ကွဲကွာနေတဲ့တောင် နဲ့ မြောက် ကိုရီးယား မိသားစုတွေ တွေ့ဆုံ

နှစ်ပေါင်းခြောက်ဆယ်အကြာမှ ပြန်ဆုံတဲ့ ညီအစ်ကိုနှစ်ဦး။ (ဖေဖော်ဝါရီ ၂၀၊ ၁၄)

ကိုရီးယားစစ်ပွဲကြောင့် လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ က ကွဲကွာခဲ့ကြတဲ့ အသက်အရွယ်ကြီးရင့်ပြီဖြစ်တဲ့ တောင်ကိုရီးယားနိုင်ငံသားတချို့ နဲ့ မြောက်ကိုရီးယားမှာ ရှိနေတဲ့ သူတို့ရဲ့ မိသားစုဝင်တွေ ပထမဆုံးအကြိမ်အဖြစ် ဒီကနေ့ ပြန်လည် တွေ့ဆုံခွင့် ရခဲ့ပါတယ်။ မြောက်ကိုရီးယား နိုင်ငံရဲ့ ရှုခင်းသာနေရာတခုဖြစ်တဲ့ အရှေ့ဘက်ကမ်းရိုးတန်းက Mount Kumgang အပန်းဖြေစခန်းမှာ တောင်ကိုရီးယား ၈၂ ယောက် နဲ့ မြောက်ကိုရီးယား ၁၈၀ တို့ စိတ်လှုပ်ရှားစရာ တွေ့ဆုံခဲ့ကြတာပါ။ အစောင့်အကြပ်တွေ တင်းတင်းကျပ်ကျပ် ချထားတဲ့ ဒီ တွေ့ဆုံပွဲမှာ မိသားစုတွေ ဆွေမျိုးတွေ အချင်းချင်း မျက်ရည်တွေအပြည်နဲ့ ပွေ့ဖက် နှုတ်ဆက်ခဲ့ကြပြီး၊ မိသားစုဓာတ်ပုံတွေနဲ့ လက်ဆောင်တွေ အပြန်အလှန် ဖလှယ်ခဲ့ကြပါတယ်။

တချို့ ဆွေမျိုးတွေဆိုရင် ခုတကြိမ်ဟာ တသက်မှာ ပထမဆုံးအကြိမ် တွေ့ဖူးကြခြင်း ဖြစ်ပါတယ်။ ဒီလို မိသားစုတွေ ပြန်လည် တွေ့ဆုံမှုတွေဟာ ၂၀၁၀ ခုနှစ်ကတည်းကစပြီး ရပ်တန့်နေခဲ့တာပါ။ ခုချိန်ထိ ပဋိပက္ခတွေ ရှိနေတဲ့ တောင်နဲ့ မြောက် ကိုရီးယား နှစ်နိုင်ငံကြား တင်းမာမှုတွေ တိုးလာတဲ့ အတွက်ကြောင့်လည်း မိသားစုတွေ ပြန်လည် ပေါင်းစည်းခွင့် ထိခိုက်ခဲ့ရတာဖြစ်ပါတယ်။

တောင်ကိုရီးယား အနေနဲ့ အမေရိကန်ပြည်ထောင်စုနဲ့ နှစ်စဉ် ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွေ ဆက်လုပ်နေမယ်ဆိုရင် မိသားစု ပြန်လည် ပေါင်းစည်းမှုတွေ ကို သီတင်းပတ်တွေနဲ့ချီ ရပ်ဆိုင်းပစ်မယ်လို့ တနင်္လာနေ့ကပဲ မြောက်ကိုရီးယားက ထပ်မံ ခြိမ်းခြောက်ခဲ့ပါသေးတယ်။ ဒါပေမဲ့ နှစ်ဘက် ဆက်ဆံရေး ပြန်လည် ကောင်းမွန်ဖို့ကြိုးစားတဲ့ ပထမခြေလှမ်းအဖြစ် အများက ယူဆထားတဲ့ ပြီးခဲ့တဲ့ သီတင်းပတ်က နှစ်နိုင်ငံ အဆင့်မြင့် တွေ့ဆုံဆွေးနွေးမှု လုပ်ခဲ့အပြီး နောက်ဆုံး မှာတော့ မြောက်ကိုရီးယားဘက်က ပြန်လည် အလျှော့ပေးခဲ့တာဖြစ်ပါတယ်။