစ်တက္ကသိုလ် အငြိမ်းစားပါမောက္ခ တဦလည်းဖြစ်၊ လက်ရှိ Myanmar Academy of Technology နည်းပညာကျောင်း အကြီးအကဲတာဝန်လည်း ထမ်းဆောင်နေတဲ့ နျူကလီယား အင်ဂျင်နီယာ ဒေါက်တာ ဦးသိန်းဦးဖိုးစောကို ဒေါ်ခင်မျိုးသက်က ဆက်သွယ် မေးမြန်း တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ နျူကလီယားနဲ့ ပတ်သက်ပြီး လုပ်ဆောင်နေတာတွေအတွက် စိုးရိမ်ပူပန်တဲ့ သူတွေ ရှိနေပါတယ်။ ဒီလိုစိုးရိမ်ရလောက်အောင် အနေထားရှိပါလား ဆရာ။

"မရှိပါဘူး။ မရှိဘူး။ နျူကလီယားနဲ့ ပတ်သက်လို့ ဘာအလုပ်မှ လုပ်နေတာ မရှိဘူး။ လုပ်သမျှ နျူကလီယား အင်နာဂျီ (စွမ်းအင်)ဟာ non power peaceful usage ငြိမ်းငြိမ်း ချမ်းချမ်း လုပ်ငန်း သက်သက်ပဲသုံးတယ်။ သုံးတဲ့ လုပ်တဲ့နေရာမှာလည်း အကုန်လုံးဟာ IAEA အဏုမြူစွမ်းအင် အေဂျင်စီရဲ့ လက်အောက်မှာပဲသုံးတယ်။ ဆရာတို့ နိုင်ငံ ဆရာတို့ ဖာသာ ဒီပြင်ကိစ္စနဲ့ ဘာမှ မလုပ်ဘူး။ ဆရာတို့ နိုင်ငံသည် ဆရာကိုယ်တိုင်ပဲ NPT Non Proliferation Treaty လက်နက်မပြန့်ပွားရေး စာချုပ်ကိုလည်း လက်မှတ်ထိုးခဲ့တယ်။ အဲဒါအပြင် ၉၃ ခုနှစ်မှာ ဆရာကိုယ်တိုင် initiation စလုပ်ပြီးတော့ RCA လို့ခေါ်တဲ့ Regional Corporation Agreement ဆိုတာရှိတယ်။ အာရှ ၁၄ နိုင်ငံနဲ့ ပေါင်းပြီးလုပ်တယ်။ ဒီ၂ ခု IA EA နဲ့ RCA နဲ့ပဲပေါင်းပြီး လုပ်တာ ပဲရှိတယ်။
နျူကလီယားနဲ့ လုပ်တာ အားလုံးဟာ- နျူကလီယားရေဒီယို အိုင်ဆိုတုပ်တွေကို ဆေးလောက medicine မှာသုံးတယ်။ စိုက်ပျိုးရေး agriculture မှာသုံးတယ်။ စက်မှု industry မှာသုံးတယ်။ ပညာရေး education မှာသုံးတယ်။ အကုန်လုံး academic ပဲ။"

ဟုတ်ကဲ့ပါ ဆရာ၊ ဆရာက နျူကလီယားနဲ့ ပတ်သက်ပြီးတော့ နိုင်ငံခြားမှာ အင်ဂျင်နီယာဘွဲ့ ယူလာတယ်။ ပြီးတော့ မြန်မာနိုင်ငံမှာ ပထမဦးဆုံး နျူကလီယားလုပ်ငန်းအတွက် ထူထောင်တယ်လို့ သိရပါတယ်။ ဆိုတော့ မြန်မာနိုင်ငံမှာ နျူကလီယားနဲ့ ပတ်သက်ပြီး ဘာတွေ အစပျိုးခဲ့တယ် ဆိုတာ ရှင်းပြပေးပါဆရာ။

"မြန်မာနိုင်ငံမှာ အစတုန်းက ၁၉၆၇ လောက်ကတည်းက IA EA နဲ့။ ဆရာက နျူကလီယား နဲ့ပတ်သက်လို့ ၁၉၆၄ ကတည်းက ဆရာစပြီးတော့ atomic energy sector အဏုမြူစွမ်းအင် ဆိုပြီးတော့ စလုပ်ခဲ့တယ်။ အဲဒီလို စလုပ် ခဲ့ပြီးတော့ ဒီ နိုင်ငံတကာ International Organizations အဖွဲ့အစည်းတွေနဲ့ ဒီ IA EA မပေါ်ခင်ကတည်းကိုက ပထမ၊ ဒုတိယ ဂျနီဗာ ကွန်ဖရင့်တွေ Geneva Conference of Peaceful Usage of Atomic Energy အဏုမြူ စွမ်းအင်ငြိမ်းချမ်းစွာ အသုံးချရေးညီလာခံတွေကို စပြီးဆရာတို့တက်ခဲ့တယ်။ နောက် IAEA ပေါ်လာတဲ့အခါ ကျတော့ IA EA ရဲ့ Founding Member တည်ထောင်တဲ့ အဖွဲ့ဝင်နိုင်ငံ ဖြစ်တယ်။ IAEA နဲ့လုပ်လာခဲ့ပေမယ့် နိုင်ငံရဲ့ အကြောင်းအမျိုးမျိုးကြောင့် ဆရာတို့ အတော်လေးပြတ်သွားတယ်။

နောက် ၁၉၉၃ ခုနှစ်ကျမှ ဆရာက မြန်မာနိုင်ငံရဲ့ Atomic Energy အဏုမြူစွမ်းအင်ကော်မတီမှာ အတွင်းရေးမှူး လုပ်ခဲ့တာ။ အဲဒီအခါမှာ IAEA နဲ့ ပြန်ဆက်တယ်။ နောက် RCA ကိုဝင်တယ်။ ဆရာတို့ RCA ကိုဝင်တဲ့ ဥစ္စာဟာ သူများတွေထက် ၂၂ နှစ်လောက် နောက်ကျတယ်။ စဝင်တဲ့ ၁၉၉၃ မှာ better late than never မဝင်တာနဲ့ စာရင် နောက်ကျပေမယ့် တော်သေးတယ် ဆိုပြီးတော့ ဝင်ခဲ့တယ်။ မြန်မာနိုင်ငံအတွက် အကူအညီတွေ ယူခဲ့တယ်။ ဒီနျူကလီယား စွမ်းအင်ကို သုံးနိုင်ဖို့။ အဲဒီအကူအညီတွေမှာ အဓိကကတော့ medicine ဆေးအတွက်ပဲ။"

ဟုတ်ကဲ့ဆရာ။ ဒီဆေးလောကအတွက် nuclear medicine လို့ခေါ်တဲ့ ရေဒီယို သတ္တိကြွ ပစ္စည်းတွေ သုံးပြီး ကုတာကို မြန်မာနိုင်ငံမှာ ဘယ်လိုသုံးနေတယ်ဆိုတာ ပြောပြပေးပါဆရာ။

"ကျနော်တို့ နိုင်ငံမှာ ဆေးအတွက် ဆိုလို့ရှိရင် ကင်ဆာကုသတဲ့ နေရာမှာ၊ နောက်တခုက radiation ဓာတ် ရောင်ခြည်သုံး ကုသနည်းမှာ ကိုဘော့ (Cobalt 60) ကိုသုံးပြီး radiography ဆေးကုသမှုတွေ လုပ်တယ်။ နောက် radio isotope ဖြစ်တဲ့ iodine 131 လို ဟာမျိုးကိုသုံးပြီးတော့ လည်ပင်းရောဂါတို့၊ အသည်းအစားထိုးတဲ့ နေရာမှာတို့ သုံးတယ်။ ဒီလိုဆေးလောကမှာ သုံးသလို ပညာရေး education မှာ ဆိုရင်တော့ academic and science သိပံဆိုင်ရာ သင်ကြားမှု၊ ပို့ချမှုတွေ လုပ်တယ်။ Nuclear Physics နဲ့ Nuclear Engineering အနည်း အကျဉ်းပေါ့လေ။ ဆရာတို့ဆီမှာ ဘာမှ ပစ္စည်းပစ္စယ မရှိတဲ့ အတွက်ကြောင့် နျူ ကလီယား အင်ဂျင်နီယာကတော့ သဘောလောက် သီအိုရီလောက်ပဲ သင်လို့ရတယ်။"

ဒါကပညာရေးနဲ့ ဆေးလောကမှာသုံးတာပေါ့နော်။ ဆရာပြောတဲ့ စိုက်ပျိုးရေးတို့ စက်မှုတို့ နောက် တခြား နေရာတွေမှာ ဘယ်လိုပုံစံမျိုးနဲ့ သုံးတာလဲဆရာ ရှင်းပြပေးပါ။

"Agriculture စိုက်ပျိုးရေးမှာ ဆိုလို့ ရှိရင် fertilizer uptake ဓာတ်မြေသြဇာ ဘယ်လောက် အတိုင်းအတာထိ ယူသလဲ။ စပါးတို့၊ ပြောင်းတို့၊ နှမ်းတို့ ဘယ်လောက်ယူသလဲ။ ဒီလို ဓာတ်မြေသြဇာသုံးတဲ့နေရာမှာ efficiently ထိထိရောက်ရောက် သုံးဖို့အတွက် residue ဘယ်လောက် ကျန်ရစ်ခဲ့သလဲ၊ ဘာလို့လဲဆိုတော့ အဲဒါကို အရမ်းသုံးလို့ရှိရင် ကျန်ရစ်ခဲ့ တာတွေက လူကို ဥပါဒ်ပေးနိုင်တယ်။ နောက် ချောင်းတွေ မြောင်းတွေထဲ ပါသွားပြီးတော့ သားငါးတွေကိုပါ ဒုက္ခပေးနိုင်တယ်။

နောက်တခါ Mutation breeding စပါးမျိုးသစ် ရအောင်လုပ်တာတို့၊ radio isotope ကို သုံးပြီးတော့ အဲဒါမျိုး စိုက်ပျိုးရေးမှာသုံးတယ်။ industry စက်မှုမှာ ဆိုလို့ရှိရင်လည်း ဆရာတို့ လုပ်ပေးခဲ့တဲ့ထဲမှာ non destructive testing လို့ခေါ်တယ်။ ပစ္စည်းတွေမှာ machine တွေမှာ ဘယ်လောက် ပျက်စီးနေတယ် ဆိုတာကို စမ်းသပ်တဲ့ နေရာတွေမှာသုံးတယ်။ သင်္ဘောကျင်း မှာ၊ လေယာဉ်ကွင်းမှာ၊ လေယာဉ်ပျံတွေမှာ၊ နောက်တခုကလည်း ရေနံပိုက်လိုင်းတွေမှာ welding ဂဟေဆော်ထားတာတွေ ကောင်းသလား။

နောက် Structure အဆောက်အဦးတွေမှာ ခိုင်ခန့်မှု ရှိလားဆိုတာ non destructive testing မှာ သုံးတယ်။ အဲဒါအပြင် မြစ်တွေ၊ ချောင်းတွေမှာ ရေစီးနှုန်း၊ ရေတိုက်စားမှုနှုန်း ဘယ်လောက် ရှိတယ်ဆိုတာကို ရေဒီယို အိုင်ဆိုတုပ်ကို သုံးပြီးတော့ တိုင်းတာခဲ့တယ်။ နောက် တခု ကလည်း ရေနံရှာဖွေတဲ့နေရာမှာလည်း ရေဒီယို အိုင်ဆိုတုပ်ကိုသုံးပြီးတော့ကာ ရေနံရှိမရှိ၊ ဘယ်လောက်မှာ ရှိမယ် ဆိုတာကို စမ်းသပ်တယ်။"

ဒီဆေးဘက်၊ စိုက်ပျိုးရေး၊ ပညာရေး၊ စက်မှုနဲ့ တခြားကျန်းမာရေးဆိုင်ရာတွေမှာ သုံးတဲ့ အခါ မြန်မာနိုင်ငံမှာ ဘယ်အတိုင်းအတာအထိ တွင်တွင်ကျယ်ကျယ် သုံးနေနိုင်ပါပြီလဲ ဆရာ။

"တွင်တွင်ကျယ်ကျယ်တော့ မသုံးနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ ဆရာတို့ ဆီမှာပစ္စည်းမရှိဘူး။ စက်မရှိဘူး။ ဆရာတို့မှာ လုပ်နိုင်တဲ့ဥစ္စာက ရန်ကုန်ရယ်၊ မန္တလေးရယ်၊ တောင်ကြီးရယ်၊ အဲဒီ နေရာ ၃ ခုလောက်မှာပဲ၊ ရေဒီယို အိုင်ဆိုတုပ်သုံး radiography ကိုသုံးနိုင်တယ်။ ဘာမှ သိပ်များများးစားစား သုံးလို့ရတဲ့ ပစ္စည်းမရှိဘူး။"

စိုက်ပျိုးရေးမှာရော ဆရာ။

"အဲ စိုက်ပျိုးရေးမှာလည်း၊ အဲဒီလိုပဲ၊ ရေဒီယို အိုင်ဆိုတုပ်ကလေး သုံးလို့ရတာ ကြို့ကုန်းလို စိုက်ပျိုးရေး သူတေသနဌာနမှာ။ အဲဒီ တဌာနမှာပဲရှိတယ်။ ဘယ်မှာမှ မရှိဘူး။"

စက်မှုလက်မှုမှာရော။

"စက်မှုကျတော့လည်း ရန်ကုန်ပဲ ရှိတယ် ဘယ်မှာမှ မရှိဘူး။ ရန်ကုန်မှာကျတော့ကာ ဆရာတို့ အရင်တုန်းက ဟိုးလွန်ခဲ့တဲ့ ၅၀ နှစ်တွေက ယူဘာရီလို့ခေါ်တယ်။ Union Of Burma Research ခေါ်တယ်။ အမေရိကန်နိုင်ငံက အားမားတက္ကသိုလ်က လာပြီးထောင်ပေးသွားတာ။ အဲဒါ ဆရာတို့ စလုပ်ခဲ့တာ။ တော်လှန်ရေးကောင်စီတက်တဲ့ အချိန်လောက်မှာ CRO ဆိုတဲ့ Central Research Organization ဖြစ်လာတယ်။ အခုနောက်ပိုင်း ကျတော့ကာ အဲဒါကို MSTRD Myanmar Science and Technology Research Department မြန်မာသိပွံနဲ့ နည်းပညာ သုတေသနဌာန ဆိုပြီးတော့။ အဲဒီမှာ အရင်တုန်းကတော့ Atomic Energy ကို ဌာနခွဲလေး တခုပဲရှိတယ်။ အခုတော့ သူ့ကို သပ်သပ်ခွဲလိုက်တယ်။ အဲဒီမှာ အဓိကလုပ်တာ ဘာလဲဆိုလို့ ရှိရင် radiation section၊ အဲဒါလည်း IAEA နဲ့ တွဲလုပ်တာပဲ။"

တကယ်လို့ နိုင်ငံခြားကနေပြီးတော့ စက်ပစ္စည်းတွေအရ အကူအညီတွေ ပေးမယ်ဆိုရင် ကျွမ်းကျွမ်းကျင်ကျင်နဲ့ ကိုင်တွယ်နိုင်မယ့်သူတွေ ရှိပါလား ဆရာ။

"မရှိဘူး။ အဲဒီမှာ နျူကလီယားအင်ဂျင်နီယာ ဆိုလို့ မြန်မာနိုင်ငံမှာ ဆရာတယောက်ပဲ ရှိတယ်။ အကူအညီပေးမယ် ဆိုရင်သိပ်ကောင်းတာပေါ့။"

ဆိုတော့ ဒီမြန်မာနိုင်ငံမှာ ဒီအကူအညီတွေ အများကြီး လိုနေတယ်ဆိုတဲ့ သဘောပေါ့နော်။

"လိုတာပေါ့။ သိပ်လိုတာပေါ့။ ဒါပေမယ့် နှောင်ကြိုးမဲ့အကူညီ တွေ ပေးမယ် ဆိုရင် သိပ် လက်ခံချင်ပါတယ်။"

မြန်မာနိုင်ငံမှာ လှိုင်ခေါင်းတွေ၊ မြေအောက် Tunnel တွေ ဖောက်နေတာဟာ နျူကလီယား ဆိုင်ရာပစ္စည်းတွေ ထုတ်လုပ်ဖို့ အတွက် လျှို့ဝှက်ပြီးတော့ ကြံစည်နေတာလို့ ပြောကြတော့ ဒါနဲ့ ပတ်သက်ပြီးတော့ ဆရာ့အမြင်သိပါရစေ။

"အဲဒါက ကောလာဟဠပါ။ တကယ်က လှိုင်တွေ ဖောက်တယ်ဆိုတာက ရေအားလျှပ်စစ်တို့၊ တံတားတို့အတွက် လှိုင်တွေဖောက်တာဖြစ်တယ်။ အဲ may be shelter အတွက် လုပ်တာလည်းဖြစ်နိုင်တယ်။ ဒါပေမယ့် နျူကလီယား စက်ပစ္စည်းတွေအတွက် ထုတ်ဖို့ဆိုတာက ၁ အချက်က ကျနော်တို့နိုင်ငံမှာ ဓနအင်အားလည်း မရှိဘူူး။ လူလည်း မရှိဘူး။ မေးတုန်း နောက် တခု ဆရာ ပြောလိုက်မယ်။

သံသယထဲမှာ တခုရှိ နေတာ။ ရုရှားနိုင်ငံကနေ လာကူပေးနေတယ်ဆိုတာ။ နောက် လူတွေ က မြောက်ကိုရီးယား က လာကူပေးနေတယ်ပြောတာ။ အလကားပြောတာ။ ဘယ်သူကမှ ဘာမှ မပေးဘူး။ အဲတော့ ရုရှားကလည်း ဘာမှ မပေးဘူး။ သူတို့ ဆီမှာ ပညာသွားသင်တဲ့ ကလေးတွေ ရှိတယ်။ ဘာမှလည်း တတ်မလာဘူး။ ဘာမှလည်း မပေးလိုက်ဘူ။ အဲတော့ မလုပ်နိုင်ပါဘူး။ အမှန်တော့။ အဲဒါတွေက ကောလာဟဠတွေပါ။"

ဒေါက်တာ ဦးသိန်းဦးဖိုးစောပါ။ နောက်တပတ်မှာတော့ မြန်မာနိုင်ငံထဲက ယူရေနီယံလို ရေဒီယို သတ္တိကြွ သတ္ထုတွေအကြောင်း ဆက်တင်ပြပေးဖို့ ရှိပါတယ်။