အခုဆိုရင် နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်နိုင်ငံ ပေကျင်းမြို့တော်မှာ ကျင်းပတဲ့ ရပ်ဝန်းနဲ့ ပိုးလမ်းမ ဖိုရမ် အစည်းအဝေး တက်ရောက်ပြီးခဲ့ပါပြီ။ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံပေါင်း ၃၇ နိုင်ငံက အကြီးအကဲတွေ ၊ ပြင်သစ်၊ ဂျာမနီ၊ ဗြိတိန်၊ စပိန်၊ဂျပန်၊တောင်ကိုရီးယားနဲ့ ဥရောသမဂ္ဂ က အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့တွေ၊ အခြား နိုင်ငံနဲ့ အဖွဲ့အစည်းပေါင်း ၁၀၀ ကျော်က ကိုယ်စားလှယ်တွေနဲ့အတူ ကြီးကျယ်ခန်းနားလှတဲ့ အစည်းအဝေးကြီးကို တက်ရောက်ခဲ့သလို၊ အိမ်ရှင် တရုတ်နိုင်ငံက သမ္မတ၊ ဝန်ကြီးချုပ် အပါအဝင် အဆင့်မြင့် အရာရှိကြီးတွေနဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံ ကိစ္စ ဆွေးနွေးတာတွေ၊ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးတာတွေ လုပ်ခဲ့ပါသေးတယ်။ ဒီတစ်ကြိမ် တရုတ်နိုင်ငံ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ မြန်မာနိုင်ငံ အကျိုးစီးပွားအတွက် ဘာတွေ ဆွေးနွေးနိုင်ခဲ့သလဲ၊ မြန်မာနိုင်ငံအတွက် ဘယ်လို ရလာဒ်တွေ ရလာအောင် စွမ်းဆောင်နိုင်ခဲ့သလဲ ဆိုတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ခုတစ်ပတ် အဲဒီအကြောင်း ဆွေးနွေး တင်ပြသွားပါ့မယ်။
ဒေါ်အောင်ဆန်းစုကြည် ရဲ့ တရုတ်နိုင်ငံ ခရီးစဉ်အတွင်း မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ဆောင်ရွက်ခဲ့သမျှကို အပိုင်း ၃ ပိုင်းခွဲပြီး ကြည့်ရှုနိုင်ပါတယ်။ တရုတ်နိုင်ငံရဲ့ အမြင့်ဆုံးခေါင်းဆောင် သမ္မတ ရှီကျင့်ဖျင် နဲ့ ဆွေးနွေးတာ၊ ဝန်ကြီးချုပ် လီခချန်းနဲ့ ဆွေးနွေးတာ၊ နားလည်မှု စာချွန်လွှာ နဲ့ သဘောတူညီချက်တွေ လက်မှတ်ရေးထိုးတာ ဆိုတဲ့ အပိုင်းတွေပဲ ဖြစ်ပါတယ်။ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံတဲ့ အပိုင်းမှာတော့ မူဝါဒနဲ့ ဆိုင်တဲ့ အရေးကြီးတဲ့ ကိစ္စရပ်တွေကို ဆွေးနွေးတာ၊ အရင် ဆွေးနွေး သဘောတူထားပြီးသားတွေကို ထပ်လောင်း အတည်ပြုတာမျိုး လုပ်ခဲ့ပါတယ်။ အဲဒီအထဲမှာ ရခိုင်ပြည်နယ်က သန်းတစ်ဝက်ကျော်မယ့် မူဆလင်တွေ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထွက်ပြေးသွားပြီး မြန်မာနိုင်ငံထဲ ပြန်ဝင်လာရေး၊ မြန်မာအစိုးရရဲ့ လုပ်ငန်းစဉ် အောင်မြင်ရေး အတွက် တရုတ်က ဆက် အကူအညီပေးမယ့် ကိစ္စ ပါပါတယ်။ တဆက်တည်း ရခိုင်ပြသနာနဲ့ ပတ်သက်ပြီး အနောက်နိုင်ငံတွေ အပါအဝင် နိုင်ငံတကာက ဝိုင်းပယ်တာ ခံနေရတဲ့ မြန်မာနိုင်ငံကို ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ မျက်နှာစာမှာ တရုတ်က ဆက်ပြီး အကာအကွယ်ပေးသွားရေးလည်း ပါပါတယ်။ လက်ရှိ မြန်မာ အစိုးရက ကြိုးပမ်း အကောင်အထည် ဖော်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို တရုတ်အစိုးရက ဆက်ပြီး အကူအညီပေးသွားမယ့် ကိစ္စလည်း ဆွေးနွေးခဲ့ပါတယ်။ ကျန်တာတွေကတော့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွေကို နယ်ပယ် အသီးသီးမှာ တိုးမြှင့် ဆောင်ရွက်ရေး ဆိုတဲ့ အစီအစဉ်တွေပဲ ဖြစ်ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး နဲ့ နည်းပညာ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းတွေ အတွက် တရုတ်နိုင်ငံကနေ အမေရိကန် ဒေါ်လာ သန်း ၁၅၀ ဝန်းကျင်ရှိမယ့် တရုတ်ငွေ ယွမ် သန်း ၁၀၀၀ အကူအညီပေးမယ့် ကတိကိုလည်း သမ္မတ ရှီကျင့်ဖျင် ဆီက ရခဲ့တယ်လို့ သိရပါတယ်။ ဒီ အချက်တွေကို ကြည့်လိုက်ရင် တရုတ်သမ္မတ နဲ့ တွေ့ဆုံမှုကနေ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အရင် ကတိကဝတ် ရှိပြီးသား၊ လက်ရှိလည်း လုပ်ဆောင်နေဆဲ ကိစ္စတွေအပေါ် ထပ်လောင်း အတည်ပြုချက် ရလိုက်တာကလွဲပြီး သိပ်ပြီး ထူးခြားတာတွေကိုတော့ မတွေ့မြင်ကြရပါဘူး။
ဝန်ကြီးချုပ် လီခချင်းနဲ့ တွေ့ဆုံမှုတွေမှာတော့ ပိုပြီး အသေးစိတ်ကျတဲ့ ဆွေးနွေးမှုကို တွေ့မြင်ရပါတယ်။ အဲဒီဆွေးနွေးပွဲမှာ မြန်မာဘက်က လိုလားနေတဲ့ တရားဝင် ဆန်တင်သွင်းခွင့် အပါအဝင် ကုန်သွယ်ရေးဆိုင်ရာ လိုအပ်ချက်တွေကို ဆွေးနွေးနိုင်တာ တွေ့ရပါတယ်။ လက်ရှိ တရုတ်ဘက်က တရားဝင် ခွင့်ပြုထားပြီး ဖြစ်တဲ့ ဆန်တန်ချိန် တစ်သိန်း ခွဲတမ်းကို ဆက်ပြီး ပေးဖို့၊ မြန်မာနိုင်ငံက လယ်ယာထွက်ကုန်တွေနဲ့ မွေးမြူရေးထွက် ကုန်တွေကို တရုတ်ဘက်က ပိုပြီး ဝယ်ယူသွားနိုင်ရေး ဆက်ညှိနှိုင်းကြဖို့၊ နှစ်နိုင်ငံ ကုန်သွယ်ရေး ပမာဏ တိုးမြှင့်ရေးနဲ့ တဖက်ကလည်း နယ်စပ်က တရားမဝင် ကုန်သွယ်မှု ပပျောက်စေရေး ဆောင်ရွက်ဖို့ ကိစ္စတွေ တောင်းဆို ဆွေးနွေးနိုင်တာ တွေ့ရပါတယ်။
တရုတ်ဘက်က တောင်းဆိုတာကတော့ ရပ်ဝန်းနဲ့ ပိုးလမ်းမ စီမံကိန်းကြီးအတွက် မြန်မာနိုင်ငံရဲ့ လမ်းပန်း ဆက်သွယ်ရေးနဲ့ သယ်ယူပို့ဆောင်ရေး ဆိုင်ရာ အခြေခံ အဆောက်အဦတွေ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်ဖို့ပါ။ သတင်းတွေမှာ အတိအကျ မဖော်ပြပေမယ့် တရုတ်နယ်စပ် ရွှေလီကနေ တရုတ်ရင်းနှီးမြှုပ်နှံမှုနဲ့ အကောင်အထည် ဖော်နေတဲ့ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုံ အထိတိုင်အောင် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာစေရေးပါ။ တရုတ်ရဲ့ အိန္ဒိယ သမုဒ္ဒယာကို အသုံးပြုရေး၊ သမုဒ္ဒယာ နှစ်စင်း ပေါ်လစီ အကောင်အထည် ဖော်ဖို့ နယ်စပ်ကနေ ကျောက်ဖြူအထိ အဝေးပြေးကားလမ်းတွေ၊ ရထားလမ်းတွေ ပေါ်ပေါက်လာစေရေးဖြစ်ပါတယ်။
ဝန်ကြီးချုပ် လီခချင်းနဲ့ တွေ့ဆုံရာမှာ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ တရုတ်-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်ရေး မမျှမတ ဖြစ်နေတဲ့ အခြေအနေကနေ မျှမျှတတ ဖြစ်လာစေရေး တောင်းဆိုခဲ့ပေမယ့် တကယ်လက်တွေ့ ဖြစ်လာဖို့ကတော့ ကုန်သွယ်ရေး အသာစီးရထားတဲ့ တရုတ်နိုင်ငံနဲ့ ခက်ခက်ခဲခဲ ညှိနှိုင်းရဦးမယ့် အခြေအနေမျိုးပါ။ တရုတ်ဘက်က တောင်းဆိုတဲ့ မြန်မာနိုင်ငံထဲက အခြေခံ အဆောက်အဦတွေ ဖွံ့ဖြိုးလာရေး ဆိုတဲ့ ကိစ္စမှာလည်း ဆင်းရဲတဲ့ မြန်မာနိုင်ငံအဖို့ တရုတ်ချေးငွေနဲ့ပဲ ပြန်ပြီး အကောင်အထည် ဖော်ရမယ့် လုပ်ငန်းတွေ ဖြစ်နေတာမို့ နိုင်ငံတကာ အတွေ့အကြုံတွေကို ကြည့်ပြီး လုပ်ဖို့ လိုမလို၊ လုပ်ခဲ့ရင် ကိုယ့်အင်အား ရှိမရှိ၊ ကိုယ့်အင်အား မရှိရင် တရုတ်အကူအညီကို ဘယ်လို ညှိနှိုင်းယူသင့်တယ် ဆိုတာမျိုး ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားသုံးသပ်ဖို့ လိုပါလိမ့်မယ်။
နောက်ထပ် တစ်ပိုင်းကတော့ နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာ ထိုးတာနဲ့ စာချုပ်ချုပ်ဆိုတာပါ။ အစိုးရသတင်း ဖော်ပြချက်အရ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်အတွင်း နားလည်မှု စာချွန်လွှာ နှစ်ခုနဲ့ သဘောတူ စာချုပ် တစ်ခုပဲ ချုပ်နိုင်ခဲ့တာ တွေ့ရပါတယ်။ MOU နှစ်ခုကတော့ တရုတ်- မြန်မာ စီးပွားရေး စင်္ကြန် ပူးပေါင်းဆောင်ရွက်မှု အစီအစဉ် (၂၀၁၉-၂၀၃၀) နဲ့ စီးပွားရေးနဲ့ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်ဖို့ ၅ နှစ် ဖွံ့ဖြိုးမှု အစီအစဉ် ရေးဆွဲရေး ဆိုင်ရာ နားလည်မှု စာချွန်လွှာတွေပဲ ဖြစ်ကြပါတယ်။ MOU အဆင့်ပဲမို့ တကယ့်တကယ် သဘောတူညီချက်တွေရ၊ စာချုပ်တွေ ချုပ်တဲ့ အဆင့်ရောက်တဲ့အခါ ကိုယ့်နိုင်ငံ အကျိုးစီးပွား ပါအောင် ကြိုးစားကြရဦးမှာပါ။ နှစ်နိုင်ငံ ချုပ်ဆိုခဲ့တဲ့ တစ်ခုတည်းသော စာချုပ်ကတော့ မြန်မာသံအမတ်နဲ့ တရုတ်သံအမတ် တို့ ချုပ်ဆိုတဲ့ စီးပွားရေးနဲ့ နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ သဘောတူ စာချုပ်ပဲ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခု ခရီးစဉ် ကို ပြန်ပြီး သုံးသပ်ကြည့်ရင် အဓိက ကျတာကတော့ တရုတ်နိုင်ငံက အကောင်အထည် ဖော်နေတဲ့ ရပ်ဝန်းနဲ့ ပိုးလမ်းမ စီမံကိန်းကြီးကို ထပ်လောင်း အတည်ပြုပေးတာ၊ အဲဒီ စီမံကိန်းကြီးနဲ့ ပတ်သက်ပြီး မြန်မာဘက်က လုပ်ဖို့ လိုအပ်တာတွေကို အကောင်အထည် ဖော်ပါ့မယ် ဆိုတာကို ထပ်လောင်း ကတိပြုတာတွေပါပဲ။ တရုတ်ဘက်ကလည်း ရခိုင်ပြသနာ ကုလသမဂ္ဂ၊ အနောက်နဲ့ နိုင်ငံတကာ ရဲ့ ဖိအားပေးမှုတွေမှာ မြန်မာဘက်က ဆက်ပြီး ရပ်တည်ပေးသွားမယ်၊ မြန်မာ့ ငြိမ်းချမ်းရေး တရုတ်က ဆက် အကူအညီပေးမယ် ဆိုတာကို ထပ်လောင်း အတည်ပြုပေးတာက အဓိက ကျပါတယ်။ မြန်မာဘက်က တောင်းဆိုတဲ့ နှစ်နိုင်ငံ ကုန်သွယ်ရေး မမျှမတ ဖြစ်နေပြီး မြန်မာဘက်က နစ်နာနေတဲ့ကိစ္စကိုတော့ လက်ခံ ဆွေးနွေးပါ့မယ်လို့ ပြောဆိုတဲ့ အနေအထားလောက်ပဲ ရတာပါ။ မြန်မာနိုင်ငံထဲမှာ သတင်းကြီးနေတဲ့ မြစ်ဆုံရေကာတာ စီမံကိန်း ကိစ္စကို ဆွေးနွေးတယ် ဆိုတာမျိုးကိုတော့ မကြား မသိကြရပါဘူး။ တရုတ်- မြန်မာ ဆက်ဆံရေးမှာ ကုန်သွယ်ရေး၊ စီးပွားရေး အရ မျှမျှတတ ဖြစ်လာစေဖို့၊ မြန်မာ့ ပြည်တွင်းငြိမ်းချမ်းရေး ပြသနာ တရုတ်အပေါ် မှီခိုနေရမှု လျော့ချနိုင်ဖို့၊ နိုင်ငံတကာ မျက်နှာစာမှာ တရုတ်ရဲ့ အကာအကွယ်နဲ့ ရပ်တည်နေရတဲ့ ကိစ္စ ကင်းလွတ်နိုင်ဖို့ ဆိုရင် ဒီထက် သံတမန်ရေး၊ စေ့စပ်ညှိနှိုင်းရေး နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားမှ အကောင်အထည် ပေါ်လာနိုင်မယ် ဖြစ်ကြောင်းပါ။
Your browser doesn’t support HTML5