အစ္စရေးနိုင်ငံ ထူထောင်ခဲ့တဲ့ သမိုင်းတလျှောက်မှာ အများကြီး ပါဝင် လုပ်ဆောင်ခဲ့သူ အစ္စရေးသမ္မတဟောင်းလည်းဖြစ်၊ ဝန်ကြီးချုပ်ဟောင်း လည်းဖြစ်တဲ့ Shimon Peres ဟာ လေဖြတ်တဲ့ဒဏ်ကို အသည်းအသန် ခံစားခဲ့ရပြီးတဲ့နောက် သီတင်းနှစ်ပတ်အကြာ အသက် ၉၃ နှစ်အရွယ် မှာ ကွယ်လွန်သွားပါတယ်။
အစ္စရေးနိုင်ငံ စတင် ထူထောင်ခဲ့တဲ့ အချိန်ကနေ သူ့ရဲ့ နောက်ဆုံးထွက်သက် အချိန်အထိ တိုင်းပြည်အတွက် မဆုတ်မနစ် အလုပ်လုပ်ခဲ့တဲ့သူ၊ သမ္မတ၊ ဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီးနဲ့ တခြား အရေးပါတဲ့ တာဝန်တွေကို နှစ်ပေါင်း ၇၀ ကြာ ခိုင်မာတဲ့ စိတ်ဓာတ် နဲ့ တိုင်းပြည်တာဝန်ကို ထမ်းဆောင်ခဲ့သူဖြစ်တယ်လို့ ဆိုပြီး မစ္စတာ ပဲရက်စ်ရဲ့ သားဖြစ်သူ Chemi Peres က ပြောပါတယ်။
မစ္စတာ ပဲရက်စ်ကို ၁၉၂၃ ခုနှစ်က လက်ရှိ Belarus နိုင်ငံမှာ မွေးဖွားခဲ့ပြီး အသက် ၁၁ နှစ်အရွယ်မှာတော့ အဲဒီအချိန်က British Palestine လို့ ခေါ်ခဲ့တဲ့ အနာဂတ်ဂျူးနိုင်ငံ ဖြစ်လာမယ့်နေရာမှာ သူတို့မိသားစု ပြောင်းရွှေ့နေထိုင်ခဲ့တာ ဖြစ်ပါတယ်။ ၁၉၅၂ ခုနှစ် အသက် ၂၉ နှစ်အရွယ် မှာတော့ သူဟာ အစ္စရေးနိုင်ငံရဲ့ အသက်အငယ်ဆုံး ကာကွယ်ရေးဝန်ကြီး ဖြစ်လာခဲ့ပါတယ်။
အစ္စရေးရဲ့ နျူကလီးယားလက်နက် အစီအစဉ်နဲ့ အတူ ကာကွယ်ရေး နဲ့ လေကြောင်းဆိုင်ရာ လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက် လာအောင် ဆောင်ရွက်ခဲ့တာ တွေအတွက် အသိအမှတ်ပြု ခံထားရသူ လည်း ဖြစ်ပါတယ်။ သူ့ဘဝတလျှောက် ဝန်ကြီးချုပ်တာဝန် နှစ်ကြိမ်ယူခဲ့သလို၊ သမ္မတ၊ ကာကွယ်ရေး ဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီး အပါအဝင် တိုင်းပြည်ရဲ့ အရေးပါတဲ့ နိုင်ငံရေးနယ်ပယ်အားလုံးမှာ တာဝန်ထမ်းခဲ့တဲ့သူ ဖြစ်ပါတယ်။
သူ့ရဲ့ အကြီးမားဆုံး အောင်မြင်မှုကတော့ သူ နိုင်ငံခြားရေးဝန်ကြီး တာဝန် ထမ်းဆောင်ခဲ့ချိန်တုန်းက သူနဲ့အတူ၊ အဲဒီအချိန်က အစ္စရေးဝန်ကြီးချုပ် Yitzhak Rabin နဲ့ ကွယ်လွန်သွားပြီ ဖြစ်တဲ့ ပါလက်စတိုင်းခေါင်းဆောင် Yasser Arafat တို့ရဲ့ ကြိုးပမ်းမှုနဲ့ ပါလက်စတိုင်းဒေသ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုင်ရာ သဘောတူညီချက် Oslo Accords လက်မှတ်ရေးထိုးနိုင်ခဲ့တာကြောင့် ၁၉၉၄ ခုနှစ်က နိုဘဲလ်ငြိမ်းချမ်းရေးဆု ပူးတွဲချီးမြင့်တာကို ခံခဲ့ရတာဖြစ်ပါတယ်။
Your browser doesn’t support HTML5
အစ္စရေးခေါင်းဆောင် Shimon Peres ကွယ်လွန်