ဆစ်ခ် ဘုရား ကျောင်း သေနတ် သမားအမည် ရဲတပ်ဖွဲ့ အတည်ပြု

ဆစ်ခ်ဘုရားကျောင်းအတွင်း ဝင်ရောက်ပစ်ခတ်ခဲ့သူ သေနတ်သမား Wade Michael Pade

အမေရိကန်ပြည်ထောင်စုအတွင်း၊ Wisconsin ဆစ်ခ် ဘုရားရှိခိုးကျောင်းအတွင်း ဝင်ရောက် ပစ်ခတ်တာကြောင့် ဝတ်ပြုဆုတောင်းသူ ၆ ဦး သေဆုံးခဲ့ရတဲ့ ဖြစ်ရပ်မှာ ပစ်ခတ်ခဲ့သူဟာ အမေရိကန် စစ်သားဟောင်းတဦးဖြစ်တယ်လို့ တာဝန်ရှိသူတွေက အတည်ပြု ပြောကြားလိုက်ပါတယ်။

ရဲတပ်ဖွဲ့က ပစ်ခတ်လို့ သေဆုံးသွားခဲ့သူ သေနတ်သမားဟာ အသက် ၄၀ အရွယ်၊ Wade Michael Page ဆိုသူဖြစ်တယ်လို့ စုံစမ်း စစ်ဆေးရေးမှူးတွေက တနင်္လာနေ့မှာ ပြောပါတယ်။ သူဟာ ၁၉၉၀ ခုနှစ်တွေ အတွင်းက အမေရိကန်စစ်တပ်မှာ ၆ နှစ်လောက် အမှုထမ်း ခဲ့ပြီးတဲ့နောက် တပ်စည်းကမ်းဖောက်ဖျက်မှုနဲ့ တပ်က အထုတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

Page ဟာ လူဖြူ အစွန်းရောက်သမားတွေ အမေရိကန်ပြည်ထောင်စုအတွင်း အကြမ်းဖက်သမားတွေ ကို စောင့်ကြည့်နေတဲ့ အဖွဲ့ The Southern Poverty Law Center အဖွဲ့က ပေ့ချ်ဟာ End Apathy လို့ခေါ်တဲ့ လူဖြူ လူမျိုးကြီးဝါဒီ တေးဂီတအဖွဲ့ရဲ့ အဖွဲ့ဝင် ဖြစ်တယ်လို့ ပြောပါတယ်။

သူနဲ့ဆက်နွယ်နေတဲ့ လူမျိုးကြီးဝါဒီတွေကို စောင့်ကြည့်နေကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ ဒီပစ်ခတ်မှုကို ပြည်တွင်း အကြမ်းဖက်မှုအက်ဥပဒေအရ စုံစမ်းစစ်ဆေးနေကြောင်းလည်း ပြောပါတယ်။ Milwaukee မြို့နားမှာ တနင်္ဂနွေနေ့က ဖြစ်ခဲ့တဲ့ ဒီအကြမ်းဖက်မှုမှာ တခြားသူတွေ ပါဝင်ပတ်သက်နေ လိမ့်မယ်လို့ မယုံကြည်ကြောင်းလည်း သက်ဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။