နာဂစ် စစ်တမ်း အပိုင်း (၁)

cyclone-burma-village

လွန်ခဲ့တဲ့ ၄နှစ် မေလ ၂ရက်နေ့မှာ စပြီး တိုက်ခတ်ခဲ့တဲ့ နာဂစ် မုန်တိုင်းရဲ့ ဒဏ်ကို မြန်မာနိုင်ငံသားတွေ ကြုံတွေ့ခဲ့ကြရပါတယ်။ အဲဒီအချိန်တုန်းက မိုးလေဝဿနဲ့ ဇလဗေဒဌာန မှာ ညွှန်ကြားရေးမှုးချုပ်တာဝန် ထမ်းဆောင်ခဲ့ပြီး အခု မြန်မာနိုင်ငံမှာ သဘာဝဘေး အန္တရာယ် ကျရောက်မှု ဆိုင်ရာ အသိပညာပေးတဲ့ ထွန်းလွင် ဖေါင်ဒေးရှင်း ဖွဲ့ပြီး ဦးဆောင် ဆောင်ရွက်နေသူ ဒေါက်တာ ဦးထွန်းလွင် ရဲ့ နာဂစ်မုန်တိုင်း နဲ့ ပါတ်သက်တဲ့ အမြင်ကို ဒီတပါတ်မှာ တင်ပြပေးမှာပါ။

နာဂစ်ဒဏ်ကို ဘယ်လို ခံခဲ့ရတယ်။ ဘယ်လောက် အတိုင်းအတာထိ ဆုံးရှုံးမှုတွေရှိတယ်။ ဘယ်လောက် အန္တရာယ် ရှိတယ် ဆိုတာပြောပြပေးပါဆရာ

နာဂစ်ကတော့ အပျက်အစီး အလွန်များတဲ့ မုန်တိုင်းပေါ့။ မြန်မာနိုင်ငံ သမိုင်းမှာ ဒီလောက်ပျက်စီးတာ မရှိပါဘူး။ ကမ္ဘာနဲ့ ကြည့်ရင်လည်း အပျက်အစီး အဆုံးအရှုံး အများဆုံး နံပါတ် ၈ အဆင့်မှာ ရှိပါတယ်။ နာဂစ်မုန်တိုင်းကြောင့် ထိခိုက်တဲ့ effected သက်ရောက်မှု ခံရတဲ့ လူက ၁၁သန်း ရှိပါတယ်။ အဲဒီတုန်းက ပျက်စီးသွားတဲ့ အိမ်ယာက ၇၄၅,၇၆၄ အိမ် ဆိုတော့ အကြမ်းဖျင်းပြောရရင် ၇သိန်း ခွဲလောက် ရှိပါတယ်။ သေဆုံးမှုကတော့ အလောင်းပြန်ပြီးရတာ ၈သောင်း ၄ထောင် ရှိတယ်။ နောက် ရေထဲပါသွားလို့ အလောင်းမရတော့တဲ့ ပျောက်ဆုံးတဲ့ သူက ၅သောင်း ၄ထောင် ရှိတယ်။ ဒါလည်း သေဆုံးပါပဲ။ ၂ရပ်ပေါင်း လိုက်တော့ တသိန်းသုံးသောင်းရှစ်ထောင် ရှိပါတယ်။ ထိခိုက် ဒဏ်ရာရတဲ့သူကတော့ ၂သောင်း ကျော်လောက်တော့ ရှိတယ် ပေါ့လေ။

အိမ်မွေးတိရိစ္ဆာန် ကျွဲတွေ နွားတွေ ဆုံးတာက တသိန်းခွဲလောက်ရှိတယ်။ အဲ အဆိုးဆုံးကတော့ အပျက်စီး ပါပဲ။ နိုင်ငံပိုင် ပျက်စီးဆုံးရှုံးမှုက ၃.၃ ထရီလီယံ၊ ပုဂ္ဂလိက ကတော့ ၈.၃ ထရီလီယံ လောက် ရှိတယ်။ ၂ရပ်ပေါင်း လိုက်တော့ ၁၁.ရလောက် ရှိပါတယ်။ သန်းပေါင်း တသန်းပေါ့လေ။ အလွန် အပျက်အစီးများတဲ့ မုန်တိုင်း ဖြစ်ပါတယ်။ မြန်မာ့ သမိုင်းမှာ မရှိဘူးပါဘူးတခါမှ

ဒီလောက် ပျက်စီး ဆုံးရှုံးရတာဟာ လူတွေ အသိပညာ နဲပါးလို့ ဒါမှမဟုတ် အစိုးရက ကြိုတင်ပြီး သတိပေးချက်တွေ နဲလို့ လို့ ပြောကြတာ ရှိပါတယ်။ ဒါနဲ့ ပါတ်သက်ပြီး ပြောပြပေးပါ။ ဘာကြောင့် ဒီလောက်တောင် ဆုံးရှုံးပျက်စီးမှုတွေ ရှိရတယ် ဆိုတာ။

ဒါကို ၂ပိုင်း ခွဲပြောရမှာပါ။ သဘာဝဘေးတွေမှာ component ၂ခုရှိတယ်။ တခုက Hazard ခေါ်တယ်။ နောက် တခုက vulnerability ခေါ်တယ်။ Hazard ဆိုတာက မုန်တိုင်းကိုပြောတာ။ အားကောင်းတဲ့ မုန်တိုင်း ကြီးလား။ အရွယ် ပမာဏကြီးတဲ့ မုန်တိုင်းကြီးလား။ မုန်တိုင်းအပိုင်းကို သပ်သပ် ကြည့်တာ။ နာဂစ် မုန်တိုင်းကိုကြည့်ရင် ထူးခြားချက် အဓိက ၃ချက် ရှိတယ်ပေါ့။ ပထမတခုက ကမ်းခြေကို ဖြတ်ခါနီးမှာ အားအကောင်းဆုံး အဆင့် ဖြစ်သွားတယ်။ ဟိုင်းကြီးကျွန်းကို မုန်တိုင်း အရှေ့ပိုင်းလေး မေးတင်နေတဲ့ ၂ရက်နေ့ ညနေပိုင်း မှာပဲ Catagory 4 လို့ ခေါ်တဲ့ တနာရီကို မိုင် ၁၅၀ နှုံးလောက် တိုက်တဲ့ အဆင့် ရောက်သွားတယ်။

နောက်တခါ ဒီမုန်တိုင်းက သမရိုးကျ အတိုင်း အရှေ့မြောက် ကို မသွားဘူး။ အရှေ့ဘက်ကို တည့်တည့် သွားတဲ့ အတွက် ထူးခြားတဲ့ လမ်းကြောင်း ရှိပြီးတော့ သူက ကမ်းလျှောက် မုန်တိုင်း ဖြစ်သွား တယ်။ တော်တော်နဲ့ ကမ်းထဲကို မဝင်ဘူးပေါ့။ အဲဒါကလည်း အပျက်အစီး များစေတဲ့ အထဲမှာ ပါတယ်။ နောက်ပြီးတော့ ဒီမုန်တိုင်းက ကမ်းကိုဖြတ်ခါနီးမှာ ၄နာရီလောက် မရွေ့ပဲနဲ့ ရပ်နေခဲ့တယ်။ အဲဒီလို ရပ်နေတဲ့ အတွက်လည်း သူ့ရဲ့ စွမ်းပကားကို ကြီးစေပါတယ်။ ဒီ ၃ချက်က ဒီ မုန်တိုင်းနာဂစ်ကို တော်တော်လေး ထူးခြားတဲ့ character ကျွန်တော်တို့ အတွက်ကတော့ ကံမကောင်းခြင်း ၃ရပ် ပေါ့ တွေ့ရပါတယ်။

နောက်တပိုင်းက အဓိကပြောရမယ့် အချက်ကတော့ကျွန်တော်တို့ မြစ်ဝကျွန်းပေါ်ပါပဲ။ ဒီ မြစ်ဝကျွန်းပေါ်မှာ အားနဲချက် ၁၀ချက် ရှိတယ်။

နာဂစ် မုန်တိုင်းဖြစ်တဲ့အချိန်မှာ ဝင်ခဲ့တဲ့ မြစ်ဝကျွန်းပေါ် ဒေသဟာ မြေနိမ့်ဒေသ ဖြစ်နေတယ်။ ကုန်းမြင့်ကို သိပ်မရှိဘူး။ နောက်ပိုင်း ကျွန်တော်တို့ လေ့လာကြည့်တဲ့ အခါမှာ ရေ ၅မီတာလောက် တက်လို့ ရှိရင် မြစ်ဝကျွန်းပေါ်ဒေသရဲ့ ၄၂% ဟာရေမြုပ်ပါတယ်။ နောက်တခါ မြစ်လက်တက်တွေ အလွန်ပေါတယ်။ very complex river system လို့ခေါ်ပါတယ်။ မြစ်ကြောင်းစံနစ်က အလွန် ရှုပ်ထွေးပါတယ်။ မြစ်ဝကျွန်းပေါ်ရဲ့ ကမ်းရိုးတန်းဟာ ဘယ်လို သဘာ၀ ရှိနေလဲ ဆိုတော့ ကမ်းခြေက ရေတိမ်တယ်။ ရှိတဲ့ ပင်လယ်ရေလှိုင်းရဲ့ အတက်အကျ အလွန်များတဲ့ ဒေသဖြစ်ပါတယ်။ ဒါတွေက မြစ်ဝကျွန်းပေါ်ဒေသရဲ့ သဘာ၀ အခံကိုက တစုံတခုဖြစ်ရင် အန္တရာယ် ကြီးစေနိုင်တဲ့ အချက်တွေ ဖြစ်ပါတယ်။

နောက်ပြီးတော့ မြစ်ဝကျွန်းပေါ်ကို ကြည့်လို့ရှိရင် နောက်တွေ့ရတဲ့ အချက်တွေကတော့ လူဦးရေ ထူထပ်တယ်။ အဲဒီနာဂစ် ဖြစ်တုန်းက ကျွန်တော်တို့မှာ သက်ကယ်ကုန်းတို့ shelter တို့ဆိုတာ မရှိဘူး။ နောက်ပြီး မြစ်ဝကျွန်းပေါ်ကြီးမှာ သဘာဝဘေးအန္တရာယ် ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်း တွေမှာ အခြေခံအားဖြင့် လိုအပ်တဲ့ အန္တရာယ် အခြေနေပြတဲ့ မြေပုံ၊ အန္တရာယ် ကျရောက်နိုင်မှု အခြေနေပြတဲ့ မြေပုံ Risk နဲ့ Hazards Maps လို့ခေါ်တယ်။ ဒီမြေပုံတွေလည်း ကျွန်တော်တို့မှာ မရှိဘူးပေါ့။

အဆိုးဆုံးကတော့ မြစ်ဝကျွန်းပေါ်ဒေသမှာ နေထိုင်တဲ့သူတွေက ပင်လယ်နဲ့သာ နီးတယ် ပြောတာ ဘယ်တုန်းကမှ မုန်တိုင်းတွေက မြစ်ဝကျွန်းပေါ်ကို မဝင်ခဲ့တော့ ၁၃၅ နှစ်လောက် မှတ်တမ်း ရှိပါတယ်။ အဲတော့ မြစ်ဝကျွန်းပေါ်သားတွေဟာ မုန်တိုင်း ဆိုတာ ဘာမှန်းမသိပါဘူး။ မုန်တိုင်း ဒီရေ ဆိုတာကိုလည်း ဘာမှန်းမသိပါဘူး။ တနည်း အားဖြင့်ပြောရရင် public education လူထုအသိပညာ အလွန်နဲတာ ကျွန်တော်တို့ တွေ့ရပါတယ်။ နောက်ပြီးတော့ အရေးပေါ် အခြေနေရောက်လို့ ကျွန်တော်တို့ အသက်လုပြီး ပြေးရတဲ့ အခါမှာ မြစ်ဝကျွန်းပေါ်ဒေသ ရဲ့ အနေထားဟာ လမ်းပမ်း ဆက်သွယ်ရေး အလွန် မကောင်းတဲ့ အနေထားမှာ ရှိပါတယ်။ ပြေးနိုင်တာကတော့ မြစ်ချောင်းတွေ ကနေပြီးတော့ လှေတွေ သင်္ဘောတွေ မော်တော်တွေ နဲ့ပဲ ပြေးနိုင် တယ်ပေါ့။ အလွယ်တကူ ပြေးနိုင်တဲ့ ကားလမ်း ကုန်းလမ်း အလွန်နဲတယ်။ ဆိုတော့ လမ်းပမ်း ဆက်သွယ်ရေး အလွန်ညံ့တယ် ဆိုတာလည်း အချက် တချက် အနေနဲ့ တွေ့ရပါတယ်။

အဆိုးဆုံးကတော့ လူတွေရဲ့ အသိနဲပါးမှုကြောင့်ပေါ့နော်။ အကြောင်း အမျိုးမျိုးနဲ့ မြစ်ဝကျွန်းပေါ်မှာ သဘာ၀ အရ ကာကွယ် စောင့်ရှောက်တဲ့ နေရာမှာ အလွန် အရေးပါတဲ့ ဒီရေတောတွေ ကို ခုတ်ပြီးတော့ လုပ်ငန်းအမျိုးမျိုး သုံးကြတာ ပေါ့လေ။ ထင်းအဖြစ်ခုတ်တယ်။ မီးသွေးဖိုအတွက် ခုတ်တယ်။ အိမ်ဆောက်ဖို့ ခုတ်တယ်။ လယ်ယာလုပ်ငန်း လုပ်ဖို့ ခုတ်တယ်။ ကုန်ကုန်ပြောရရင် ရွာတည်ဖို့ ခုတ်တယ်၊ စားအုံးဆီပင် စိုက်ဖို့ ခုတ်တယ်။ ပုဇွန်ကန် ဆောက်ဖို့ ခုတ်တယ်။ ဒီလို အကြောင်း အမျိုးမျိုုးနဲ့ ခုတ်လိုက်တာ နောက်ဆုံး ဒီရေတော တွေဟာ တော်တော်ကို ပြုန်းကုန်ပြီး မရှိတော့ဘူး။ ဒီရေတောတွေ နေရာမှာ ရွာတွေ တည်ပြီးနေကြတဲ့ အခါကျတော့ ပင်လယ်က ရေလှိုင်းတွေ တက်လာတဲ့ အခါကျတော့ အကာအကွယ် မရှိတော့ဘူးပေါ့လေ။ အဲ နောက်ဆုံး အချက်ကတော့ စောစောကပြောသလို ဒီဒေသမှာ မုန်တိုင်း နဲ့ ပါတ်သက်တဲ့ အတွေ့အကြုံက နဲကြတော့ နေထိုင်တဲ့ ပြည်သူရော အပေါ်က အုပ်ချုပ်တဲ့ စီမံ ခန့်ခွဲသူမှာရော ၂ဘက်စလုံးမှာ ဒီအတွေ့အကြုံမရှိကြတဲ့ အတွက် စီမံခန့်ခွဲတဲ့ နေရာမှာ အချိတ်အဆက် မမိပဲနဲ့ အတော်လေး အားနဲတယ် ဆိုတာ တွေ့ရပါတယ်။

အဲဒီ ကျွန်တော် ပြောခဲ့တဲ့ အချက် ၁၀ချက်ဟာ မြစ်ဝကျွန်းပေါ် ဒေသရဲ့ အားနဲချက် ၁၀ခု လို့ပဲ ခေါ်ရမှာ ဖြစ်ပါတယ်။ ကျွန်တော် မကြာမကြာတွေးပါတယ်။ ဟိုင်းကြီးကျွန်းကို မဝင်မီ ၄နာရီလောက် ရပ်နေတဲ့ အချိန်တုန်းက ဘယ်လိုများ ဒီနာဂစ် မုန်တိုင်း ဟာ ဒီအားနဲ့ပဲ ဒီလေတိုက် နှုံးနဲ့ပဲ ရခိုင်ကို ဝင်ခဲ့ရင် ဒီလိုနေမလား။ ဒီမေးခွန်းကို ကျွန်တော် မကြာမကြာမေးပါတယ်။ ကျွန်တော့် ကိုယ် ကျွန်တော် မေးတာပါ။ အဲတော့ အဖြေက တကယ်လို့ ဒီနာဂစ်မုန်တိုင်း တနာရီကို မိုင် ၁၅၀နဲ့ တိုက်တဲ့ မုန်တိုင်း ရခိုင်ကို ဝင်ရင် ဒီလို မသေဘူူး ဆိုတာ သေချာပေါက် ပြောရဲပါတယ်။ အဲဒါကြောင့် ဒီအသေ အပျောက် များတဲ့ နာဂစ် မုန်တိုင်း အဓိက ပြဿနာက မုန်တိုင်းမှာ မရှိပါဘူး။ မြစ်ဝကျွန်းပေါ် ဒေသမှာ ရှိနေတယ်။ ဒါကို မြစ်ဝကျွန်းပေါ်မှာ နေတဲ့သူတွေ အုပ်ချုပ်တဲ့သူတွေ အားလုံး သိသင့်တယ်။ အဲဒါကို သဘာ၀ ဘေးအန္တရာယ် ကာကွယ်ရေးမှာ ဆုံးရှုံး နစ်နာနိုင်ချေ vulnerability ဟာ မြစ်ဝကျွန်းပေါ်ဒေသရဲ့ vulnerabilityဟာ အလွန်မြင့်မား ပါတယ်။ ဒါ့ကြောင့် မုန်တိုင်း တလုံး ဝင်လိုက်ရင် အလွယ်တကူ disaster တခု ဖြစ်နိုင်တဲ့ အနေထား ရှိ နေတယ်လို့ ကျွန်တော် သုံးသပ်ပါတယ်။

ဒေါက်တာ ဦးထွန်းလွင်ပါ။ အခုလို အားနဲချက်တွေ ရှိနေတဲ့ မြန်မာနိုင်ငံ တောင်ပိုင်း ဒေသအတွက် နာဂစ်ဆို အဖြစ်ဆိုးမျိုး ထပ်မကြုံရအောင် ဘာတွေကို ဘယ်လို ပြုပြင် နိုင်မယ် ဆိုတာကို နောက်တပါတ်မှာ ဆက်ပြီး ပြောပြပေးမှာပါ။