လျှို့ဝှက်ချက်တွေ ဘယ်လို သတ်မှတ်မလဲ ပေါက်ကြားနေတာတွေကို အရေးမယူတော့ဘူးလား

မြန်မာသမ္မတရုံး- နေပြည်တော်

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက်နေ့က အစိုးရနဲ့ တစ်တိုင်းပြည်လုံးအဆိုင်ရာ အပစ်ရပ်စာချုပ် NCA လက်မှတ်ထိုးထားတဲ့ KNU ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ကနေ ထူးခြားတဲ့ ကြေငြာချက် တစ်စောင် ထုတ်ပြန်ပါတယ်။ “ လူမှုကွန်ယက်သို့ ပြန့်နှံ့သွားသော အကြောင်းကြားစာနှင့် စပ်လျဉ်းသည့် ကိစ္စအား ရှင်းလင်းချက်” လို့ ခေါင်းစဉ် တပ်ထားပြီး သူတို့ KNU အဖွဲ့ကနေ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC ရဲ့ ဥက္ကဌ ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ဆီ ပေးပို့တဲ့စာ ပေါက်ကြားပြီး လူမှုကွန်ယက် စာမျက်နှာတွေပေါ်အထိ ပျံ့နှံ့သွားတဲ့ ကိစ္စ ဖော်ပြထားပါတယ်။ ကြေငြာချက်အဓိပ္ပါယ် အကျဉ်းကတော့ ဒေါ်အောင်ဆန်းစုကြည်ဆီ သူတို့ ပေးတဲ့စာဟာ လျှို့ဝှက် ထိမ်းသိမ်းအပ်သော သတင်းအချက်အလက် ဖြစ်တဲ့အကြောင်း၊ ဒါကို ပေါက်ကြားသွားစေတဲ့အတွက် တစ်ဖက်နဲ့ တစ်ဖက်အကြား ယုံကြည်မှုနဲ့ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးကိုတောင် ထိခိုက်နိုင်တဲ့အကြောင်း ပြေပြေပြစ်ပြစ် ရေးထားတဲ့ စာပါ။ သိပ်မကြာသေးခင်တုန်းကလည်း Weekly Eleven ဂျာနယ် အယ်ဒီတာ ၃ ယောက်ကို ရန်ကုန်တိုင်း အစိုးရက ဖမ်းဆီး၊ တရားစွဲထားတဲ့ကိစ္စ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးကနေ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ဆီ လျှို့ဝှက် အဆင့်အတန်းနဲ့ ပေးပို့တဲ့ ညွှန်ကြားစာ တစ်စောင် ပေါက်ကြားခဲ့ပါသေးတယ်။ အခုလို အစိုးရ ဌာနဆိုင်ရာတွေမှာ လျှို့ဝှက် အဆင့်အတန်းစာတွေ၊ လျှို့ဝှက်သင့်တဲ့စာတွေ မကြာခဏ ပေါက်ကြားတာနဲ့ ပတ်သက်ပြီး တစုံတရာ အရေးယူ ဆောင်ရွက်နေတာမျိုးကိုတော့ မတွေ့ရသေးပါဘူး။ ခုတပတ် လျှို့ဝှက် အဆင့်အတန်း စာတွေနဲ့ ပေါက်ကြားမှု အကြောင်း၊ အဲဒါနဲ့ ဆက်စပ်တဲ့ နောက်ဆက်တွဲပြသနာတွေ အကြောင်း ဆွေးနွေးကြည့်ကြရအောင်ပါ။

ကေအဲန်ယူ အဖွဲ့ကြီးရဲ့ ထုတ်ပြန်ချက်မှာတော့ ရှင်းပါတယ်။ ဒီလို လျှို့ဝှက်ထားသင့်တဲ့စာ ပေါက်ကြားတယ် ဆိုတာ တစ်ဖက်နဲ့ တစ်ဖက် ယုံကြည်မှုနဲ့ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးကိုတောင် ထိခိုက်နိုင်တယ် ဆိုပြီး သွယ်ဝိုက် သတိပေးတာ တွေ့နိုင်ပါတယ်။ နိုင်ငံတော် သမ္မတရဲ့ လမ်းညွှန်ချက်ပါတဲ့ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးကနေ ရန်ကုန်တိုင်း အစိုးရကို ပေးပို့တဲ့စာ ပေါက်ကြားတဲ့ကိစ္စမှာလည်း အလားတူပါပဲ။ ခုဆိုရင် အဲဒီစာပါ အချက်အလက်ကို ကိုင်စွဲပြီး ရန်ကုန်တိုင်း ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ကို သမ္မတ လမ်းညွှန်မှု လက်မခံတဲ့သူ၊ လက်မခံတဲ့ အဖွဲ့အဖြစ် စွပ်စွဲပြစ်တင်တာမျိုးတောင် တွေ့နေကြရပါပြီ။ သိပ်မကြာသေးခင်တုန်းကလည်း တပ်မတော်တွင်း ထိပ်တန်းရာထူးနေရာ အပြောင်းအရွှေ့တွေပြုလုပ်တဲ့ စာတစ်စောင် ပေါက်ကြားမှု ရှိခဲ့ပြီး တပ်မတော် တာဝန်ရှိသူတွေဘက်ကတော့ အဲဒါ မဟုတ်ဘူးလို့ ငြင်းဆိုခဲ့ရပါတယ်။

ဒီ့အပြင် လျှို့ဝှက်အဆင့်လို့ သတ်မှတ်ထားတဲ့ စာတွေ ပုံမှန် ပေါက်ကြားနေလေ့ ရှိတာကတော့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အတွင်းမှာပါ။ ရဲတပ်ဖွဲ့ အဆင့်ဆင့်ဟာ မှုခင်းတွေ ဖြစ်ပေါ်ရင်၊ ဘယ်မှုခင်းပဲဖြစ်ဖြစ် သူတို့ အထက်အဖွဲ့အစည်းကို အစီရင်ခံရလေ့ရှိပါတယ်။ အဲလို အစီရင်ခံစာကို သံကြိုးကြေးနန်းစာ အဖြစ် ခေါ်ဆိုပြီး စာရွက်အားလုံးလိုလိုရဲ့ ထိပ်မှာ လျှို့ဝှက်လို့ ရေးထားလေ့ ရှိပါတယ်။ ဒါပေမယ့် လျှို့ဝှက်လို့ ဘယ်လိုပဲ ရေးထားထား၊ ရဲတပ်ဖွဲ့ တာဝန်ရှိသူ အတော်များများဟာ သူတို့နဲ့ ရင်းနှီးတဲ့ သတင်းမီဒီယာသမားတွေ မှုခင်းကိစ္စ မေးမြန်းလာရင် အဲဒီ လျှို့ဝှက်ကြေးနန်းစာကို လွယ်လွယ်ကူကူ လွှဲပြောင်းပေးလိုက်ကြတာချည်းပါပဲ။ မြန်မာနိုင်ငံက သတင်းမီဒီယာ ဌာနတွေ အားလုံးလိုလို အဲဒီ ရဲစခန်းရဲ့ လျှို့ဝှက် သတ်မှတ်ချက်ပါ ရဲကြးနန်းစာတွေနဲ့ ဘယ်သူမှ မကင်းကြပါဘူး။ သတင်းထောက် အတော်များများရဲ့ လက်ကိုင်ဖုန်းတွေ၊ ကွန်ပျူတာတွေ၊ သတင်းဌာနက ကွန်ပျူတာတွေမှာ အဲဒီ လျှို့ဝှက်လို့ စာတန်းထိုးထားတဲ့ ရဲကြေးနန်းစာ ဒီဂျစ်တယ် ဖိုင်တွေ အများအပြား ရှိနေတတ်ကြပါတယ်။ ဒီလောက်ဆိုရင် သတင်းမီဒီယာ လုပ်ငန်း လုပ်ကိုင်သူ အားလုံးလိုလိုလောက်ဟာ မြန်မာနိုင်ငံ အစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေ နဲ့ တစ်ဝက်လောက် ငြိစွန်းနေပြီ ဆိုတဲ့ သဘောလည်း သက်ရောက်ပါတယ်။

ဒီပြသနာကို ဖြေရှင်းဖို့ ဆိုရင် အစိုးရနဲ့ တပ်မတော်ဘက်မှာ ဘယ်အရာ၊ ဘယ်စာတွေကို ထိပ်တန်းလျှို့ဝှက် ဘယ်စာတွေကို လျှို့ဝှက် အဖြစ် ဘယ်သူက သတ်မှတ်မလဲ ဆိုတဲ့ တိကျတဲ့ စည်းကမ်းသတ်မှတ်ချက်မျိုး ရှိဖို့ လိုပါတယ်။ ခိုင်လုံတဲ့ အကြောင်းပြချက် ရှိတာတွေကိုမှ လျှို့ဝှက် အဆင့်သတ်မှတ်သင့်ပါတယ်။ စာတွေ၊ မှတ်တမ်းတွေ မှန်သမျှ လျှို့ဝှက် ဆိုတဲ့ စာတန်းကြီး မတပ်သင့်သလို၊ ဘယ်လောက်မှ တာဝန်မရှိသူတွေကို သူ့သဘောနဲ့သူ လျှို့ဝှက် ဆိုတဲ့ အဆင့်အတန်း သတ်မှတ်ခွင့် မပေးဖို့လဲ လိုပါတယ်။ ဥပမာအားဖြင့် ဘယ်နေရာမှာ ဘာစီးပွားရေး အဆောက်အဦ ဆောက်ခွင့်ပြုထားတယ်၊ ဘယ်အဆောက်အဦကတော့ဖြင့် ဘယ်သူ့ကို ဘယ်စည်းကမ်းသတ်မှတ်ချက်၊ ဘယ်ဈေးနှုန်းနဲ့ ငှားထားတယ် ဆိုတာမျိုးဟာ လျှို့ဝှက် အဆင့်အတန်း သတ်မှတ်ဖို့ လိုအပ်တာမျိုး မဟုတ်ပါဘူး။

အဲဒီလို တိတိကျကျ သတ်မှတ်ပြီးရင် ကျန်တာတွေကို ဌာနတွင်း ဒါမှမဟုတ် အများပြည်သူ သိပိုင်ခွင့်ရှိတဲ့ အချက်အလက်တွေအဖြစ် သတ်မှတ်ပေးဖို့ လိုပါတယ်။ အဲလို သိပိုင်ခွင့်ရှိတာတွေကို ပုံမှန် ထုတ်ပြန်ပေးတာ ဖြစ်ဖြစ်၊ မေးလာ မြန်းလာရင် ဖြေဆိုတာ၊ အချက်အလက် ထုတ်ပေးတာ ဖြစ်ဖြစ် လုပ်ပေးဖို့ လိုပါတယ်။

ဒီလို သတ်မှတ်ချက်တွေ လုပ်ပြီးရင် ထိပ်တန်းလျှို့ဝှက်၊ ဒါမှမဟုတ် လျှို့ဝှက်လို့ ဆိုတဲ့ စာတွေ၊ အချက်အလက်တွေ မပေါက်ကြားအောင် တင်းတင်းကြပ်ကြပ် ထိန်းသိမ်းဖို့ အစိုးရ၊ တပ်မတော်နဲ့ ဌာနဆိုင်ရာ တာဝန်ရှိသူတွေမှာ တာဝန်ရှိပါတယ်။ အလားတူ ပေါက်ကြားမှု ဖြစ်ပေါ်လာပြီဆိုရင်လည်း ဘယ်ကနေ ပေါက်ကြားသလဲ မရရအောင် စိစစ်၊ စစ်ဆေး၊ ဖော်ထုတ်နိုင်ရပါမယ်။ ဖော်ထုတ်ပြီးရင် ဝန်ထမ်းစည်းကမ်းအရ ဖြစ်စေ၊ တည်ဆဲ ဥပဒေအရ ဖြစ်စေ အရေးယူ အပြစ်ပေးမှုတွေ လုပ်ရပါမယ်။

အခုနောက်ပိုင်း အဲလို လျှို့ဝှက်စာတွေ ပြင်ပ ပေါက်ကြားမှု စစ်ဆေး၊ဖော်ထုတ်၊ အရေးယူတာ မကြားမသိရသလောက် ဖြစ်ပေမယ့် ပေါက်ကြားမှုတွေကတော့ ပုံမှန်လိုလို ရှိနေဆဲပါပဲ။ ဒီလိုပေါက်ကြားမှုတွေဟာ အစိုးရယန္တယားကို အထင်အမြင်သေးမှု၊ မယုံကြည်မှု၊ နောက်ပိုင်း မသမာသူတွေက အတုတွေ ပြုလုပ်လာပြီး ရှုပ်ထွေးတဲ့ ပြသနာတွေ ပေါ်ပေါက်စေခဲ့သလို အခုနောက်ဆုံး KNU ရဲ့စာ ပေါက်ကြားမှုကတော့ ယုံကြည်မှုတည်ဆောက်ရေး၊ အမျိုးသားပြန်လည် ရင်ကြားစေ့ရေး ထိခိုက်စေနိုင်သည် အထိ အန္တရာယ် ရှိလာတာပါ။ အခြားတစ်ဖက်မှာတော့ အစိုးရ၊ တပ်မတော်နဲ့ ရဲတပ်ဖွဲ့ဘက်က စာတွေ၊ အချက်အလက်တွေကို လျှို့ဝှက် အဆင့်အတန်းအဖြစ် ဖေါဖေါသီသီ သတ်မှတ်၊ အသေအခြာ မထိမ်းသိမ်းတော့ နေရာတကာ ပျံ့နှံ့၊ အဲဒီ အချက်အလက်တွေနဲ့ အလုပ်လုပ်နေကြရတဲ့ သတင်းမီဒီယာ အဖွဲ့အစည်းတွေနဲ့ ဂျာနယ်လစ်တွေကိုလည်း၊ ကြောက်ရွံ့မှုနဲ့အတူ အန္တရာယ်ကို လွယ်ထားရတဲ့ အခြေအနေမျိုး ဖြစ်ပေါ်စေပါတယ်။

ဒါကြောင့်၊ အစိုးရ၊ တပ်မတော်နဲ့ ရဲတပ်ဖွဲ့အနေနဲ့ စာတွေ၊ အချက်အလက်တွေကို လျှို့ဝှက် အဆင့်အတန်း သတ်မှတ်ရေး စနစ်တကျ လုပ်ကြဖို့၊ စနစ်တကျ ထိမ်းသိမ်းကြဖို့ လိုပါတယ်။ လျှို့ဝှက်၊ မဟုတ်တာတွေကိုလည်း အများပြည်သူ သိရှိနိုင်အောင် ဖြန့်ဖြူးပေးတာ၊ မေးလာရင် ဖြေကြားပေးတာ လုပ်ဖို့ လိုပါတယ်။ ပေါက်ကြားမှုတွေကြောင့် တိုင်းပြည်နဲ့ ပြည်သူလူထု နစ်နာနိုင်တာတွေကို ချင့်တွက်ပြီး လျှို့ဝှက်စာတွေ ပေါက်ကြားနေတဲ့ကိစ္စ စိစစ်၊ဖော်ထုတ် အရေးယူမှုတွေ လုပ်သင့်နေပြီ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

Your browser doesn’t support HTML5

လျှို့ဝှက်ချက်တွေ ဘယ်လို သတ်မှတ်မလဲ ပေါက်ကြားနေတာတွေကို အရေးမယူတော့ဘူးလား