ရှမ်းစစ်ပြေးဒုက္ခသည်တွေအရေး လူ့အခွင့်အရေးအဖွဲ့ စိုးရိမ်

ရှမ်းပြည်နယ်တွင်း ရှမ်းမြောက်ပိုင်းတပ်နဲ့ အစိုးရတပ်ကြား တိုက်ပွဲတွေ ပြင်းထန်လို့ အသက်ဘေးအတွက် အိုးအိမ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေရတဲ့ ရှမ်းစစ်ပြေးဒုက္ခသည်တွေဟာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေနဲ့ ကြုံနေရတဲ့အပြင် ဒေသတွင်း လုံခြုံရေး မတည်ငြိမ်တဲ့အတွက် စီးပွားရေး၊ လူမှုရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ရှမ်းလူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။ ဒီလိုဒုက္ခသည်အရေး လုံခြုံရေးအရ စိုးရိမ်စရာ အနေအထားမှာ နှစ်ဘက်တပ်တွေ အပစ်အခတ် ရပ်စဲရေး ကတော့ ဆွေးနွေးနေကြဆဲဖြစ်ပေမဲ့ တိကျတဲ့ရလဒ် အဖြေမရသေးလို့ ဒုက္ခသည်တွေ နေရပ်ရင်း ပြန်နိုင်ရေးက မရေရာသေးတဲ့ အနေအထား ဖြစ်နေတာပါ။ အသေးစိတ် မဆုမွန် က တင်ပြထားပါတယ်။

တနိုင်ငံလုံး အပစ်ရပ်စာချုပ် NCA မှာ လက်မှတ်မထိုးထားတဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP လက်အောက်ခံ ရှမ်းပြည်တပ်မတော် SSA (North) မြောက်ပိုင်းတပ်နဲ့ မြန်မာအစိုးရ စစ်တပ်တို့ကြား ရှမ်းပြည်နယ်တွင်းမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့အတွက် ထောင်ချီတဲ့ ရှမ်းပြည်သူလူထုတွေဟာ စစ်ပြေးဒုက္ခသည်တွေအဖြစ် ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်ခဲ့ရပါတယ်။ စစ်ရေးပဋိပက္ခ ပြင်းထန်ခဲ့တဲ့ ရှမ်းပြည်နယ်တွင်း နယ်မြေအေးချမ်းရေးနဲ့ တိုက်ပွဲ အရှိန်လျှော့ချရေး နှစ်ဘက်တို့ ဆွေးနွေးနေကြချိန် စစ်ပြေးဒုက္ခသည်တွေရဲ့ နေရပ်ရင်း ပြန်နိုင်ရေး အဖြေကတော့ မရေမရာဖြစ်နေဆဲ အနေအထား ဖြစ်ပါတယ်။

ဒီလိုအခြေအနေမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတဲ့ စစ်ပြေးဒုက္ခသည်တွေမှာ အသက်အန္တရာယ် စိုးရိမ်ရတဲ့ မလုံခြုံမှုတွေကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ခံစားနေရတယ်လို့ ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ရှမ်းလူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။ မိုင်းရှူးမြို့နယ် ဟိုင်းပါကျေးရွာ စစ်ဘေးရှောင် ဒုက္ခသည်စခန်းထဲမှာ စစ်ပြေးဒုက္ခသည်တဦးဟာလည်း စိတ်ဓာတ်ကျလို့ ဆွဲကြိုးချ သေဆုံးခဲ့ပါတယ်။ ဒုက္ခသည် အတော်များများဟာလည်း တိုက်ပွဲတွေကြောင့် လုံခြုံရေး မတည်ငြိမ်မှုကြောင့် နေရေးထိုင်ရေး၊ စီးပွားရေး၊ လူမှုရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့အတွက် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ဖြစ်နေတယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က စိုင်းခွန်မိုင် က ပြောပါတယ်။

“ဒီဒုက္ခသည်မှာ အခု ဖြစ်ပျက်နေတဲ့ဟာကျတော့ ပြန်လို့ရပြီလို့ ပြောတဲ့နေရာတွေကလည်း ရှိတယ်လေနော်။ ဒါပေမဲ့ တကယ်တမ်းကျတော့ ဘယ်သူမှ မပြန်ရဲသေးဘူးလေ။ ဘာလို့လဲဆိုတော့ ဗမာစစ်တပ်ဘက်ရယ်၊ ရှမ်းပြည်စစ်တပ်ဘက်ရယ်က ဘယ်ဘက်မှလည်း မဆုတ်သေးဘူးလေနော်။ အဲ့လိုမျိုး အနေအထား ရှိနေသေးတဲ့အတွက်ကြောင့် နောက်ထပ် ကိုယ့်ကိုယ်ကို သေကြောင်းကြံတဲ့ဟာလည်း တကယ့် ကိုယ့်ကိုယ်ကို သေကြောင်းကြံတာပေါ့ သစ်ပင်ပေါ်မှာပေါ့။ ဒုက္ခသည်တွေရဲ့ အခြေအနေ ဘယ်လိုရှိသလဲဆိုတော့ ဟိုဟိုဒီဒီ ဖြစ်ကုန်ပြီး တော်တော်လေး စုရခက်နေတဲ့ အနေအထားလေးတော့ ဖြစ်နေပြီပေါ့လေ။”

ဒီလိုဒုက္ခသည် ထောင်ချီထွက်ပြေးနေရတဲ့ စစ်ရေးပဋိပက္ခတွေ ဖြစ်ခဲ့တဲ့ ရှမ်းပြည်နယ်တွင်းက SSPP/SSA မြောက်ပိုင်းတပ်နဲ့ မြန်မာအစိုးရတပ်တို့ကြား တိုက်ပွဲတွေ အရှိန်လျှော့ချရေး နှစ်ဘက်ဆွေးနွေးမှုတွေ လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။ ရှမ်းပြည်တပ်မတော် မြောက်ပိုင်းတပ်က ဗိုလ်မှူးကြီး ဖိင်းဖ ပြောတာကတော့-

“ကျနော်တို့နဲ့ သူတို့နဲ့ စ ဆုတ်ခွာမယ့်ကိစ္စ ဆွေးနွေးတယ်။ သူတို့လည်း ဆုတ်မယ်။ ကျနော်တို့လည်း ဆုတ်မယ်ဆိုတဲ့သဘော လက်တွေ့ အကောင်အထည်ဖော်တဲ့နေရာမှာ မရှိသေးဘူးလို့ပြောတယ်။”

မေး - ဗိုလ်မှူးကြီး အခု စစ်ပြေးဒုက္ခသည်တွေ တော်တော်များများကလည်း အခုထက်ထိ တချို့ နေရပ်ရင်း မပြန်နိုင်သေးတဲ့၊ မပြန်ရဲသေးတဲ့ အနေအထားရှိနေတော့ အဲဒီဒုက္ခသည်တွေ လုံခြုံမှုရှိအောင်လို့ဆိုရင် ဘာတွေများ လုပ်ပေးနိုင်တာ ရှိပါသလဲ ဗိုလ်မှူးကြီးတို့ဘက်ကလေ။

“အဲဒါ နှစ်ဘက် ညှိနှိုင်းရမှာပေါ့။ ညှိနှိုင်းလို့ တချို့ ပြန်သွားတယ်။ အဲဒါ တပ်မတော်က မင်းတို့ ဘာလို့ ပြန်လာသလဲ။ ပြန်ခိုင်းတယ်။ အဲ့လိုမေးတယ်။ စစ်ပြေးဒုက္ခသည်လည်း ပြန်လာရတယ်။ အနီးနားရွာတွေတော့ သူတို့ပြန်တယ်။ ဒါပေမဲ့ အတွင်းပိုင်း နမ့်ပါမွန်းတို့ ဘက်မှာတော့ တပ်မတော်တွေရှိတယ်။”

အခုလို နှစ်ဘက် ဆွေးနွေးနေကြဆဲအချိန်မှာ တိုက်ပွဲတွေ အနည်းငယ်ငြိမ်သက် သွားပေမဲ့လို့ ရှမ်းဒုက္ခသည်တွေကတော့ မိမိတို့နေရပ်ရင်းကို မပြန်ရဲကြသေးဘူးလို့ပြောပါတယ်။ အခုလတ်တလော ရာသီဥတုကလည်း ဆောင်းတွင်းပိုင်းဖြစ်နေလို့ ယာယီဒုက္ခသည်စခန်းတွေမှာ နေထိုင်နေရတဲ့ ဒုက္ခသည်တွေအတွက် နေထိုင်ရေးအခက်အခဲဖြစ်သလို စားနပ်ရိက္ခာ အခက်အခဲတွေလည်း ရှိတယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ပြောပါတယ်။

“တအားကြီး ခက်ခဲတယ်လေနော်။ ဒါပေမဲ့လည်း များသောအားဖြင့်လည်း လူမှုအဖွဲ့အစည်းကနေပြီးတော့ သွားသွားပြီးတော့ ကူနေတာပေါ့လေ။ အခုကျတော့ ဘယ်လိုဖြစ်သလဲဆိုတော့ ရာသီဥတုဒဏ်လည်း တအားကြီး အေးတဲ့အတွက်ကြောင့်မို့ ဆေးလည်း သိပ်မရှိတဲ့အတွက်ကြောင့်မို့ပေါ့လေ နေရာတွေမှာ တချို့ကလည်း ဒုက္ခတအားရောက်တဲ့နေရာတွေ၊ တအားကြီး လမ်းပန်းဆက်သွယ်ရေး တအားကြီး ကြမ်းတဲ့နေရာတွေကျတော့ ဘယ်သူမှလည်း သိပ်မဝင်ကြဘူးလေ။ တကယ့် ဒုက္ခရောက်နေတဲ့နေရာတွေ၊ ဘယ်တွေကို ပြေးသွားမှန်း မသိတဲ့လူတွေအတွက်နဲ့ နောက်ထပ် ဟို တအားကြီးလည်း လမ်းကြမ်းတဲ့ သွားဖို့အတွက် တအားကြီး ခက်ခဲတဲ့နေရာတွေကျတော့ ဒီဥစ္စာ ဝင်နိုင်ဖို့ဆိုတာ မလွယ်ဘူးပေါ့လေ။”

အဓိကကတော့ တိုက်ပွဲတွေကြောင့် လုံခြုံရေးစိုးရိမ်ချက်တွေနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားခဲ့ရတဲ့ ရှမ်းဒုက္ခသည်တွေအတွက် စိတ်ဓာတ်ပြန်လည် ထူထောင်ရေးနဲ့ လူနေမှုဘဝ ပြန်လည် တည်ဆောက်နိုင်ရေး ရှမ်းပြည်နယ်အစိုးရ၊ လွှတ်တော်၊ အစိုးရနဲ့ တပ်မတော် စတဲ့ တာဝန်ရှိသူတွေဘက်က အလေးအနက်ထား ဆောင်ရွက်သင့်တယ်လို့လည်း ရှမ်းဒုက္ခသည်တွေကို ကူညီဆောင်ရွက်ပေးနေတဲ့ ရှမ်းလူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။

လာမယ့်ဇန်နဝါရီလ ၁၂ ရက်နေ့မှာတော့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့ (၈) ဖွဲ့နဲ့ အစိုးရ၊ တပ်မတော်၊ လွှတ်တော်က ကိုယ်စားလှယ်တွေပါဝင်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံတရပ်ကိုလည်း ကျင်းပဖို့ရှိပြီး အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ လက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းရေးနဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးအရ ငြိမ်းချမ်းစွာ အဖြေရှာနိုင်ရေးအဓိက ဆွေးနွေးကြမှာဖြစ်ပြီး ဒီညီလာခံမှာ တက်ရောက်ဖို့ အပစ်မရပ်ရသေးတဲ့ အဖွဲ့တွေကိုလည်း ဖိတ်ခေါ်ထားပါတယ်။