နောက်ဆက်တွဲ ငလျင်လှုပ်ခတ်မှုကြောင့် ဒေသခံတွေ စိုးရိမ်

ရွှေဘိုငလျင်ဘေးသင့်ပြည်သူများ ယာယီဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြစဉ် (နိုဝင်ဘာ ၁၂၊ ၂၀၁၂။)

မြန်မာပြည်အလယ်ပိုင်းဒေသမှာ တနင်္ဂနွေနေ့ မနက်ပိုင်းက ပြင်းအား ၆ဒသမ၈ အဆင့်ရှိ ငလျင်ကြီး ပြင်းပြင်းထန်ထန်လှုပ်ခတ် ပြီးတဲ့နောက် ပြင်းအားအတန်အသင့်ရှိတဲ့ ငလျင်ငယ်တွေဟာ ဒီမနက်ထိ ဆက်လက် လှုပ်ခတ် နေဆဲဖြစ်ပါတယ်။ ဒီလို ငလျင်ငယ်တွေ ဆက်တိုက် လှုပ်ခတ်နေတာကြောင့် ဒေသခံ ပြည်သူတွေဟာ အထိတ်တလန့်ဖြစ်နေကြပြီး မိုးဇလဌာန ငလျင်ဌာနခွဲက တာဝန်ရှိသူတဦးက ငလျင်ဒဏ်ခံခဲ့ရတဲ့ အဆောက်အဦးတွေရဲ့ ကြံခိုင်မှုကို သေချာ စစ်ဆေးမှုမလုပ်ဘဲ ဆက်လက် မနေထိုင်ဖို့အတွက် သတိပေးပြောကြားပါတယ်။ သတင်းအပြည့်အစုံကို ထိုင်းအခြေစိုက်သတင်းထောက် ကိုမိုးဇော်က တင်ပြပါမယ်။

တနင်္ဂနွေနေ့ မနက် ၇နာရီ ၄၂မိနစ်ကျော်မှာ စစ်ကိုင်းတိုင်းဒေကြီး ရွှေဘိုမြို့ မြောက်ဖက် ၄၅မိုင်အကွာမှာ ဗဟိုပြုလှုပ်ခတ်ခဲ့တဲ ပြင်းအား ၆ဒသမ၈ အဆင့်ရှိ ငလျင်ကြီး လှုပ်ခတ်ပြီးတဲ့နောက်မှာ အဲ့ဒီ့နေ့မှာပဲ ပြင်းအား ရစ်ချ်တာ စကေး အဆင့် ၅လောက်ရှိတဲ့ နောက်ဆက်တွဲ ငလျင်ငယ် ၃ခု ဆက်လက်လှုပ်ခတ်ခဲ့ပါတယ်။

ဒီလိုနောက်ဆက်တွဲ ဆက်လက်ဖြစ်ပေါ်နေတဲ့ငလျင်ငယ်တွေဟာ ဒီကနေ့ အထိလည်း ဆက်လက် လှုပ်ခတ် နေဆဲဖြစ်တယ်လို့ ငလျင်ဒဏ်ကို အဆိုးဝါးဆုံး ခံခဲ့ရတဲ့ ရွှေဘိုခရိုင် ကျောက်မြောင်းမြို့နယ်ခွဲက ဒေသခံ တယောက်က ပြောပါတယ်။

“ငလျင်ကလည်းအခုထိ လှုပ်တုံး။ ဒီနေ့ မနက် ၉နာရီကျော်က အထိလှုပ်သွားသေးတယ်ဗျာ။ လူတွေ ထိတ်လန့်ယုံလောက်ပဲ ဖြစ်တယ်ဗျ။”

အခြားထိခိုက်မှုများပြားခဲ့တဲ့ မန္တလေးတိုင်း ဒေသကြီးက စဉ့်ကူးမြို့က ဒေသခံတဦးကတော့ ညကလည်း ငလျင်ငယ်တွေ အဆက်မပြတ်ဆိုသလို လှုပ်ခတ်နေတာကြောင့် လူတွေ အထိတ်တလန့်နဲ့ ဖြစ်ခဲ့ကြတယ်လို့ ပြောပါတယ်။

“ညပိုင်းကတော့ ၃ခါလောက် ၄ခါလောက် ဆက်တိုက်ပေါ့ဗျာ။ မနေ့ညကတော့ မအိပ်ရဘူးပေါ့ဗျာ။ လူတွေကတော့ အပြင်ဖက်ထွက်အိပ်နေကြတာပေါ့။ ဒါပေမဲ့ မအိပ်ရဘူး။ ခဏလေး နာရီ တနာရီ နှစ်နာရီလောက်ခြားပြီးရင် တခါ လှုပ်လိုက်ပေါ့။ သူက လင်းပိုင်းလောက်ထိ ၄နာရီလောက်ထိ လှုပ်တယ်ဗျ။ လှုပ်တာက ကျနော်တို့ ၁၂ခွဲလောက်က တော်တော်လေး လှုပ်လိုက်သေးတယ်ဗျ။ နောက်တခါ ၂နာရီလောက်က တခါ လှုပ်လိုက်သေးတယ်ဗျ။ ညပိုင်းကိုက ၃ခါ ၄ခါလောက်က အတော်လှုပ်တယ်ဗျ။ အရင်နီးပါးလောက် မပြင်းပေမဲ့လည်း အတော်ကို သိသာတယ်ဗျ။”

မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒီနေ့ထုတ်ပြန်တဲ့သတင်းမှာတော့ သန်းခေါင်ကျော် ၁နာရီအချိန်လောက်မှာ ပြင်းအား ၅ဒသမ၇ ရစ်ချ်တာစကေးရှိတဲ့ ငလျင်တခု ထပ်မံလှုပ်ခတ်ခဲ့ကြောင်း ဖော်ပြပါတယ်။

မိုးဇလဌာန ငလျင်ဌာနခွဲ၊ ဦးစီးအရာရှိ ဦးကျော်ကျော်လင်းကတော့ ငလျင်ကြီးတခုလှုပ်ပြီးတဲ့နောက် ရက်ပိုင်းကနေ လပိုင်းကြာအောင်အထိ ငလျင်ငယ်တွေ ဆက်တိုက်ဆိုလို ဆက်လက်လှုပ်ခတ်တတ်ကြောင်း ပြောပါတယ်။ တချို့ ပြင်းအား ၃လောက်သာ ရှိတဲ့ ငလျင်ငယ်တွေကိုတော့ သက်ဆိုင်ရာဌာနက တိုင်းထွာဖို့ ခက်ခဲကြောင်း ပြောပါတယ်။

“သူတို့ဒေသမှာတော့ အသေးလေးတွေပေါ့ဗျာ။ အသေးလေးတွေဆိုတာက ၃အဆင့်လောက်ပဲ ရှိတဲ့ ဟာမျိုးတွေပေါ့။ ၃ဆင့်လောက်ရှိတဲ့ဟာကျ ကျနော်တို့ တိုင်းထွာရေးစက်တွေနဲ့ နည်းနည်း ဝေးကွာ နေတဲ့အခါကျ တခါတလေ record မရတတ်ဘဲ ရှိတတ်တယ်။ ကျနော်တို့ရဲ့ တိုင်းထွာရေး စခန်းတွေက ဘယ်မှာရှိလဲဆို အဲဒီဖက်နဲ့ အနီးဆုံးဆို မန္တလေးမှာ ရှိတယ်။ မန္တလေးစက်က အဲဒီနားဆိုရင် ၄ အဆင့်၊ ၅အဆင့်လောက်မှ တိုင်းထွာလို့ ရတာ။ ၃အဆင့်လောက်ကျ ဒီစက်တွေက record မဝင်ဘူး။ ဒါပေမဲ့ ဒေသခံတွေကတော့ ၃လောက်ဆိုရင်ကို ဘာပဲ ပြောပြော ငလျင်လှုပ်တယ်ဆိုပြီးတော့ သတိပြုမိတာပေါ့။”

ဒီလိုနောက်ဆက်တွဲငလျင်ငယ်တွေ ဆက်လက်လှုပ်ခတ်တတ်တာကြောင့် ငလျင်ကြီးလှုပ်စဉ်က ထိခိုက်ပျက်ဆီးခဲ့တဲ့နေအိမ်တွေကို သေချာစစ်ဆေးမှုမရှိဘဲ မနေထိုင်ဖို့ကိုလည်း ဦးကျော်ကျော်လင်းက အကြံပြုထားပါတယ်။

“ငလျင်ကြီးလှုပ်ခဲ့တဲ့အချိန်တုံးက ကိုယ်အိမ်တွေဘာတွေ ပျက်ဆီးသွားတယ်။ တချို့အိမ်တွေ ပြိုကျသွားတယ်ဆို အဲဒီပြိုကျနေတဲ့အဆောက်အဦးတွေ ပျက်ဆီးနေတဲ့ အဆောက်အဦးတွေကိုတော့ သေချာ အင်ဂျင်နီယာတွေနဲ့ စစ်ဆေးပြီးမှပဲ ပြန်လည်နေထိုင်တာတော့ ပိုပြီး သင့်တော်ပါတယ်။ အဲ့လို ပြိုပျက်သွားတဲ့ အဆောက်အဦး တွေက နောက်ထပ် ငလျင်ငယ်လေးတွေ လှုပ်လည်း ပြန်ပြီးတော့ နံရံတွေ ပြိုကျတာတို့ ဘာတို့ စသည့်ဖြင့် ပိုပြီးတော့ ပျက်နိုင်ပါတယ်။ ပျက်နိုင်တဲ့ အတွက်ပေ့ါလေ။ အဲ့လိုအဆောက်အဦး ဆိုရင်တော့ သေချာ ပြုပြင်ပြီးမှ ပြန်နေတာက ပိုသင့်တော်ပါတယ်။ လောလောဆည်တော့ အဲလို ပျက်ဆီးနေတဲ့ နေအိမ်တွေမှာ မနေဘဲနဲ့ တခြား ဆွေမျိုးသားချင်းအိမ်ပေါ့။ သို့မဟုတ် ယာယီအိမ်တွေမှာ သွားပြီး ရွှေ့ပြောင်းနေတာက ပိုပြီး သင့်တော်ပါတယ်။”

အစိုးရပိုင်သတင်းစာတွေမှာလည်း ငလျင်လှုပ်ချိန်နဲ့ လှုပ်ပြီးနောက် လိုက်နာဆောင်ရွက်ရမဲ့ အချက်တွေကို ဖော်ပြပြီး သတိပေးနိုးဆော်ထားပါတယ်။ တနင်္ဂနွေနေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ကျောက်မြောင်းနဲ့ စဉ်ကူးမြို့ကို ဆက်သွယ်ဖို့ ဆောက်လုပ်နေတဲ့ ရတနာသိင်္ဃခေါ် ဧရာဝတီ မြစ်ကူးတံတားပျက်ဆီးခဲ့သလို ဘုရားစေတီတွေ၊ ဘုန်းတော်ကြီးကျောင်းတွေနဲ့ အဆောက်အဦးတွေပျက်ဆီးခဲ့ရပြီး အနည်းဆုံး လူ တဒါဇင်လောက် သေဆုံးခဲ့ပါတယ်။ သမ္မတရုံး Website မှာတော့ ခြောက်ဦးသေဆုံးကြောင်း ဖော်ပြပါတယ်။

ငလျင်လှုပ်ခတ်ပြီးနောက်မှာတော့ နိုင်ငံတော် ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနဲ့အဖွဲ့ဟာ ငလျင်ဘေးသင့်တဲ့ဒေသကို ချက်ချင်းသွားရောက်ပြီး ဆေးဝါး၊ အစားအသောက်နဲ့ ထောက်ပံ့ငွေတွေ ပေးအပ်နေပါတယ်။ လောလောဆယ်မှာ စစ်ကိုင်းနဲ့ မန္တလေးတိုင်းဒေသကြီးက အာဏာပိုင်တွေနဲ့ လူမှုအဖွဲ့အစည်းတွေကလည်း ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်နေပါတယ်။

ပြီးခဲ့တဲ့နှစ် မတ်လအတွင်းကလည်း ရှမ်းပြည်နယ်အရှေ့ပိုင်း လွယ်မွေမြို့အနီးမှာ ဗဟိုပြုပြီး ပြင်းအားအဆင့် ၇ ရှိ ငလျင်လှုပ်ခတ်ခဲ့တာကြောင့် လူ ၇၀ကျော်သေဆုံးကြောင်း အစိုးရက သတင်းထုတ်ပြန်ပါတယ်။ ဒေသခံတွေကတော့ အနည်းဆုံး လူ ၁၃၀ကျော်လောက် သေဆုံးခဲ့တယ်လို့ ခန့်မှန်းပြီး ဒီငလျင်ကြီးလှုပ်ခတ်ပြီးတဲ့နောက်မှာ လနဲ့ချီပြီး ငလျင်ငယ်လေးတွေ မကြာခဏဆိုသလို လှုပ်ခတ်ခဲ့ပါတယ်။