အခုရက်ပိုင်း ပြည်သူတွေကြား စိတ်ဝင်စားမှု အများဆုံး သတင်းတပုဒ်ကတော့ လူပုံအလည်မှာ ဝိုင်းဝန်းရိုက်နှက် ကန်ကျောက်ခံရရင်း သေဆုံးသွားရတဲ့ ဟာသသရုပ်ဆောင် အောင်ရဲထွေး ရဲ့ အမှုမှာ အဂတိလိုက်စားတယ် ဆိုပြီး ရန်ကုန်တိုင်း ဥပဒေချုပ် အပါအဝင် ဥပဒေအရာရှိတွေ၊ တရားသူကြီး နဲ့ ရဲစခန်းမှူးတွေကို ဖမ်းဆီး အရေးယူလိုက်တဲ့ သတင်းပါ။ ဦးအောင်ကြည် ဦးဆောင်တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဖွဲ့စည်းအပြီး၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကို ပြင်ဆင်အပြီး အခု ဖမ်းဆီး အရေးယူမှုဟာ တာဝန်ထမ်းဆောင်နေဆဲ အဆင့်အမြင့် ပုဂ္ဂိုလ်တွေကို ဖမ်းဆီး အရေးယူနိုင်ခဲ့တဲ့ အရေးကြီး ဖြစ်စဉ်တခုလည်း ဖြစ်ပါတယ်။ ဒီဖမ်းဆီး အရေးယူမှုကို ကြည့်လိုက်ရင်ပဲ တရားစီရင်ရေး စနစ် ပျက်စီးမှုမှာ ဘယ်သူတွေ တာဝန်ရှိတယ်၊ အဂတိလိုက်စားမှု ဥပဒေ ပြင်ဆင်ခြင်း ဘယ်လောက် အရေးပါတယ် ဆိုတာ မြင်ရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အဂတိလိုက်စားမှု လျော့ကျသွားဖို့ အလားအလာ ရှိသလား ဆိုတာ ခုတပတ် ဆွေးနွေးတင်ပြသွားပါ့မယ်။
အရင်တုန်းကတော့ အဂတိလိုက်စားမှုလို့ ဆိုလိုက်ရင် အစိုးရတာဝန်ရှိသူတွေနဲ့ တရားသူကြီးတွေက အဓိက ကျူးလွန်တာလို့ ပြည်သူအများ မှတ်ယူထားကြပါတယ်။ တရားစီရင်ရေး အပိုင်းကို ကြည့်လိုက်ရင်လည်း အဂတိလိုက်စားမှု များပြားလွန်းတာ ဘယ်သူမှ မငြင်းကြပါဘူး။ ဒါပေမယ့် ပြည်သူအများစုကြီးဟာ တရားသူကြီးတွေကိုပဲ မျက်စေ့ထဲ ပြေးမြင်လေ့ ရှိပါတယ်။ တကယ့်တကယ်တော့ တရားစီရင်ရေး စနစ်ထဲ၊ အဂတိလိုက်စားတာမှာ တရားသူကြီးတွေတင်မက အမှုကို တည်ဆောက် စွဲတင်ပေးရတဲ့ ရဲတပ်ဖွဲ့နဲ့ စသုံးလုံးလို အဖွဲ့အစည်းတွေ၊ အမှုတွေကို တရားစွဲတင်ရာမှာ ဥပဒေဆိုင်ရာတွေ ပြင်ဆင်၊ ထောက်ကူ၊ ပါဝင်ပေးရတဲ့ ဥပဒေ အရာရှိတွေ အားလုံး ပါဝင်ပတ်သက်နေတာ ဖြစ်ပါတယ်။ နမူနာအားဖြင့် လက်ရှိ နာမည်ကြီးနေတဲ့ ဟာသသရုပ်ဆောင် အောင်ရဲထွေးရဲ့ အမှုကို ကြည့်နိုင်ပါတယ်။ ဒီအမှုမှာ တရားစွဲတင်သူဟာ ရဲအရာရှိဖြစ်ပါတယ်။ သူဟာ အမှုကို ခိုင်မာအောင် မတည်ဆောက်ပဲ လာဘ်စားပြီး တရားခံတွေ လျော့ပေါ့ သက်သာအောင် လုပ်ပါတယ်။ ဥပဒေ အရာရှိ နှစ်ယောက်ကတော့ လူသေစေအထိ ဖြစ်စေခဲ့တဲ့ အမှုကို ကြေအေး ရုပ်သိမ်းဖို့ အတွက် လာဘ်ငွေယူ ဆောင်ရွက်ခဲ့ပြီး တိုင်းဥပဒေချုပ်ကတော့ အဂတိလိုက်စားပြီး အဲဒါကို အတည်ပြုပေးပါတယ်။ အလားတူ အမှုကို စစ်ဆေးတဲ့ ခရိုင်တရားသူကြီးကလည်း လာဘ်ငွေယူပြီး အမှုကို ကြေအေး ပိတ်သိမ်းတာ လုပ်ခဲ့ပါတယ်။
တကယ်တော့ ဒီအမှုမှာ ဥပဒေအရာရှိတွေနဲ့ ဥပဒေချုပ်ဟာ အဂတိလိုက်စားပြီး အမှုပိတ်သိမ်းရေး ကိစ္စ ဆောင်ရွက်ရာမှာ ပါဝင်ခဲ့ကြတာပါ။ အခြားသော အမှုတွေမှာတော့ ဥပဒေ အရာရှိတွေဟာ အခြားသော နည်းနာတွေနဲ့ အဂတိလိုက်စားကြပါတယ်။ ဥပမာအားဖြင့် အမှုတခုကို တရားရုံးကို ဘယ်လို ပုဒ်မနဲ့ တင်မယ် ဆိုတာမျိုး ဥပဒေ အရာရှိတွေက အဓိကအားဖြင့် ဆုံးဖြတ်ပေးလေ့ ရှိပါတယ်။ တစ်ချို့ အမှုတွေမှာဆိုရင်တော့ တရားရုံး စွဲတင်သင့် မသင့် မှတ်ချက်ပေးတာမျိုးလည်း လုပ်ကြပါတယ်။ ပြောရရင် တရားရုံး တစ်ရုံးမှာ တရားသူကြီးက တရားစီရင်တယ် ဆိုတာဟာ အမှုကို စွဲတင်တဲ့ ရဲတပ်ဖွဲ့နဲ့ အမှုကို ဘယ်ပုဒ်မတွေနဲ့ ဘယ်လို စွဲဆိုသလဲ ဆိုတဲ့ ဥပဒေအရာရှိတွေရဲ့ လုပ်ရပ်တွေ အပေါ်ကမှ တရားစီရင်ရတာမျိုးပါ။
ရဲတပ်ဖွဲ့နဲ့ ဥပဒေ အရာရှိတွေ တရားမျှမျှတတ မှန်မှန်ကန်ကန် လုပ်မထားရင် တရားသူကြီးဟာ ကောင်းကောင်း တရားမစီရင်နိုင်ပါဘူး။ တကယ်လို့များ တရားသူကြီးကိုယ်တိုင်ကပါ ဘက်လိုက်ပြီ ဆိုရင်တော့ တရားစီရင်ရေး တခုလုံး အမှောင်ဖုံး၊ အမှားက အမှန်ဖြစ်သွားဖို့ များပါတယ်။ အဲဒီလို ဖြစ်ပျက်ခဲ့ဖူးလို့လည်း တရားစီရင်ရေးစနစ် ပြိုလဲပျက်စီးခဲ့ပြီလို့တောင် တင်စားပြောခဲ့ကြတဲ့ အခြေအနေ ဆိုက်ရောက်လာတာ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အခု သရုပ်ဆောင် အောင်ရဲထွေး အမှုကြောင့် တရားစီရင်ရေးစနစ် ပျက်စီးမှုမှာ ရဲတပ်ဖွဲ့နဲ့ တရားသူကြီးတွေချည်းပဲ တာဝန်ရှိတာ မဟုတ်ပဲ နောက်ကွယ်က ဥပဒေအရာရှိတွေ၊ ဥပဒေချုပ်တွေလည်း တာဝန်ရှိတယ် ဆိုတာ အများပြည်သူကို သိမြင်စေခဲ့ပါတယ်။
တကယ်လို့များ အရင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကို ပြင်ဆင်မထားဘူး ဆိုရင် အခု အမှုက အဂတိလိုက်စားမှုကို ဖော်ထုတ်ဖို့ ဖြစ်ကို မဖြစ်နိုင်သလောက်ပါပဲ။ အကြောင်းကတော့ တိုင်ကြားသူ ရှိမှာ မဟုတ်လို့ပါ။ သိပ်မကြာသေးခင်တုန်းကတော့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေမှာ တိုင်ကြားသူ မရှိခဲ့ရင်လည်း ကျော်စောသတင်း ဖြစ်လာရင် ကော်မရှင်ဟာ စုံစမ်းစစ်ဆေးနိုင်တယ် ဆိုတဲ့အချက် ပြင်ဆင်ခဲ့လို့ အခုလို စုံစမ်း ဖော်ထုတ် အရေးယူနိုင်တာ ဖြစ်ပါတယ်။
ဒီအမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးအရေးယူခံရတဲ့ ဥပဒေချုပ်၊ ဥပဒေအရာရှိတွေ၊ တရားသူကြီးနဲ့ ရဲမှူးတို့ဟာ တကြိမ်တခါ အဂတိလိုက်စားရင်း ကံမကောင်း အကြောင်းမလှစွာနဲ့ အရေးယူခံရတယ် လို့ ယုံကြည်သူ တစ်ယောက်တလေမှ ရှိမနေပါဘူး။ ရှေ့နေအသိုင်းအဝိုင်းကတော့ ဒီ ပုဂ္ဂိုလ်တွေအတွက် အဂတိလိုက်စားတယ် ဆိုတာ လုပ်ရိုးလုပ်စဉ်၊ အခုအမှုကတော့ တိုင်းပြည်က စိတ်ဝင်စားတဲ့ ထူးခြား ဖြစ်စဉ် ဖြစ်နေတယ်၊ ဒါတင်မက မြန်မာနိုင်ငံမှာ နယ်ချဲ့ဗြိတိသျှခေတ် ၁၉၂၁ ခု တရားရုံးချုပ် စထောင်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ နီးပါး အတွင်း အခုလို လာဘ်ယူပြီး အမှုကို ရဲရဲတင်းတင်း ပိတ်လိုက်တဲ့ အမှုမျိုး မရှိခဲ့ဘူးတာ၊ အရင်က ရှေ့နေလုပ်ခဲ့ပြီး အခု လက်ရှိ သမ္မတ ဖြစ်နေသူ ကိုယ်တိုင်က သူ့တစ်သက် တစ်ခါမှ မတွေ့ဘူးတဲ့ ဆုံးဖြတ်ချက် ဆိုပြီး မှတ်ချက်ပေးတာ၊ ဒါတင်မက တရားသူကြီးချုပ်၊ ရှေ့နေချုပ် နဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဥက္ကဌ တွေကို ဆင့်ခေါ်ပြီး အမှုကို ဥပဒေအတိုင်း၊ အမှန်အတိုင်း ဖြစ်အောင် ဆောင်ရွက်ပေးဖို့ ညွှန်ကြားခဲ့တာ စတဲ့ ထူးခြားဖြစ်စဉ်တွေကြောင့် အရေးယူနိုင်တာလို့ ဆိုကြပါတယ်။ ပုံမှန်အားဖြင့် နှစ်ဖက် သဘောတူညီပြီး လုပ်ကြတဲ့ အမှုတွေက အဂတိလိုက်စားမှုတွေကို ဖော်ထုတ် ကိုင်တွယ်ဖို့ မလွယ်ဘူး လို့ ဆိုကြပါတယ်။
ပုံမှန်အားဖြင့် အခုအမှုမျိုးကို တရားရုံး စွဲတင်လိုက်ပြီးတဲ့တိုင် ခိုင်လုံအောင် တည်ဆောက်ဖို့ ခက်ခဲနိုင်ပါတယ်။ ဒါကြောင့်လည်း အဂတိလိုက်စားမှု ကော်မရှင်ဟာ လာဘ်ငွေပေးခဲ့သူတွေကို တရားလိုပြသက်သေတွေ အနေနဲ့ အသုံးပြုဖို့ ဆုံးဖြတ်ခဲ့ရပါတယ်။ တကယ်လို့များ လာဘ်ယူသူရော၊ လာဘ်ပေးသူကိုပါ တပြိုင်နက်တည်း တရားစွဲဆိုမယ် ဆိုရင် တရားရုံးရှေ့ ထွက်ဆိုမှုတွေ အတွက် အမှုတည်ဆောက်ရာမှာ အများကြီး ခက်ခဲနိုင်လို့ ဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိအမှု စွဲတင်ပုံဟာ နောက်ပိုင်း အဂတိလိုက်စားမှုနဲ့ ပတ်သက်ပြီး အမှုတွေ တည်ဆောက်ရာမှာ၊ စွဲတင်ရာမှာ စံနမူနာ ဖြစ်စေနိုင်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် လက်ရှိ မြန်မာနိုင်ငံမှာ အလုပ်ဖြစ်မယ့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ နဲ့ ကော်မရှင် ရှိနေပါပြီ။ အဂတိလိုက်စားမှုကို စနစ်တကျနဲ့ အစွမ်းကုန် လုပ်မယ်၊ နိုင်ငံတကာ အလည်မှာ ဂုဏ်သိက္ခာ ကျဆင်းနေတာကို အဖတ်ဆယ်နိုင်အောင် လုပ်မယ်လို့ ကတိပေးထားတဲ့ ကော်မရှင် ဥက္ကဌလည်း ရှိနေပါပြီ။ ဒါပေမယ့် အဂတိလိုက်စားမှု လျော့နည်းဖို့ အတွက် ဆိုတာကတော့ ဥပဒေတခု၊ ကော်မရှင် တခု၊ ဥက္ကဌ တယောက်တည်းနဲ့ လုပ်လို့ရတာမျိုးတော့ မဟုတ်ပါဘူး။ အစိုးရ ဌာနဆိုင်ရာ ဝန်ထမ်းတွေ အဂတိလိုက်စားမှု မရှိပဲ အလုပ်လုပ်နိုင်မယ့် အခြေအနေမျိုး ဖန်တီးပေးတာ၊ ဝန်ထမ်း၊ ရဲတပ်ဖွဲ့၊ တရားသူကြီး၊ ဥပဒေအရာရှိ စတဲ့ နယ်ပယ် အသီးသီးက ပုဂ္ဂိုလ်တွေကို အဂတိလိုက်စားမှု မလုပ်နိုင်အောင် အဆင့်ဆင့် ကြီးကြပ် တာဝန်ခံစေတဲ့ စနစ်ကျင့်သုံးတာ၊ ကိုယ်လိုရာ ရဖို့အတွက် လာဘ်ပေးတာကို ပုံမှန် အလုပ်လို သဘောထားတဲ့ ပြည်တွင်းပြည်ပ လုပ်ငန်းရှင်တွေကို အရေးယူပြတာ၊ ပညာပေးတာ စတာတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်ပါမှ အောင်မြင်နိုင်မယ် ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။
Your browser doesn’t support HTML5