အစ္စရေးခေါင်းဆောင်ဟောင်း ကွယ်လွန်မှု နိုင်ငံတကာတုံ့ပြန်

အစ္စရေးနိုင်ငံရဲ့ သမ္မတဟောင်းလည်းဖြစ် ဝန်ကြီးချုပ်ဟောင်းလည်းဖြစ်ခဲ့သူ ရှီမွန်ပါးရက်စ် Shimon Peres

အစ္စရေးနိုင်ငံရဲ့ သမ္မတဟောင်းလည်းဖြစ် ဝန်ကြီးချုပ်ဟောင်းလည်းဖြစ်ခဲ့သူ ရှီမွန်ပါးရက်စ် Shimon Peres ဟာ သူ့ရဲ့ဘ၀ သက်တမ်း တလျှောက် အချိန် အများစုကို အစ္စရေးနိုင်အတွက် မြုတ်နှံထားခဲ့သူဖြစ်ပြီး လေဖြတ်တဲ့ ဒဏ်ကို သီတင်းနှစ်ပတ်အကြာ ပြင်းပြင်းထန်ထန် ခံစားခဲ့ရပြီး တဲ့နောက် သီတင်းနှစ်ပတ်အကြာ အသက် ၉၃ နှစ်အရွယ် မှာ ကွယ်လွန်သွားပါတယ်။

ဂျူးနိုင်ငံရဲ့ လူချစ်လူခင် အများဆုံးသူတဦးလည်းဖြစ်တဲ့ အထင်ကရခေါင်းဆောင်ကြီး Mr. Shimon Peres ကို အမေရိကန် သမ္မတ Barack Obama အပါအဝင် ကမ္ဘာ့ခေါင်းဆောင်တွေက လေးစာစွာ ဂုဏ်ပြုနေကြပါတယ်။

အကြောင်းစုံကို ဦးစံမိုးေ၀ က ကောက်နှုတ် စုစည်းတင်ပြပေးပါမယ်။

အစ္စရေးနိုင်ငံ သမ္မတဟောင်း Mr. Shimon Peres ဟာ လေဖြတ်ဝေဒနာကို အင်္ဂါနေ့မှာ ပြင်းပြင်းထန်ထန် ခံစားခဲ့ရပြီးတဲ့နောက် ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းမှာ ကွယ်လွန် အနိစ္စရောက်သွားခဲ့တာဖြစ်ပါတယ်။ ကွယ်လွန်သွားပြီး မကြာခင်မှာပဲ Mr. Peres မစ္စတာ ပဲရက်စ် ဆေးကုသမှု ခံယူနေရာ ဆေးရုံမှာ စုရုံးရောက်ရှိနေတဲ့ သတင်းထောက်တွေကို မိသားစုက ကြေညာခဲ့ပါတယ်။

“ဒီကနေ့မှာ အလွန်စိတ်ထိခိုက် ဝမ်းနည်းကြေကွဲစွာနဲ့ ကျနော်တို့ရဲ့ ချစ်လှစွာသော ဖခင်၊ အစ္စရေးနိုင်ငံရဲ့၉ ဦးမြောက် သမ္မတကြီးကို နှုတ်ဆက်ခွဲခွာလိုက်ရပါပြီ။”

မစ္စတာ Mr. Peres ရဲ့သားဖြစ်သူ ချေမီ က သတင်းထောက်တွေ ကို ပြောဆိုသွား တာပါ။

မစ္စတာ ပဲရက်စ်ကို ၁၉၂၃ ခုနှစ်က လက်ရှိ Belarus နိုင်ငံမှာ မွေးဖွားခဲ့ပြီး အသက် ၁၁ နှစ်အရွယ်မှာတော့ အဲဒီအချိန်က British Palestine လို့ ခေါ်ခဲ့တဲ့ အနာဂတ် ဂျူးနိုင်ငံ ဖြစ်လာမယ့်နေရာမှာ သူတို့မိသား စု ပြောင်းရွှေ့နေ ထိုင်ခဲ့ တာ ဖြစ် ပါတယ်။ ကာကွယ်ရေးဝန်ကြီး နိုင်ငံခြားရေးဝန်ကြီး တာဝန်တွေ ကိုလည်း ထမ်းဆောင်ခဲ့သူပါ။

အကြီးမားဆုံး အောင်မြင်မှုကတော့ သူ နိုင်ငံခြားရေးဝန်ကြီး တာဝန် ထမ်းဆောင်ခဲ့ချိန်တုန်းက သူနဲ့အတူ၊ အဲဒီအချိန်က အစ္စရေးဝန်ကြီးချုပ် Yitzhak Rabin နဲ့ ကွယ်လွန်သွားပြီ ဖြစ်တဲ့ ပါလက်စတိုင်းခေါင်းဆောင် Yasser Arafat တို့ရဲ့ ကြိုးပမ်းမှုနဲ့ ပါလက်စတိုင်းဒေသ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုင်ရာ သဘောတူညီချက် Oslo Accords လက်မှတ်ရေးထိုးနိုင်ခဲ့တာကြောင့် ၁၉၉၄ ခုနှစ်က နိုဘဲလ်ငြိမ်းချမ်းရေးဆု ပူးတွဲချီးမြင့်တာကို ခံခဲ့ရတာဖြစ်ပါတယ်။

အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu ကလည်း Mr. Shimon Peres ဟာ သူ့ရဲ့ဘ၀ တခုလုံးကို အစ္စရေး ပြည်လူထုရဲ့ လွတ်လပ်မှုနဲ့ အချုပ်အချာအာဏာ အတွက် နှစ်မြုတ်ထားခဲ့သူတယောက်ဖြစ်ပါတယ်။ အမြင်ကျယ်သူ တယောက် ဖြစ်သလို အနာဂတ်ကို တွေးမျှော်ကြည့်မြင်တတ်သူဖြစ်ပါတယ်။ လုံခြုံရေးကို ဂရုစိုက်သူတဦးအနေနဲ့ အစ္စရေးနိုင်ငံ အင်အားတောင့်တင်း ခိုင်မာအောင် နည်းလမ်းပေါင်းစုံနဲ့ အားဖြည့်ခဲ့သူပါ။ ငြိမ်းချမ်းရေးကို ဖေါ်ဆောင်သူ တဦးအဖြစ် ကျနော်တို့ရဲ့ ရင်သွေးငယ်တွေရဲ့ အနာဂါတ် ကောင်းမွန်ဖို့ အတွက် နောက်ဆုံးအချိန်အထိ အိမ်နည်းချင်း တိုင်းပြည်တွေနဲ့ သင့်မြတ် ပြေလည်အောင် ကြိုးပမ်းခဲ့သူ ဖြစ်ပါ တယ်လို့ ပြောဆို ပါတယ်။

အမေရိကန်သမ္မတ Barack Obama ကလည်း Mr. Peres ဟာ ငြိမ်းချမ်းရေး အတွက် ဖြစ်နိုင်ချေရှိသမျှကို မဆုတ်မနစ် ကြိုးပမ်းခဲ့သူ မိတ်ဆွေတ ဦး ဖြစ်တယ် လို့ ပြောဆိုလိုက်ပါတယ်။

ဒါ့အပြင် Mr.Peres ဟာ အစ္စရေးနိုင်ငံရဲ့ ဂုဏ်ရောင် တောက်ပြောင်စေ ခဲ့သူတဦးဖြစ်ပြီး အစ္စရေးငြိမ်းချမ်းရေး အတွက် ရုန်းကန်ပေးခဲ့သူ … နိုင်ငံ ထူထောင်ရေးအတွက် ကျိုးပမ်းပေးခဲ့သူအပြင်၊ ရာထူးအဆင့်ဆင့်တိုင်း မှာ နိုင်ငံတာဝန်ကို ကြေကြေပွန်ပွန် ထမ်းဆောင် ပေးခဲ့သူဖြစ်တယ်။ သူကွယ်လွန်သွားခဲ့တဲ့အတွက် အလင်းရောင် ပျောက်ကွယ် သွားပေမယ်လို့လည်း သူပေးခဲ့တဲ့ မျှော်လင့်ချက်ကတော့ အမြဲတမ်း တောက်ပနေ မှာ ဖြစ်ပါတယ် လို့ ပြောဆိုပါတယ်။

အမေရိကန် သမ္မတဟောင်း Bill Clinton ကလည်း Mr. Shimon Peres အနေနဲ့ သူတသက်တာ ကာလ တလျှောက်လုံး ကွယ်လွန်သွားတဲ့ချိန်အထိ အစ္စရေးနိုင်ငံ ရဲ့လုံခြုံရေး၊ ကြီးပွားတိုးတက်ရေးနဲ့ နိုင်ငံအတွက် အခွင့်အလမ်း မှန်သမျှအားလုံးကို စွမ်းဆောင်ပေးခဲ့သူဖြစ်တယ်လို့ ကြေညာချက်ထုတ်ပြန်ပါတယ်။

ကနေဒါနိုင်ငံ ဝန်ကြီးချုပ် Mr. Justin Trudeau ကလည်း Mr. Peres ဟာ ငြိမ်းချမ်းရေးကို ဖေါ်ဆောင်ခဲ့ သူဖြစ်ပြီး ကနေဒါအတွက် မိတ်ဆွေကောင်း တယောက်ဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။

ပုတ်ရဟန်းမင်းကြီး Francis ကလည်း ငြိမ်းချမ်းရေးအတွက် မဆုတ်မနစ် ကျိုးပမ်းခဲ့သူတဦးအဖြစ် Mr. Shimon Peres ကို ချီးကျူးပြောဆိုလိုက်ပါတယ်။

အစ္စရေးနိုင်ငံရဲ့ ကနက်ဆက် လွှတ်တော်မှာ နိုင်ငံတော်အလံကိုတဝက် လွှင့်ထူလားပြီး ကွယ်လွန်သူ နိုင်ငံ ခေါင်းဆောင် ဟောင်းရဲ့ ရုပ်ကလပ် ကို ပြည်သူတွေ ဂါရဝပြုနိုင်အောင် ကြာသာပတေးနေ့မှာ ထားရှိဖို့ ပြင်ဆင်နေပါတယ်။

သမ္မတဟောင်း Shimon Peres ကွယ်လွန်သွားပြီးတဲ့ နောက် ဝန်ကြီးချုပ် Benjamin Netanyahu က နံနက် ၁၀ နာရီအချိန်မှာ အစိုးရအဖွဲ့ အထူးအစည်း အဝေးကို ခေါ်ယူလိုက်ပြီး၊ အစည်းအဝေး မှာ နိုင်ငံတကာ က ခေါင်းဆောင်တွေ အရေးကြီး ဂုဏ်သရေရှိပုဂ္ဂိုလ်တွေ တက်ရောက်ကြမဲ့ ဈာပနကိစ္စ အတွက် အစီအ စဉ်တွေ တိုင်ပင် ဆွေးနွေးခဲ့ပါတယ်။

သောကြာနေ့မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ နိုင်ငံတော်ဈာပန အခမ်းအနားကို ကမ္ဘာ့ခေါင်းဆောင်တွေ တော်တော်များများ တက်ရောက်ကြလိမ့်မယ်လို့ အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနကပြောပါတယ်။ ဒီအထဲမှာ သမ္မတ အိုဘားမား၊ သမ္မတဟောင်း Bill Clinton နဲ့ ဇနီး Hillary Clinton ၊ ဗြိတိသျှအိမ်ရှေ့မင်းသား Prince Charles ချားလ်စ်၊ ကနေဒါ ဝန်ကြီးချုပ် Justin Trudeau တို့ ပါဝင်လိမ့်မယ်လို့ မျှော်လင့်ရကြောင်း ပြောပါတယ်။

Your browser doesn’t support HTML5

အစ္စရေးလ်ခေါင်းဆောင်ဟောင်း ကွယ်လွန်မှု နိုင်ငံတကာတုံ့ပြန်