ခုရက်ပိုင်းအတွင်း နိုင်ငံရေးသမားတွေ၊ စစ်ရေး အကဲခတ်တွေ၊ ပြည်တွင်း ပြည်ပ သတင်းစာဆရာတွေ စိတ်အဝင်စားဆုံး သတင်းကတော့ UWSA “ဝ” တပ်ဖွဲ့ထိန်းချုပ်ရာ ပန်ဆန်း က ငြိမ်းချမ်းရေး နှစ် ၃၀ ပြည့် အခန်းအနားပါ။ အစိုးရနဲ့ ငြိမ်းချမ်းရေး တည်ဆောက်တာ နှစ် ၃၀ ပြည့်အခန်းအနားလို့ နာမည်တပ်ထားပေမယ့် တကယ့်တကယ် ၁၉၈၉ ခုနှစ် ဧပြီလ ၁၇ ရက်နေ့ ဆိုတာဟာ ဗမာပြည်ကွန်မြူနစ်ပါတီ ဗကပ လက်အောက်ကနေ ၀ ခေါင်းဆောင်တွေ၊ ၀ ကေဒါနဲ့ ၀ တပ်သားတွေ ကနေ ကွန်မြူနစ်ပါတီ ခေါင်းဆောင်မှုကို ပုန်ကန် ဖယ်ရှား၊ အာဏာသိမ်းယူလိုက်တဲ့ နေ့ဖြစ်ခဲ့ပြီး နှစ် ၃၀ ပြည့် ပွဲဆိုတာကလည်း အဓိကအားဖြင့် စစ်အင်အားပြပွဲ ဖြစ်နေတာပါပဲ။ ဒီပွဲနဲ့ ပတ်သက်ပြီး ပြည်တွင်း ပြည်ပက နိုင်ငံရေး အကဲခတ်တွေ၊ နိုင်ငံရေးသမားတွေက အမျိုးမျိုး အကဲဖြတ်ကြပါတယ်။ အဲဒီအထဲမှာမှ အစိုးရနဲ့ အပစ်ရပ်စာချုပ် NCA လက်မှတ်ထိုးထားတဲ့ မွန်ပြည်သစ်ပါတီ ဒုဥက္ကဌ နိုင်ဟံသာ ပြောဆိုတဲ့ မှတ်ချက်က စိတ်ဝင်စားဖို့ ကောင်းပါတယ်။ သူပြောတာက “စစ်အင်အား တောင့်တင်းလို့ အစိုးရဖက်က လွှမ်းမိုးနိုင်ခြင်း မရှိတဲ့အပေါ် အခြား တိုင်းရင်းသား လက်နက်ကိုင်တွေကလည်း စစ်အင်အားကြီးမားလာအောင် တည်ဆောက်ရမယ် ဆိုတဲ့ အမြင် ရှိလာခဲ့ရင် ငြိမ်းချမ်းရေးဟာ ပိုပြီး အလှမ်းဝေးသွားနိုင်တယ်” ဆိုတဲ့ မှတ်ချက် ဖြစ်ပါတယ်။ မြန်မာ့နိုင်ငံရေးမှာ လက်နက်အင်အား သာလျင် အဓိက ဆိုတဲ့ ဝါဒ ထွန်းကားနေသလား၊ အဲဒီ ဝါဒကြောင့် ငြိမ်းချမ်းရေး အလှမ်းဝေးသွားနိုင်တယ် ဆိုတာကရော ဘယ်လောက်အထိ မှန်သလဲ ဆိုတာ ဆွေးနွေးကြည့်ကြရအောင်ပါ။
ငြိမ်းချမ်းရေး နှစ် ၃၀ ပြည့်ပွဲမှာ UWSA ရဲ့ စစ်အင်အားကို မြင်တွေ့နိုင်ကြပါတယ်။ စစ်သည် အင်အား ၇၆၀၀ အသုံးပြုပြီး ပြတဲ့ အဲဒီ စစ်ရေးပြပွဲမှာ တစ်ဦးချင်း ကိုင်ဆောင်နိုင်တဲ့ လက်နက်ငယ် အင်အားကို မြင်တွေ့နိုင်ရုံမက လေယာဉ်ပစ် စက်သေနတ်ကြီးတွေ၊ လေကြောင်းရန် ကာကွယ်တဲ့ အမြှောက်တွေ၊ မောင်းသူမဲ့ ဒရုန်း လေယာဉ်တွေကိုပါ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒါတွေကြည့်ခြင်းအားဖြင့် အင်အားပြပွဲဟာ အရှေ့တောင်အာရှမှာ သူပုန်တပ်ဖွဲ့တစ်ခုက ပြတဲ့ အခန်းနားဆုံး စစ်ရေးပြပွဲလို့တောင် သတ်မှတ်နိုင်ပါတယ်။ “ဝ” တပ်ဖွဲ့အနေနဲ့ အဲလို စစ်အင်အား တည်ဆောက်ထားနိုင်တဲ့အတွက်လည်း တည်ဆဲအစိုးရရဲ့ တပ်မတော် တစ်ခုက သူတို့ကို လာတိုက်ခိုက်ဝန့်မှာ မဟုတ်ဘူးလို့လည်း ယုံကြည်စိတ်ချမှု ရနေကြမှာ ဖြစ်ပါတယ်။
၁၉၈၉ ခုနှစ် ဗကပ ခေါင်းဆောင်မှုကို အာဏာသိမ်းရာမှာ ခေါင်းဆောင်ခဲ့သူလည်းဖြစ်၊ လက်ရှိ UWSA ရဲ့ စစ်သေနာပတိချုပ် လည်းဖြစ်တဲ့ ဦးပေါက်ယိုချန်းကတော့ သူ့မိန့်ခွန်းမှာ ခုလို ထည့်သွင်း ပြောဆိုသွားပါတယ်။ “ပြည်ထောင်စုအစိုးရမှ “ဝ”တိုင်းရင်းသားများ အား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ် 'ဝ'ပြည်နယ်အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုပြီး ဤရည်မှန်းချက် ပန်းတိုင်ရောက်အောင် ကျွန်တော်တို့မှ ရာသက်ပန်ကြိုးစား အားထုတ်သွားကြမည်ဖြစ်ပြီး၊ အထက်ပါနိုင်ငံရေးတောင်းဆိုမှု အကောင်အထည်မပေါ်ခင်ကာလတွင် ကျွန်တော်တို့သည် လက်တဖက်မှ ငြိမ်းချမ်းရေး ဒီမိုကရေစီရေးအလံကိုလွှင့်ထူပြီး၊ အခြားလက်တဖက်တွင်လက်နက်ဖြင့် မိမိကိုယ်ကိုကာကွယ်ရေးအလံကို လွှင့်ထူကာ လက်ရှိအနေအထားအခြေအနေကို ဆက်လက်စောင့်ထိန်းသွားကြမည်။” ဆိုပြီး ဖြစ်ပါတယ်။
ဒီလို အခြေအနေမျိုးကို အခြားသော တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေ အားကျကြမှာ၊ အတုယူကြမှာကတော့ ဘာမှ ထူးဆန်းတဲ့ ကိစ္စ မဟုတ်ပါဘူး။ နှုတ်က ထုတ်ဖော်ပြောဆိုတာ မလုပ်ကြပေမယ့် အခွင့်အရေးရရင် ရသလောက် စစ်အင်အား တည်ဆောက်ကြမှာကတော့ မလွဲမသွေပါပဲ။ ဒါပေမယ့် အဲလို စစ်အင်အား တည်ဆောက်မှာကိုတော့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြင်းပြင်းထန်ထန် သတိပေးထားပါတယ်။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၁၅ ရက်နေ့က ကျင်းပတဲ့ အစိုးရ၊ တပ်မတော်နဲ့ NCA ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေရဲ့ ထိပ်သီး အစည်းအဝေးမှာ သူက တိုင်းရင်းသား လက်နက်ကိုင် တွေ အနေနဲ့ နိုင်ငံရေးအာဏာ ရယူလိုရင် တရားဝင် နိုင်ငံရေးပါတီ ထူထောင်ပြီး ရွေးကောက်ပွဲဝင်၊ စီးပွားရေး လုပ်ချင်ရင် ကုမ္ပဏီထောင်၊ နိုင်ငံကို ကာကွယ်ချင်ရင် တရားဝင် လက်နက်ကိုင် အဖွဲ့အစည်းဖြစ်တဲ့ တပ်မတော်ထဲဝင် ၊ အဲလို မလုပ်ပဲ လက်နက်စွဲကိုင်ပြီး နိုင်ငံရေး တည်ဆောက်တာတွေ၊ လက်နက်အင်အား လူအင်အား တည်ဆောက်တာတွေ၊ နယ်မြေ တည်ဆောက်နေတာတွေ လုပ်ရင်တော့ နည်းလမ်းပေါင်းစုံနဲ့ တားဆီးသွားမှာ ဖြစ်တယ်၊ လက်နက်အားကိုးပြီး လိုရာတောင်းဆိုဖို့ မကြိုးစားကြနဲ့ ဆိုပြီး ပြောဆိုခဲ့ပါတယ်။
ဒါပေမယ့် တကယ့်ပြသနာက မြန်မာ့ သမိုင်းမှာ လက်နက်အင်အားသုံးပြီး ကိုယ်လိုချင်တာ ရယူခဲ့တာက တိုင်းရင်းသား လက်နက်ကိုင်တွေ မဟုတ်ခဲ့ပါဘူး။ ၁၉၆၂ ခုနှစ်မှာ လက်နက်ကိုင် တပ်မတော်ကို အသုံးချပြီး စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ စစ်အာဏာသိမ်းမှုဟာ လက်နက်အင်အားကို အားကိုးပြီး နိုင်ငံရေးအာဏာကို ရယူခြင်းရဲ့ အစလို့ ပြောနိုင်ပါတယ်။ အာဏာရှင် ဦးနေဝင်းဟာ ခေါင်းစဉ် အမျိုးမျိုးတပ်ပြီး တိုင်းပြည်ကို ၂၆ နှစ်တိုင်တိုင် အုပ်ချုပ်ခဲ့ပါတယ်။ ၁၉၈၈ ခုနှစ်မှာတော့ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ပြည်သူလူထု တစ်ရပ်လုံးက ဒီမိုကရေစီစနစ်ကို လိုလားကြောင်း ဆန္ဒထုတ်ဖော်ကြပါတယ်။ အဲဒီအချိန်မှာလည်း ပြည်သူတွေကို ဒီမိုကရေစီ မပေးပဲ စစ်ဗိုလ်ချုပ်တွေက စစ်အာဏာရှင် စနစ်နဲ့ ဆက်ပြီး အုပ်ချုပ်ပါတယ်။ ဒါဟာလည်း လက်နက်အင်အား အသုံးပြုပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး လုပ်ပိုင်ခွင့် အရပ်ရပ်ကို ရယူခဲ့ခြင်းပါ။ အဲဒီ အခြေအနေဟာ ၂၀၁၁ မတ်လကုန်အထိ ဖြစ်ပြီး ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်ကြီးနေဝင်း လက်နက်အားကိုးနဲ့ အာဏာသိမ်းခဲ့ချိန်က စတွက်ရင် ရာစုနှစ် တစ်ဝက်နီးပါး ကြာတာမို့ မြန်မာ့နိုင်ငံရေးမှာ လက်နက်အားကိုး ဝါဒ အတော်ကြာခဲ့တယ်လို့ မှတ်ယူနိုင်ပါတယ်။
၂၀၁၁ ဧပြီမှာတော့ စစ်အာဏာရှင် စနစ် ရပ်ဆိုင်းသွားပြီး အစိုးရ၊ လွှတ်တော်၊ တပ်မတော် သီးခြားစီ ပေါ်ပေါက်လာပါတယ်။ ဒါပေမယ့်လည်း အရင် စစ်အာဏာရှင်တွေ စိတ်ကြိုက် အတည်ပြု ရေးဆွဲပေးခဲ့တဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံနဲ့ အုပ်ချုပ်ရတဲ့ အခြေအနေ ဖြစ်နေပြန်ပါတယ်။ အားလုံးသိကြပြီဖြစ်တဲ့အတိုင်း အဲဒီ ဖွဲ့စည်းပုံအရ လက်နက်ကိုင် တပ်မတော်ရဲ့ အကြီးအကဲ ကာကွယ်ရေး ဦးစီးချုပ်ဟာ လွှတ်တော် အသီးသီးအတွက် ကိုယ်စားလှယ် လေးပုံတစ်ပုံ အထိ ခန့်အပ်ခွင့် ရထားပါတယ်။ သူ့ကိုယ်စားလှယ်တွေကနေ တဆင့် ဒုသမ္မတ တစ်ယောက်ကိုလည်း ခန့်အပ်နိုင်ပြီး ကာကွယ်ရေး၊ ပြည်ထဲရေးလို အရေးပါတဲ့ ဝန်ကြီးဌာန ၃ ခုအတွက် ဝန်ကြီးတွေ ခန့်အပ်ခွင့်၊ တိုင်းနဲ့ ပြည်နယ် အစိုးရအဖွဲ့မှာ ဝန်ကြီးချုပ်ပြီးရင် အရေးအပါဆုံးဖြစ်တဲ့ နယ်လုံဝန်ကြီးတွေ ခန့်အပ်ခွင့် စတာတွေလည်း ရထားပါတယ်။ အရေးအကြီးဆုံးကတော့ အဲဒီ ဖွဲ့စည်းပုံကို ပြင်ဖို့ ဆိုရင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က သဘောတူမှ ပြင်လို့ရမယ့် အခြေအနေ ဖြစ်နေတာပါပဲ။ အဓိပ္ပါယ်ကတော့ အရင် စစ်အာဏာရှင်တွေဟာ ၂၀၀၈ ဖွဲ့စည်းပုံကို ရေးဆွဲပေးခဲ့ပြီး လက်နက်အင်အားကို အားကိုးတဲ့ ဝါဒ တစ်ရပ် ထူထောင်ပေးသွားခဲ့တဲ့ သဘောပါပဲ။
အားလုံးကို ခြုံငုံသုံးသပ်ကြည့်ရင် မြန်မာ့နိုင်ငံရေးသမိုင်းမှာ ဒီကနေ့ အချိန်ထိ လက်နက်အင်အားကို အားကိုးပြီး နိုင်ငံရေးအာဏာ အပါအဝင် လိုရာကို ရယူလိုတဲ့ လက်နက်အင်အား အားကိုးတဲ့ ဝါဒ ထွန်းကား အသက်ဝင်နေတာ ငြင်းလို့ မရပါဘူး။ ဒီဝါဒလွှမ်းမိုးနေရင် ဒီဝါဒကို ဆုတ်ကိုင်ထားကြရင် ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မှာ မဟုတ်သလို၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ဆိုတာမျိုး၊ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံ ဆိုတာမျိုးကိုလည်း တည်ဆောက်နိုင်မှာ မဟုတ်ပါဘူး။ ငြိမ်းချမ်းရေးနဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ဖို့ဆိုရင် တပ်မတော် စစ်ခေါင်းဆောင်တွေရော၊ လက်နက်ကိုင် တိုင်းရင်းသား ခေါင်းဆောင်တွေပါ လက်နက်အင်အားကို အားကိုးတဲ့ အယူဝါဒ စွန့်လွှတ်ကြရမှာ ဖြစ်ပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။
Your browser doesn’t support HTML5