၀န်ကြီး Tillerson မြန်မာနိုင်ငံသွားမည်

ဂျီနီဗာရှိ အမေရိကန်သံဝန်ထမ်းများကို စကားပြောနေသည့် နိုင်ငံခြားရေးဝန်ကြီး Rex Tillerson။ အောက်တိုဘာ ၂၆၊ ၂၀၁၇။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ဟာ နိုဝင်ဘာလလယ်မှာ မြန်မာနိုင်ငံကို သွားရောက်မယ့်အကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနက နိုဝင်ဘာလ ၂ ရက်၊ ကြာသပတေးနေ့ရက်စွဲနဲ့ ထုတ်ပြန်ချက်တခုမှာ ဖော်ပြထားပါတယ်။

နေပြည်တော်ကို နိုဝင်ဘာလ ၁၅ ရက်နေ့မှာ ရောက်လာမယ့် ဝန်ကြီး Tillerson ဟာ မြန်မာအစိုးရအဖွဲ့ ထိပ်တန်းခေါင်းဆောင် တွေ၊ အကြီးတန်းတာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး ရခိုင်ပြည်နယ်က လူသားဘေးဒုက္ခဆိုင်ရာ အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်း ရေး လုပ်ဆောင်ချက်တွေ၊ မြန်မာနိုင်ငံ ဒီမိုကရေစီအသွင်ကူးပြောင်းရေးအပေါ် အမေရိကန်ရဲ့ ပံ့ပိုးကူညီမှုနဲ့ပတ်သက်ပြီး ဆွေးနွေး မယ်လို့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

ဝန်ကြီး Tillerson ရဲ့ အခုခရီးစဉ်ဟာ သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ် အစိုးရအဖွဲ့ တက်လာပြီးနောက်ပိုင်း အမေရိကန်အစိုးရအဖွဲ့ ထဲက မြန်မာနိုင်ငံကိုလာရောက်တဲ့ အဆင့်အမြင့်ဆုံးတာဝန်ရှိသူရဲ့ခရီးစဉ် ဖြစ်ပါလိမ့်မယ်။

ရခိုင်ပြည်နယ်မှာ အကြမ်းဖက်အခြေအနေတွေဖြစ်ပြီး ဒုက္ခသည်တွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက် ထွက်ပြေးရပြီးနောက်ပိုင်း စက်တင်ဘာလ ၁၉ ရက်နေ့မှာ ဝန်ကြီး Tillerson က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို တယ်လီဖုန်းနဲ့ ဆက်သွယ်ပြီး စကားပြောခဲ့ပါတယ်။

ဒါ့အပြင် လွန်ခဲ့တဲ့သီတင်းတပတ် အောက်တိုဘာလ ၂၆ ရက်နေ့ကလဲ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တယ်လီဖုန်းနဲ့ဆက်သွယ်ပြီး ရခိုင်ပြည်နယ်က အခြေအနေတွေအပေါ် စိုးရိမ်တဲ့အကြောင်းနဲ့ ရခိုင်ပြည်နယ်မှာ အကြမ်းဖက်အခြေအနေတွေ အဆုံးသတ်ရေး အစိုးရရဲ့ လုပ်ဆောင်ချက်တွေကို လုံခြုံရေးတပ်ဖွဲ့တွေဘက်က ပံ့ပိုးကူညီဖို့ တိုက်တွန်းခဲ့ပါသေးတယ်။

ဝန်ကြီး Tillerson ဟာ သမ္မတထရမ့်ပ်နဲ့အတူ ဂျပန်၊ တောင်ကိုရီးယား၊ တရုတ်၊ ဗီယက်နမ်နဲ့ ဖိလစ်ပိုင်ခရီးစဉ် တွေမှာ အတူလိုက်ပါပြီးတဲ့နောက် မြန်မာနိုင်ငံကို ခရီးဆက်မှာဖြစ်ပါတယ်။