ရခိုင်ပြသနာ ဖြေရှင်းတာမှာ အောင်မြင်မှု ရနေပါရဲ့လား

Myanmar police officers patrol along the border fence between Myanmar and Bangladesh in Maungdaw, Rakhine State, Myanmar (MOI)

အခု သြဂုတ်လ ၂၅ ရက်နေ့ဟာ ရခိုင်ပြည်နယ်မှာ ARSA အကြမ်းဖက်သမားတွေက နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းတွေနဲ့ ရဲကင်းစခန်း ၃၀ လောက်ကို တပြိုင်နက်တည်း အကြမ်းဖက် ၀င်ရောက် တိုက်ခိုက်ခဲ့တာ တနှစ်ပြည့်တဲ့ နေ့ ဖြစ်ပါတယ်။ တပြိုင်နက်တည်း ရခိုင်ပြည်နယ် မြောက်ပိုင်းက ၅-၆ သိန်းလောက် အရည်အတွက်ရှိမယ့် မူဆလင်တွေ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲ ထွက်ပြေးခဲ့ရတဲ့ ဖြစ်စဉ်ကြီး ဖြစ်ခဲ့တာလည်း တနှစ်ပြည့်တဲ့ နှစ် ဖြစ်ပါတယ်။ ဒီ တနှစ်တာကာလ အတွင်း အဲဒီ ပြသနာနဲ့ ပတ်သက်ပြီး မြန်မာအစိုးရနဲ့ မြန်မာ့တပ်မတော်ဘက်က ဘယ်လိုကိုင်တွယ်ခဲ့တယ်၊ ဘယ်လို အကျိုးရလာဒ်တွေ ရခဲ့တယ်၊ ပြသနာ ပြေလည်ရေးအတွက် ဘယ်လို လုပ်ကိုင်ဆောင်ရွက်သင့်တယ် ဆိုတာကို ပြန်စဉ်းစားသုံးသပ်ဖို့ ကောင်းတဲ့ အချိန်လည်း ဖြစ်ပါတယ်။ ခုတပတ် အဲဒီအကြောင်း လေ့လာ ဆွေးနွေး တင်ပြသွားပါ့မယ်။

ပြီးခဲ့တဲ့ ၂၀၁၇ သြဂုတ်လ ၂၅ ရက်နေ့ လင်းအားကြီးအချိန် ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောဘက်မှာ ARSA အကြမ်းဖက်သမားတွေဟာ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းတွေနဲ့ ရဲကင်းစခန်း ၃၀ လောက်ကို တပြိုင်နက်တည်း စီးနင်း တိုက်ခိုက်ခဲ့ပါတယ်။ ARSA အဖွဲ့အတွက် ဒီတိုက်ခိုက်မှုဟာ ပထမ ဦးဆုံး အကြိမ် တိုက်ခိုက်မှုတော့ မဟုတ်ပါဘူး။ ၂၀၁၆ အောက်တိုဘာ ၉ ရက်နေ့တုန်းကလည်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဌာနချုပ်နဲ့ အခြား စခန်းနှစ်ခု စုစုပေါင်း စခန်း သုံးခုကို ခုလိုပဲ တပြိုင်နက်တည်း အကြမ်းဖက် ၀င်ရောက်တိုက်ခိုက်ခဲ့ပါသေးတယ်။ အဲလို ၀င်ရောက်တိုက်ခိုက်မှု လုပ်ပြီး ၁၀ လ နီးပါးအကြာမှာ အဲဒီအချိန်တုန်းကထက် တိုက်ခိုက်သူ လူအများကြီးပါဝင်တဲ့၊ ပိုပြီး ကျယ်ပြန့်တဲ့ တိုက်ခိုက်မှု ပြုလုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီနေရာမှာ မေးစရာ မေးခွန်းရှိလာတာက ပထမ အကြိမ် တိုက်ခိုက်မှုပြီးတဲ့နောက် မြန်မာ လုံခြုံရေး တပ်ဖွဲ့ဟာ နောက်ထပ် တိုက်ခိုက်မှုတွေ ပေါ်ပေါက်မလာအောင် တားဆီးကာကွယ်မှုတွေကို ဘက်ပေါင်းစုံကနေ ဘာကြောင့် မလုပ်နိုင်ခဲ့သလဲ ဆိုတာပါ။

အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်စဉ်နှစ်ခုအကြား အခြေအနေကို ပြန်သုံးသပ်ရရင် အောက်တိုဘာ တိုက်ခိုက်ခံရပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဟာ အကြမ်းဖက်သမားတွေကို နှိမ်နင်းတာ လုပ်ပါတယ်။ မောင်တောခရိုင်မှာ ည မထွက်ရ အမိန့် ထုတ်ပါတယ်။ အကြမ်းဖက်မှုမှာ မပါတဲ့ အားလုံးသော မူဆလင်ကျေးရွာသားတွေရဲ့ သွားရေး လာရေး၊ လုပ်ကိုင်စားသောက်ရေး အပါအ၀င် နယ်ပယ်များစွာမှာ တင်းကြပ်မှုတွေလုပ်ပါတယ်။ အဲလို လုပ်လို့ မောင်တောခရိုင်ဘက်က ရေလုပ်ငန်း အားလုံးလိုလို ပျက်စီးသွားပြီး မူဆလင်ကျေးရွာသားတွေ အလုပ်အကိုင် ရှားပါးတာ၊ နေ့စဉ် ဘ၀ ရပ်တည်ရေးအတွက် ရုန်းကန်ရ ခက်တာတွေ ကြုံကြရပါတယ်။ ဒီလို ပိုပြီး ဆင်းရဲကြပ်တည်းလာတဲ့ မူဆလင်ကျေးရွာသားတွေကို ARSA အဖွဲ့ဝင်တွေက ၀င်ရောက်စည်းရုံးကြပါတယ်။ မနာခံသူတွေကို အကြမ်းဖက် သတ်ဖြတ်တာ လုပ်ပါတယ်။ အဲလို လုပ်နေတာကို သိနေ၊ မြင်နေ၊ တွေ့နေပေမယ့် အုပ်ချုပ်ရေးနဲ့ လုံခြုံရေးအာဏာပိုင်တွေဘက်က အကာအကွယ်ပေးတာ ဘာမှ မလုပ်နိုင်ခဲ့ပါဘူး။ ဒီလိုနည်းနဲ့ ပိုပြီးများပြားတဲ့ ကျေးရွာသားတွေကို စည်းရုံးမိပြီး ARSA ဟာ အကြမ်းဖက်မှုကို ပထမ တစ်ကြိမ်တုန်းကထက် ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒုတိယတကြိမ် အကြမ်းဖက်မှုဖြစ်တော့ တပ်မတော်က ပိုပြီးပြင်းထန်တဲ့ နှိမ်နင်းမှုနဲ့ တုန့်ပြန်ပါတယ်။ အကြမ်းဖက်မှု ဖြစ်ပွားပြီး နောက်ရက်ကနေ သြဂုတ်လ ၃၀ ရက်နေ့အထိ ၅ ရက်လောက်အတွင်း အကြမ်းဖက်သမား ၃၇၀ လောက်သေကြေတယ်လို့ တပ်မတော်ဘက်က သတင်းထုတ်ပြန်ပါတယ်။ ဒီအရည်အတွက်ဟာ ၂၀၁၂ ခုနှစ်ကစ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်က ဘာသာရေး လူမျိုးရေးဆန်တဲ့ အကြမ်းဖက်မှု ပဋိပက္ခတွေအတွင်း လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့တာနဲ့ နှိုင်းရင်ကို အတော်လေးများတဲ့ အရည်အတွက်ပါ။

တရက် လူ ၇၀ လောက်သေဆုံးသည် အထိ နှိမ်နင်းတာမို့ ဘယ်လောက် ပြင်းထန်တဲ့ နှိမ်နင်းမှုလည်း ဆိုတာ ခန့်မှန်းနိုင်ပါတယ်။ နောက်ဆက်တွဲ ပေါ်ပေါက်လာတာကတော့ မူဆလင် ကျေးရွာသား ၅-၆ သိန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် အစုလိုက် အပြုံလိုက် ထွက်ပြေးကြတဲ့ ပြသနာ၊ မူဆလင် နေအိမ်ပေါင်းများစွာ မီးလောင်တဲ့ပြသနာ စတာတွေ ဆက်တိုက် ဖြစ်လာပါတယ်။ မြန်မာ အစိုးရရဲ့ တရားဝင် ထုတ်ပြန်ချက်မှာတော့ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသွားတဲ့ မူဆလင် ဦးရေ ၅၃၅၀၀၀ ကျော်၊ မောင်တောခရိုင်ဘက်က မူဆင်အိမ်ခြေတွေရဲ့ ၄၅ ရာခိုင်နှုန်းနဲ့ ညီမျှတဲ့ အိမ်ခြေ ၃၅၆၀၀ ကျော် မီးလောင် ပြာကျခဲ့တယ်လို့ ဆိုပါတယ်။ ဒီအခြေအနေကိုကြည့်ပြီး အနောက်နိုင်ငံတွေ အပါအ၀င် နိုင်ငံတကာ အသိုင်းအ၀ိုင်းက မြန်မာအစိုးရနဲ့ တပ်မတော်ဟာ ရခိုင်ပြည်နယ်က မူဆလင်တွေကို လူသားမျိုးနွယ် ဖြစ်တည်မှုကို ဆန့်ကျင်ရာရောက်တဲ့ ရာဇ၀တ်မှု ကျူးလွန်တယ် ဆိုပြီး စွတ်စွဲပစ်တင်တာ၊ ဒါဏ်ခတ် အရေးယူတာတွေ လုပ်တော့တာပါပဲ။

ဒီပြသနာ ပြေလည်ရေးအတွက် အစိုးရဘက်ကနေ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဦးဆောင်ပြီး ရခိုင်ပြည်နယ် ပြန်လည် တည်ဆောက်ရေးဆိုင်ရာ အဖွဲ့ဖွဲ့ပါတယ်။ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ကို ဦးဆောင်စေပြီး ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး အဖွဲ့ ဖွဲ့ပြီး အကြံပြုချက် ရယူပါတယ်။ အဲဒီ အကြံပြုချက်ကို အကောင်အထည် ဖော်မယ့် အဖွဲ့ဖွဲ့ပါတယ်။ အဲဒီ အကောင်အထည် ဖော်နေတဲ့ အဖွဲ့ကို အကြံပေးမယ့် ဒေါက်တာ ဆူရာကီယက် ဆာသီရာထိုင်း ဦးဆောင်တဲ့ အဖွဲ့ဖွဲ့ပြီး အကြံဥာဏ် ရယူပါတယ်။ အခုနောက်ဆုံး အကြမ်းဖက်မှုနောက်ပိုင်း ရခိုင်ပြည်နယ်ထဲက လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကို စုံစမ်းစစ်ဆေးမယ့် အဖွဲ့ ဖွဲ့စည်း ဆောင်ရွက်ပါတယ်။ အခြားတစ်ဖက်မှာတော့ ဘင်္ဂလားဒေ့ရှ် အစိုးရနဲ့ ဆွေးနွေးညှိနှိုင်းပြီး ထွက်ပြေးသွားသူတွေ ပြန်လက်ခံရေး ကိစ္စ၊ ရခိုင်ပြည်နယ်မြောက်ပိုင်းက အခြေခံအဆောက်အဦတွေ ဖွံ့ဖြိုးရေးကိစ္စတွေ အကြီးအကျယ် အကောင်အထည် ဖော်ပါတယ်။ တပ်မတော်ဘက်ကတော့ အကြမ်းဖက်မှု နှိမ်နင်းစဉ်ကာလ တာဝန်ယူခဲ့သူ တစ်ချို့ကို အရေးယူမှု လုပ်ပါတယ်။

ဒါပေမယ့် ကံမကောင်း အကြောင်းမလှစွာပဲ အကြမ်းဖက်မှု ဖြစ်ပွားပြီးတာ တနှစ်ကျော်ကြာလာသည်အထိ ၅-၆ သိန်းလောက်ရှိမယ့် ဒုက္ခသည်တွေထဲက နှစ်နိုင်ငံ သဘောတူညီချက်နဲ့ ပြန်လာသူ တစ်ဦးတစ်လေမှ မရှိသေးပါဘူး။ မူဆလင်တွေ အစုလိုက် အပြုံလိုက် ထွက်ပြေးသွားရတာ၊ သူတို့နေအိမ် အမြောက်အများ မီးလောင် ပျက်စီးကုန်တာ၊ လူ့အခွင့်အရေး ချိုးဖေါက်ခံရတာ စတာတွေကို အရင်းတည်ပြီး နိုင်ငံတကာ အသိုင်းအ၀ိုင်းက လာတဲ့ ဖိအားတွေလည်း လျော့ကျသွားတာ မတွေ့ရသေးပါဘူး။ ဒီထက်ပို အရေးကြီးတာက ရခိုင်ပြည်နယ် မြောက်ပိုင်းနဲ့ ရခိုင်ပြည်နယ်ထဲက ပဋိပက္ခ ဖြစ်ပွားရာ ရေခံမြေခံ ပြသနာတွေ လျော့ပါးသွားအောင် မစွမ်းဆောင်နိုင်သေးတာပါ။ မောင်တောခရိုင်ဘက်က ထွက်မပြေးပဲ ကျန်ခဲ့တဲ့ မူဆလင်တွေ နေရေးထိုင်ရေး စားရေးသောက်ရေး ဘ၀ ရပ်တည်ရေး အဆင်မပြေကြသေးသလို၊ အခြားမြို့နယ်က မူဆလင်တွေကလည်း ရခိုင်ပြည်နယ် အပြင်ဘက် ခိုးထွက်ဖို့ ကြိုးစားရင်း လူကုန်ကူးတာ ခံနေကြရပါတယ်။ ဒါ့အပြင် လူမျိုးရေး၊ ဘာသာရေး မုန်းတီးမှု ပဋိပက္ခ ပြသနာကလည်း ပြေလျော့ မသွားသေးပါဘူး။ ခြုံပြီးပြောရရင် မြန်မာအစိုးရနဲ့ တပ်မတော်ဘက်က ပြသနာကို ကိုင်တွယ် ဖြေရှင်းနေတာတွေမှာ အောင်မြင်မှု ရမနေပါဘူး။

တကယ်တော့ ပြသနာတွေ ဖြေရှင်းရာမှာ အရေးအကြီးဆုံး အချက်က ရခိုင်ပြည်နယ်က မူဆလင်တွေကို မြန်မာနိုင်ငံထဲ နေထိုင်သူတွေ၊ မောင်းထုတ်လို့ မရနိုင်သူတွေအဖြစ် ပထမဦးဆုံး ရှုမြင်ဖို့ပါ။ ဒီ သန်းဂဏန်းနဲ့ချီ အရည်အတွက်ရှိတဲ့ လူတွေ ပညာမတတ်၊ ဆင်းရဲမွဲတေနေတာ၊ အခြားသော တိုင်းရင်းသားတွေနဲ့ ပဋိပက္ခ သဘော ဆောင်နေတာဟာ မြန်မာနိုင်ငံနဲ့ တိုင်းရင်းသားတွေအတွက် အနှုတ်လက္ခဏာ ဖြစ်စေတယ် ဆိုတာ လက်ခံဖို့ပါ။ ဒီလို လက်ခံပြီး ပြသနာတွေကို စနစ်တကျနဲ့ ခက်ခက်ခဲခဲ ဖြေရှင်းမှသာ ပြေလည်မယ့် လမ်းကြောင်းမှန်ပေါ် ရောက်နိုင်မယ် ဖြစ်ကြောင်းပါ။

Your browser doesn’t support HTML5

ရခိုင်ပြသနာ ဖြေရှင်းတာမှာ အောင်မြင်မှု ရနေပါရဲ့လား