ထိုင်းနိုင်ငံ စီးပွားရေး ပြန်လည်ထူထောင်ဖို့ ဝန်ကြီးချုပ်သစ် ကတိပြု

ထိုင်းနိုင်ငံ ဝန်ကြီးချုပ်သစ်ဖြစ်လာတဲ့ Paetongtarn Shinawatra၊ ဖခင်ဖြစ်သူ ဝန်ကြီးချုပ်ဟောင်း Thaksin Shinawatra အတူ အခမ်းအနားတက်ရောက်

ထိုင်းနိုင်ငံမှာ ဝန်ကြီးချုပ်သစ်ဖြစ်လာတဲ့ Paetongtarn Shinawatra ကကျဆင်းနေတဲ့ တိုင်းပြည်စီးပွားရေးကို ပြန်လည် ထူထောင်မယ်လို့ ဒီကနေ့ပဲ ကတိပြုလိုက်ပါတယ်။

အရင်ဝန်ကြီးချုပ်ကို ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေ တရားရုံးက ကျင့်ဝတ်ဖောက်ဖျက်မှုနဲ့ အပြစ်ရှိကြောင်း ဆုံးဖြတ်ပြီး ရာထူးက ဖယ်ရှားလိုက်သလို၊ ရွေးကောက်ပွဲ အနိုင်ရခဲ့ပေမဲ့ အစိုးရမဖွဲ့နိုင်ခဲ့တဲ့ အတိုက်အခံပါတီကို ဖျက်သိမ်းလိုက်ပြီးနောက် ထိုင်းနိုင်ငံမှာ အသက်အငယ်ဆုံး ဝန်ကြီးချုပ်အဖြစ် Paetongtarn တာဝန်ယူခဲ့တာပါ။

စစ်တပ်က အာဏာသိမ်း ဖယ်ရှားခံခဲ့ရတဲ့ ဖခင်ဖြစ်သူ Thaksin နဲ့ အဒေါ်ဖြစ်သူ Yingluck တို့ပြီးရင် သူဟာ Shinawatra မိသားစုက တတိယမြောက် ဝန်ကြီးချုပ်လည်း ဖြစ်ပါတယ်။ အစိုးရသစ် ဖွဲ့စည်းဖို့ ထိုင်းဘုရင် Maha Vajiralongkorn ရဲ့ တရားဝင်ခွင့်ပြုမိန့်ကို တချိန်က ဝန်ကြီးချုပ်ဟောင်း Thaksin ကို ထောက်ခံခဲ့တဲ့ ရုပ်သံအစီအစဉ် ဌာနချုပ်ရုံးမှာ Paetongtarn က ဒီကနေ့ပဲ အခမ်းအနားနဲ့ လက်ခံယူခဲ့တာပါ။

ကိုဗစ်ကပ်ရောဂါ ကြုံခဲ့ရပြီးနောက်ပိုင်း ထိခိုက်ခဲ့ရတဲ့ စီးပွားရေးကို ပြန်လည်ထူထောင်ရာမှာ ထိုင်းနိုင်ငံသားတွေ အတူတကွ ပူးပေါင်းပါဝင်ကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။ ဖခင်ဖြစ်သူ အသက် ၇၅ နှစ်အရွယ် Thaksin ဟာလည်း ဝန်ကြီးချုပ်ရဲ့ ခင်ပွန်းနဲ့အတူ အခမ်းအနားမှာ ရှေ့ဆုံးတန်းက တက်ရောက်ခဲ့ပါတယ်။