လေထဲမှာ ကြမ်းကြမ်းတမ်းတမ်း လှုပ်ခတ်တာခံခဲ့ရတာကြောင့် စင်္ကာပူ လေကြောင်းလိုင်းက လေယာဥ်စီးခရီးသည်တဦး သေဆုံးခဲ့ပြီး အနည်းဆုံး ၃၀ အင်္ဂါနေ့က ဒဏ်ရာရရှိသွားခဲ့ကြပါတယ်။
လေယာဥ်ဟာ လန်ဒန်ကနေစင်္ကာပူကိုပျံသန်းခဲ့တာဖြစ်ပြီး အာဒမန်ပင်လယ်ပြင်ကိုအဖြတ်မှာ ခုလိုကြုံခဲ့ရတာကြောင့် ဘန်ကောက်ကို အရေးပေါ်ဆင်းသက်ခဲ့ရပါတယ်။ သေဆုံးသွားတဲ့ခရီးသည်ဟာ အသက် ၇၃ နှစ်အရွယ် ဗြိတိသျှခရီးသည်တဦးဖြစ်ပြီး နှလုံးရောဂါနဲ့ကွယ်လွန်သွားပုံရတယ်လို့ လေယာဥ်ကွင်း တာဝန်ရှိသူတဦးက ပြောပါတယ်။
စိုးရိမ်ရလောက်အောင် ဒဏ်ရာရသူ ၇ ယောက်ရှိပြီး လေယာဥ်ဝန်ဆောင်မှု ဝန်ထမ်းတဦးအပါအဝင် အသင့်အတင့် ဒဏ်ရာရသူ ၂၃ ယောက် ရှိပါတယ်။ အနည်းငယ် ဒဏ်ရာရသူ ၉ ယောက်နဲ့ မဆိုစလောက် ဒဏ်ရာရသူ ၁၆ ယောက်ရှိတယ်လို့ သုဝဏ္ဏဘုမ္မိ လေယာဥ်ကွင်း အထွေထွေမန်နေဂျာ Kittipong Kittikachorn က ပြောပါတယ်။
လေယာဥ်ဟာ အမြင့်မီတာ ၁၁,၃၀၀ ကျော်ကနေ မီတာ ၉,၄၀၀ လောက်ကို ၃ မိနစ်ကနေ ၅ မိနစ်အတွင်း ပြုတ်ကျသွားခဲ့တာဖြစ်ကြောင်း FlightRadar 24 အင်တာနက်စာမျက်နှာ အချက်အလက်များက ပြသပါတယ်။ ခါးပတ်မီး လင်းလင်းမလင်းလင်း ခါးပတ် အမြဲပတ်ထားသင့်ပြီး ခရီးစဥ်အတွင်း အနည်းဆုံးသွားလာဖို့လိုပါတယ်လို့ ကျွမ်းကျင်သူ Anthony Brickhouse က ဆိုပါတယ်။