၂၀၁၅ ကန်အစိုးရအသုံးစရိတ် အထက်လွှတ်တော် အတည်ပြု

နယူးယောက် ဒီမိုကရက် အထက်လွှတ်တော်အမတ် Chuck Schumer

အမေရိကန်ပြည်ထောင်စုမှာ အစိုးရအသုံးစရိတ်အတွက် ဒေါ်လာ ၁.၁ တြီလီယံ ဘတ်ဂျက်ကို ဆီးနိတ်အထက်လွှတ်တော်က အတည်ပြုပေးခဲ့ပါတယ်။ ရက်နဲ့ချီ နိုင်ငံရေးအရ ကစားကွက်တွေ၊ ပြည်ထောင်စုအစိုးရရဲ့ လုပ်ငန်းလည်ပတ်မှုတွေရပ်ဆိုင်းသွားနိုင်တဲ့ ခြိမ်းခြောက်မှုတွေရှိခဲ့ပြီးနောက်မှာ စနေနေ့ညက ၂၀၁၅ ဘတ်ဂျက်အသုံးစရိတ်ကို အထက်လွှတ်တော်မှာ ထောက်ခံမဲ ၅၆ မဲ၊ ကန့်ကွက်မဲ ၄၀ နဲ့ အတည်ပြုနိုင်ခဲ့တာဖြစ်ပါတယ်။

လွှတ်တော်မှာ အတည်ပြုနိုင်ခဲ့တဲ့ ဘတ်ဂျက်ဥပဒေကြမ်းကို အိမ်ဖြူတော်ကို ပို့မှာဖြစ်ပြီး သူ့ဆီရောက်လာရင် ဥပဒေဖြစ်အောင် လက်မှတ်ထိုးပေးမှာ ဖြစ်တယ်လို့ သမ္မတအိုဘားမားက ပြောခဲ့ပါတယ်။

အခုအတည်ပြုလိုက်တဲ့ ဘတ်ဂျက်က ၂၀၁၅ စက်တင်ဘာလအထိ အစိုးရလုပ်ငန်း အားလုံးနီးပါး အတွက် အသုံးစရိတ်ရမှာဖြစ်ပေမယ့် အမိမြေလုံခြုံရေး ဆိုင်ရာ အသုံးစရိတ်ကတော့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့အထိပဲ ရမှာဖြစ်ပါတယ်။ အမေရိကန်ထဲ တရားမဝင် ဝင်ရောက်နေထိုင်နေသူ သန်းနဲ့ချီကို နေရပ်ပြန်မပို့ဖို့၊ သမ္မတအခွင့်အာဏာနဲ့ ဆုံးဖြတ်ခဲ့တဲ့ လူဝင်မှုကြီးကြပ်ရေး မူဝါဒကို အဲဒီအချိန်ကျရင် သမ္မတ နောက်ပြန်ဆုတ်အောင် ဖိအားပေးနိုင်ဖို့ Republican တွေဖက်က ရည်ရွယ်လုပ်တာလည်း ဖြစ်ပါတယ်။

ဘတ်ဂျက် ဥပဒေကြမ်းထဲမှာ သူမကြိုက်တဲ့ကန့်သတ်ချက်တွေပါဝင်ပေမယ့် ကျန်းမာရေးစောင့်ရှောက်မှု၊ ရာသီဥတုပြောင်းလဲမှု၊ ကလေးငယ်တွေအတွက်
ပညာရေးနဲ့ အလုပ်အကိုင်တိုးတက်ရေးတွေအတွက် ရှေ့တိုးနိုင်မယ်လို့ အာမခံထားတဲ့ အချက်တွေလည်း ပါဝင်ပါတယ်လို့ သမ္မတ အိုဘားမားက
ပြောကြားခဲ့ပါတယ်။ ၂၀၁၅ ဘတ်ဂျက်ဥပဒေကြမ်းကို အောက်လွှတ်တော်မှာတော့ ကြာသပတေးနေ့က အတည်ပြုခဲ့ပါတယ်ရှင်။