ကုန်ဈေးနှုန်းကြီးမြင့်တာ အစိုးရနဲ့ မဆိုင်ဘူးလား

Dr Aye Zan, Chief Minister of Mon State (photo- National League for Democracy)

ပြီးခဲ့တဲ့ ဇန်နဝါရီ ၃ ရက်နေ့ မနက်ပိုင်းက မွန်ပြည်နယ် သထုံမြို့မှာ ပြည်နယ်ဝန်ကြီးချုပ်နဲ့ လူထု တွေ့ဆုံပွဲ တစ်ခု ပြုလုပ်ခဲ့ပါတယ်။ အဲဒီ တွေ့ဆုံပွဲမှာ ပြည်သူတစ်ယောက်က ကုန်ဈေးနှုန်း ကြီးမြင့်နေမှုနဲ့ ပတ်သက်ပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို မေးခွန်းတစ်ခု မေးမြန်းပါတယ်။ ဝန်ကြီးချုပ် ပြန်ဖြေလိုက်တဲ့ စကားကတော့ အင်တာနက် လူမှုကွန်ယက် စာမျက်နှာတွေမှာ ပျံ့နှံ့သွားပြီး အတော်လေး ဝေဖန်တာ ခံလိုက်ရပါတယ်။ သူပြောလိုက်တာက “ ကုန်ဈေးနှုန်းကို ကျချင်တယ် ဆိုရင် ဟင်းကို တစ်မယ်ပဲစား၊ ဟင်းတစ်မယ်ပဲစား တော်ပြီ၊ ခဏလေး ကုန်ဈေးနှုန်း ကျသွားမယ် ” ဆိုတဲ့ စကားလုံးပါပဲ။ ဒီစကားလုံးနဲ့ ပတ်သက်ပြီး ဇန်နဝါရီ ၄ ရက်နေ့ မော်လမြိုင်မြို့မှာ လုပ်တဲ့ လွတ်လပ်ရေးနေ့ အခမ်းအနားမှာ ထပ်ပြီး ရှင်းပြခဲ့ပြန်ပါတယ်။ ဒါပေမယ့် သိပ်ပြီး အဆင်ပြေတဲ့ ဖြေရှင်းစကား မဟုတ်ခဲ့ပါဘူး။ ကုန်ဈေးနှုန်း ကျဆင်းရေးနဲ့ ပတ်သက်ပြီး မွန်ပြည်နယ် ဝန်ကြီးချုပ် ပြောစကား ဘာတွေ မှားသွားသလဲ၊ မွန်ဝန်ကြီးချုပ် အပါအဝင် လက်ရှိ အင်န်အယ်လ်ဒီ အစိုးရအဖွဲ့ တာဝန်ရှိသူတွေဟာ အစိုးရတစ်ရပ်ရဲ့ အဓိကတာဝန် ဘာတွေလဲ ဆိုတာ သေသေခြာခြာ သိကြပါရဲ့လား ဆိုတာ လေ့လာသုံးသပ်ကြည့်ကြရအောင်ပါ။

မွန်ပြည်နယ် ဝန်ကြီးချုပ် သထုံမှာ ပြောခဲ့တာက ကုန်ဈေးနှုန်းကျစေချင်ရင် ထမင်းကို တစ်နပ်ပဲစား၊ အလှူတွေမှာ ကျွေးတာမွေးတာတွေကလည်း များလွန်းတယ်၊ ဒါကို လျော့ချကြ၊ အဓိကအားဖြင့် ချိုးခြံချွေတာကြ ဆိုတဲ့ သဘောမျိုး ပြောတာ ဖြစ်ပါတယ်။ ဒါမျိုး အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းကလည်း သူ မကျဆုံးခင် အချိန်တုန်းက စစ်ပြီးခေတ် အင်္ဂလန်နဲ့ ရုရှားကို နမူနာပေးပြီး ချိုးခြံချွေတာဖို့ ပြောခဲ့တာကို နမူနာပေးခဲ့ပါတယ်။ အဲလို ပြောခဲ့တာကို ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့ မော်လမြိုင်မှာ မိန့်ခွန်းပြောတဲ့အခါ သူ့ဆိုလိုရင်းဟာ ပြည်သူတွေကို ဟင်းတစ်မယ်ထဲစား၊ ချိုးခြံချွေတာပြီး ပိုလျှံတဲ့ငွေကို ရင်းနှီးမြှုပ်နှံကြရင် ကုန်ဈေးနှုန်းကျသွားမှာ ဖြစ်တယ်လို့ ပြန်ပြီး ရှင်းလင်းခဲ့ပါတယ်။ တကယ်တော့ သူ အဲလို ထပ်ဖြေရှင်းတာကိုလည်း ပြည်သူတွေက ဘဝင်မကျ လက်မခံနိုင်ကြပါဘူး။ အကြောင်းကတော့ ကုန်ဈေးနှုန်းကျဆင်းရေးမှာ အစိုးရက ဘာတာဝန်မှ မရှိတဲ့ သဘော၊ ပြည်သူတွေက ချိုးခြံချွေတာလိုက်ရင်ပဲ ကုန်ဈေးနှုန်း ကျသွားနိုင်တဲ့ သဘော ပြောခဲ့လို့ပါပဲ။

မွန်ပြည်နယ် ဝန်ကြီးချုပ် ပြောစကားနဲ့ အတိအကျ မတူပေမယ့် ခပ်ဆင်ဆင် စကားမျိုး ပြောခဲ့ဖူးသူ နောက်တစ်ယောက်ကတော့ ပြည်ထောင်စု အစိုးရ စီမံ-ဘဏ္ဍာ ဒုဝန်ကြီး ဦးအောင်ထူးပါ။ သူက ကုန်ဈေးနှုန်း တက်ရတာနဲ့ ပတ်သက်ပြီး ပြည်သူတွေဟာ အစိုးရကိုပဲ အပြစ်တင်နေတာ အကျင့်ပါနေတဲ့အကြောင်း၊ ဒါဟာ Mindset မပြောင်းနိုင်ကြလို့ ဖြစ်တဲ့အကြောင်း၊ ဈေးကွက် စီးပွားရေးစနစ်မှာ ဈေးကွက်ကို လွှမ်းမိုးထားတာ အစိုးရ မဟုတ်တဲ့အကြောင်း၊ ဝယ်လိုအားနဲ့ ရောင်းလိုအားလို့ ခေါ်တဲ့ ဈေးကွက်အင်အားစုတွေပဲ ဖြစ်တဲ့အကြောင်း ပြောဆိုထားလို့ပါပဲ။ သူပြောတာတွေ အမှန်ပဲလား၊ ကုန်ဈေးနှုန်း ကြီးမြင့်ရခြင်း ပြသနာမှာ အစိုးရက ဘာတာဝန်မှ မရှိဘူးလား ဆိုတာကလည်း လေ့လာသုံးသပ်ကြည့်ဖို့ ကောင်းတဲ့ ပြသနာ တစ်ခုပါ။

ဒါနဲ့ ပတ်သက်ပြီး ပထမဦးဆုံး ရှင်းဖို့ လိုတာက ပြည်သူတွေ ပြောပြောနေတဲ့ ကုန်ဈေးနှုန်း မြင့်တက်မှု ပြသနာ ဘာလဲ ဆိုတဲ့ အဓိပ္ပါယ်၊ သိဖို့ လိုပါတယ်။ ပြည်သူတွေ ပြောဆိုနေကြတာဟာ လက်ရှိ သူတို့ အလုပ်လုပ်ပြီး ရနေတဲ့ ဝင်ငွေနဲ့ ကုန်ပစ္စည်း ဒါမှမဟုတ် ဝန်ဆောင်ခ တွေကို ဘယ်လောက် အတိုင်းအတာ ဝယ်ယူသုံးစွဲနိုင်သလဲ ဆိုတဲ့ အခြေအနေကို ဆိုလိုတာပါ။ သူတို့ရတဲ့ ဝင်ငွေရဲ့ ရာခိုင်နှုန်း ဘယ်လောက်ကို နေထိုင်ရေး အတွက် သုံးနေရသလဲ၊ သူတို့ ဝင်ငွေရဲ့ ရာခိုင်နှုန်း ဘယ်လောက်ကို အသက်ရှင်ရုံ အဆင့် စားသောက်ရေးမှာ သုံးနေရသလဲ၊ သူတို့ ဝင်ငွေနဲ့ ဘယ်လို ကုန်ပစ္စည်း ဘယ်လောက် ဝယ်နိုင်သလဲ အဲလို အခြေအနေကို ဆိုလိုတာပါ။

ပြောရရင် ရတဲ့ဝင်ငွေနဲ့ ဘာမှ လောက်လောက်လားလား အသုံးမပြုနိုင်၊ မဝယ်နိုင် မခြမ်းနိုင် ဖြစ်နေတာပါ၊ ဒါကို ပြည်သူတွေက သူတို့ဝင်ငွေတွေကတော့ တိုးတက်မလာဘူး၊ အခြားတစ်ဖက်မှာတော့ ဝယ်ယူစားသုံးရတဲ့ ကုန်ပစ္စည်းတွေရဲ့ ဈေးနှုန်းတွေကတော့ မြင့်တက်လာတယ် ဆိုပြီး ကုန်ဈေးနှုန်း မြင့်တက်လာတယ် ဆိုတဲ့ အသုံးအနှုန်းကို အလွယ်တကူ သုံးနှုန်းနေကြတာ ဖြစ်ပါတယ်။ ဒါကို အစိုးရအဖွဲ့ တာဝန်ရှိသူတွေ နားလည်ဖို့ လိုအပ်ပါတယ်။

Inflation in Myanmar

တကယ်တော့ ကုန်ဈေးနှုန်း တက်ခြင်း ကျခြင်းဟာ ရောင်းလိုအားနဲ့ ဝယ်လိုအားကြောင့် ဖြစ်ရတယ် ဆိုပြီး လွယ်လွယ်ပြောလို့ရတာမျိုးတော့ မဟုတ်ပါဘူး။ ကုန်ဈေးနှုန်း၊ ဒါမှမဟုတ် ဝန်ဆောင်ခ ဈေးနှုန်း သတ်မှတ်မှုတွေမှာ အစိုးရက ကောက်ခံတဲ့ အခွန်အခ ဈေးနှုန်း၊ ကုန်ပစ္စည်း ထုတ်လုပ်မှု ကုန်ကျစားရိတ်၊ သယ်ယူပို့ဆောင်ရေးစားရိတ်၊ ကုန်ပစ္စည်း ဖြန့်ဖြူးပုံ စနစ်၊ မြန်မာကျပ်ငွေ တန်ဘိုး အနိမ့်အမြင့် အစရှိတဲ့ အချက်ပေါင်း များစွာ ပါဝင်နေပြီး အဲဒီအချက်အများစုဟာလည်း အစိုးရရဲ့ စီမံခန့်ခွဲမှုနဲ့ တိုက်ရိုက် ပတ်သက်နေလို့ပါပဲ။ ဥပမာအားဖြင့် အရင် စစ်အာဏာရှင်တွေခေတ်က ပြည်တွင်းမှာ မော်ဒယ်မြင့် ကားတစ်စီး ကျပ် သိန်း ၃၀၀၀ ဝန်းကျင်၊ မိုဘိုင်းဖုန်း ဆင်းကဒ် တစ်ခု ကျပ် သိန်း ၄၀ ကျော် အမှန်တကယ် ဖြစ်ခဲ့ဖူးပါတယ်။ ဒါဟာ ရောင်းလိုအား ဝယ်လိုအားကြောင့် ဖြစ်ရတယ် ဆိုရင် အတော်လေးကို မှားယွင်းတဲ့ သုံးသပ်ချက် ဖြစ်ပါလိမ့်မယ်။ နောက်ပိုင်း ကားတင်သွင်းခွင့်ကို အစိုးရက ဖြေလျော့ပေးလိုက်တဲ့အခါ၊ မိုဘိုင်းဆက်သွယ်ရေး လုပ်ငန်း နိုင်ငံတကာ ပုဂ္ဂလိက ကုမ္ပဏီတွေကို လုပ်ကိုင်ခွင့်ပြုပြီး လွတ်လပ်စွာ ပြိုင်ဆိုင်ခွင့်ပြုလိုက်တဲ့အခါ ကားဈေးနှုန်းတွေကျ၊ မိုဘိုင်းဖုန်း ဆင်းကဒ် တစ်ခု ကျပ် ၁၅၀၀ ဝန်းကျင်၊ တစ်နည်းအားဖြင့် တစ်ဒေါ်လာ ကျော်ကျော် ဈေးနှုန်းအထိ ကျဆင်းသွားတာ တွေ့နိုင်ပါတယ်။ ဒါဟာ အစိုးရရဲ့ စီမံခန့်ခွဲမှုကြောင့် ဈေးနှုန်းကျဆင်းသွားရတယ် ဆိုတဲ့ နမူနာကောင်းပါ။

အလားတူပါပဲ။ ရှမ်းပြည်နယ် အောင်ပန်းဘက်က ဂေါ်ဖီထုတ်တွေ ရန်ကုန်ရောက်တဲ့အခါ ဘာကြောင့် ဈေးနှုန်း အဆမတန် ကြီးမြင့်သွားရသလဲ၊ ကုန်ကား တန်ဆာခ တွေ ကြီးမြင့်နေလို့လား၊ လမ်းမှာ ကောက်ခံတဲ့ အခွန်အခ မြင့်မားနေလို့လား တွက်ချက်ရပါမယ်။ ကုန်ကား တန်ဆာခ ကြီးမြင့်ရတယ် ဆိုရင်လည်း ဘာအကြောင်းကြောင့်လဲ၊ ကုန်ကားအတွက် ရင်းနှီးမြှပ်နှံထားတဲ့ တန်ဘိုးက မြင့်နေလို့လား၊ အဲဒီလိုဆို ကုန်ကားတင်သွင်းခွင့်မှာ ကောက်ခံတဲ့ အခွန်နှုန်းထား၊ မော်တော်ယာဉ် မှတ်ပုံတင်ကြေး စတာတွေ မြင့်နေလို့လား ပြန်ဆန်းစစ်ပြီး အစိုးရက ဖြေလျော့မှုတွေ လုပ်ပေးရပါမယ်။ နောက်ထပ် ပြသနာ တစ်ခုက ကုန်ပစ္စည်း ထုတ်လုပ်မှု စားရိတ်ကြီးမြင့်လို့ ကုန်ဈေးနှုန်းတွေ တက်ရတာပါ။ ကုန်ပစ္စည်း ထုတ်လုပ်သူတွေဟာ အစိုးရ အခွန်အခကြောင့် ကုန်ကြမ်းတွေကို ဈေးကြီးပေး ဝယ်နေရသလား၊ လျှပ်စစ်မရလို့ မီးစက်မောင်းပြီး ထုတ်လုပ်နေရသလား၊ အစရှိတဲ့ ပြသနာပေါင်းစုံကို အစိုးရက လေ့လာဆန်းစစ်နေရပါမယ်။ အဲလို ပြသနာတွေ ရှိနေရင် အခွန်အခ လျော့ချတာ၊ လျှပ်စစ်မီးရအောင် လုပ်ပေးတာ စီစဉ်ပေးနိုင်ခဲ့ရင် ကုန်ပစ္စည်း ထုတ်လုပ်စားရိတ် ကျပြီး ကုန်ဈေးနှုန်းလည်း တည်ငြိမ်ပါလိမ့်မယ်။ နောက်ပြသနာကြီး တစ်ခုက မြန်မာကျပ်ငွေ တည်ငြိမ်ရေးပါ။ ဒါက အစိုးရနဲ့ တိုက်ရိုက်သက်ဆိုင်ပါတယ်။ အစိုးရက မြန်မာကျပ်ငွေ တည်ငြိမ်အောင် မထိန်းနိုင်ရင် ကျပ်ငွေတန်ဘိုးကျ၊ ဒေါ်လာ အပါအဝင် နိုင်ငံခြားငွေ တန်ဘိုးတက်ပြီး ကုန်ကြမ်းပစ္စည်း ဈေးနှုန်းတက်တာ၊ သွင်းကုန်အနေနဲ့ သွင်းလာတဲ့ ကုန်ပစ္စည်းတွေရဲ့ ဈေးနှုန်းတက်တာ ရင်ဆိုင်ရမှာဖြစ်ပြီး အထွေထွေ ကုန်ဈေးနှုန်းလည်း တက်လာမှာပါ။ ခြုံငုံပြီးပြောရရင် ကုန်ဈေးနှုန်း တည်ငြိမ်ရေးမှာ အစိုးရရဲ့ စီမံခန့်ခွဲနိုင်မှု အရည်အချင်း အပေါ် အများကြီး မူတည်နေတယ် ဆိုတာပါ။

ဒါကို အစိုးရတာဝန်ရှိသူတွေက ကုန်ဈေးနှုန်း တက်တယ်ဆိုတာ အစိုးရနဲ့ မဆိုင်ဘူးလို့ လွဲလွဲမှားမှား လက်ခံယုံကြည်နေရင်တော့ တိုင်းပြည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာအောင်၊ ပြည်သူတွေ စားဝတ်နေရေးနဲ့ ဘ၀ အဆင်ပြေလာအောင် အောင်အောင်မြင်မြင် အကောင်အထည်ဖော်ပေးနိုင်မှာ မဟုတ်ပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။

Your browser doesn’t support HTML5

ကုန်ဈေးနှုန်းကြီးမြင့်တာ အစိုးရနဲ့ မဆိုင်ဘူးလား