Your browser doesn’t support HTML5
၂၀၂၀ မေလ ၈ ရက်နေ့အထိ စာရင်းတွေအရ ကမ္ဘာမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၄ သန်းနီးပါးနဲ့ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၂ သိန်း ၇ သောင်းကျော် ရှိခဲ့ပါပြီ။ ရောဂါကူးစက်မှုနဲ့ သေဆုံးမှု တန့်သွားတဲ့ နိုင်ငံ တစ်ချို့၊ ကျဆင်းလာတဲ့ နိုင်ငံ တစ်ချို့မှာတော့ အကန့်အသတ်နဲ့ ကျောင်းတွေ ပြန်ဖွင့်ဖို့၊ စက်ရုံ အလုပ်ရုံ လုပ်ငန်းတွေ ပြန်စဖို့၊ Lockdown ချထားတာတွေ ဖြေလျော့ဖို့၊ ဘောလုံးပွဲလို အားကစားပွဲတွေကို ပရိတ်သတ်မပါပဲ ကျင်းပဖို့ စတဲ့ ကိစ္စတွေ ဆွေးနွေး၊ လုပ်ကိုင် ပြင်ဆင်နေကြချိန် ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၂ ယောက် စတွေ့ခဲ့တဲ့ မတ်လ ၂၃ ရက်နေ့ကနေ စတွက်ရင် ၄၆ ရက်အတွင်း ဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၇၆ ယောက်၊ သေဆုံးသူ ၆ ယောက် ရှိပြီး ရောဂါပြန်လည် သက်သာလာသူ ၆၂ ယောက်ရှိနေပါတယ်။ ပေါ်ထွက်လာတဲ့ ကိန်းဂဏန်းနှိုင်းယှဉ်ချက်တွေအရ မြန်မာနိုင်ငံဟာ ဗိုင်းရပ်စ် ကူးစက်ခံရမှု အရည်အတွက် နည်းတဲ့ နိုင်ငံတွေစာရင်းထဲ ပါဝင်နေသေးတာ တွေ့ရပါတယ်။ ဒီအချိန်အတွင်း မြန်မာ့နိုင်ငံရေး လောကမှာ ပြောဆိုလာကြတဲ့ အကြောင်းအရာ တစ်ခုကတော့ အခုနှစ်အတွင်း အထွေထွေရွေးကောက်ပွဲကြီး ကျင်းပဖြစ်မလား၊ ဒါမှမဟုတ် ရွှေ့ဆိုင်းသွားနိုင်သလား ဆိုတဲ့ ကိစ္စပါပဲ။ မြန်မာနိုင်ငံအတွက် အထွေထွေ ရွေးကောက်ပွဲ ဆိုတာ ဘယ်လောက် အရေးကြီးသလဲ၊ ကမ္ဘာမှာရော မြန်မာမှာပါ ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေး ဆိုက်ရောက်နေချိန် ရွေးကောက်ပွဲ ကျင်းပ သင့်ပါရဲ့လား၊ ရွေးကောက်ပွဲ ဘယ်အခြေအနေ ဆိုက်သွားနိုင်သလဲ ဆိုတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ခုတစ်ပတ် ရွေးကောက်ပွဲ ဆိုင်ရာ ပြသနာအကြောင်း လေ့လာ တင်ပြသွားပါ့မယ်။
လက်ရှိ မြန်မာနိုင်ငံဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းဆဲ နိုင်ငံတွေထဲမှာ ပါဝင်ပါတယ်။ ဒီမိုကရေစီ စနစ် ခိုင်ခိုင်မြဲမြဲ မဖြစ်သေးသလို၊ စစ်အာဏာရှင် စနစ်လက်အောက် ပြန်ရောက်မသွားတော့ပါဘူးလို့ ရာခိုင်နှုန်းပြည့် အာမခံလို့ ရနိုင်တဲ့ အခြေအနေကိုလည်း မရောက်သေးပါဘူး။ မြန်မာနိုင်ငံမှာ ပါလီမန်ဒီမိုကရေစီခေတ်က နောက်ဆုံး ရွေးကောက်ပွဲ လုပ်ခဲ့တာ ၁၉၆၀ ခုနှစ်ကပါ။ နောင် အနှစ် ၃၀ အကြာ ၁၉၉၀ မှာ စစ်အစိုးရက အထွေထွေ ရွေးကောက်ပွဲ တစ်ခု ကျင်းပပေးခဲ့ပေမယ့် ရလာဒ်ကို ဘယ်တုန်းကမှ အသိအမှတ်မပြုခဲ့လို့ အကျိုးသက်ရောက်မှုလည်း မရှိခဲ့ပါဘူး။ စစ်အာဏာရှင်တွေကပဲ ကြီးမှူးကျင်းပပေးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲကလည်း မည်ကာမတ္တ ရွေးကောက်ပွဲပဲ ဖြစ်ပြီး လွတ်လပ်မှု မရှိသလို တရားမျှတမှုလည်း ရှိခဲ့တာမျိုး မဟုတ်ပါဘူး။ ၂၀၁၅ ရွေးကောက်ပွဲရောက်မှသာ လွတ်လပ်တဲ့ ရွေးကောက်ပွဲ ပေါ်ပေါက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်လ်ဒီ ပါတီ အနိုင်ရ၊ အစိုးရဖွဲ့နိုင်ခဲ့တာပါ။ ၁၉၆၀ ခုနှစ်က စတွက်ရင် ၄၅ နှစ်လောက် ရောက်တဲ့ အချိန်ကျမှ လွတ်လပ်တဲ့ ရွေးကောက်ပွဲလည်းဖြစ်၊ အာဏာကို ဆုပ်ကိုင်ထားသူတွေကလည်း ရလာဒ်ကို လက်ခံတဲ့ ရွေးကောက်ပွဲ တစ်ကြိမ်ပဲ ကျင်းပနိုင်တာမို့ နောက်လာမယ့် အထွေထွေ ရွေးကောက်ပွဲတွေဟာ မြန်မာနိုင်ငံ နိုင်ငံရေး အတွက် အတော့်ကို အရေးကြီးတယ် ဆိုတာကိုတော့ ငြင်းလို့ မရပါဘူး။
အခြားတစ်ဖက်က ကြည့်မယ်ဆိုရင်လည်း ဒီမိုကရေစီ အသွင်ကူးပြောင်းဆဲ နိုင်ငံတွေမှာ ဒီမိုကရေစီ စနစ် ပီပီပြင်ပြင် ဖြစ်လာဖို့၊ ဒီမိုကရေစီ ခိုင်မာဖို့ ဆိုရင် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ကျင်းပ၊ ငြိမ်းငြိမ်းချမ်းချမ်း အာဏာလွဲှပေးတဲ့ အလေ့အထ အစဉ်အဆက်မပြတ် ရှင်သန်နေစေဖို့ဟာလည်း အထူးအရေးကြီးပါတယ်။ ဒီအတွက် မြန်မာနိုင်ငံမှာ လက်ရှိ လွှတ်တော်နဲ့ အစိုးရ သက်တမ်း ကုန်ဆုံးမယ့် အချိန် အထွေထွေ ရွေးကောက်ပွဲကြီး ကျင်းပနိုင်ရေး အလွန်အရေးကြီးတယ် ဆိုတာ ငြင်းလို့ မရနိုင်ပါဘူး။
ဒါပေမယ့်လည်း လတ်တလော ထင်မှတ်မထားပဲ ကြုံလိုက်ရတာက ကမ္ဘာနဲ့အဝှမ်း ရင်ဆိုင်နေရတဲ့ COVID-19 ကပ်ဘေး ပြသနာပါ။ အန္တရာယ်ကြီးလှတဲ့ ဒီ ဗိုင်းရပ်စ် ကပ်ဘေးကြီး တည်ရှိနေချိန် လူတွေ စုကြ၊ ဝေးကြ၊ ဟောကြ၊ ပြောကြမယ့်၊ လူစုလူဝေးနဲ့ မဲရုံတွေဆီသွား မဲပေးကြရမယ့် ရွေးကောက်ပွဲလိုမျိုး ကျင်းပသင့်ရဲ့လား ဆိုတာ အဓိက မေးခွန်းဖြစ်လာနေပါတယ်။ ဒါဆိုရင် ကပ်ဘေးကြီး ပြီးဆုံးမှ ရွေးကောက်ပွဲ ကျင်းပကြမလား ဆိုတာကိုလည်း တွက်ဆကြည့်ဖို့ လိုပါတယ်။ လက်ရှိ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေး ဆိုတာ မြန်မာတစ်နိုင်ငံထဲမှာပဲ ပြီးဆုံးသွားပြီဆိုပြီး လုပ်လို့ရတဲ့ အနေအထား မရှိပါဘူး။ ကမ္ဘာကြီးမှာ ကပ်ဘေး ပြီးဆုံးမှ မြန်မာနိုင်ငံမှာလည်း ပြီးဆုံးမှာပါ။ ကမ္ဘာမှာလည်း ဘယ်အချိန် ရောဂါကုသဆေး တွေ့မလဲ၊ ဘယ်အချိန် ကာကွယ်ဆေး ဖော်ထုတ်နိုင်မလဲ ဘယ်သူမှ မမှန်းဆနိုင်သေးတဲ့ အခြေအနေအောက်မှာ မြန်မာနိုင်ငံကလည်း COVID-19 ကပ်ဘေး အောက်မှာပဲ နေထိုင်၊ လုပ်ကိုင်၊ ရုန်းကန်နေကြရပါဦးမယ်။
ဒီအခြေအနေမှာ အရေးကြီးတဲ့ မေးခွန်းတစ်ခုက ရွေးကောက်ပွဲတွေ မကျင်းပနိုင်ရင် လွှတ်တော်တွေ သက်တမ်းကုန်သွားမယ်၊ အစိုးရအဖွဲ့ သက်တမ်း ကုန်သွားမယ် ဆိုရင် တိုင်းပြည် ဘာတွေ ဆက်ဖြစ်လာနိုင်မလဲ ဆိုတာမျိုးပါ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲမှာတော့ လွှတ်တော်တွေ သက်တမ်းကုန်၊ အစိုးရအဖွဲ့လည်း သက်တမ်းကုန်သွားတဲ့တိုင် ရွေးကောက်ပွဲ မကျင်းပဖြစ်ရင် ဘယ်လို ဆက်လုပ်လို့ ရနိုင်တဲ့ ပြဌာန်းချက်မျိုး မတွေ့ကြရပါဘူး။ တစ်ချို့နိုင်ငံရေးသမားတွေကတော့ အရေးပေါ်ကာလ ပြဌာန်းချက်များပါ သမ္မတ ကနေ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကို အာဏာလွဲှပေးတဲ့ ပုဒ်မတွေကို ကိုးကားပြီး တိုင်းပြည်ကို နောက်ပြန်လှည့်ဖို့ အခါပေးကြတာမျိုးလည်း ရှိနေပါတယ်။
ဒီနေရာမှာ ပြန်ကြည့်ဖို့ လိုတာက လက်ရှိ မြန်မာနိုင်ငံ အနေနဲ့ ရွေးကောက်ပွဲတွေကို ဘယ်အချိန် နောက်ဆုံးထား ကျင်းပရင် ဖြစ်နိုင်မလဲ ဆိုတာပါ။ လက်ရှိ လွှတ်တော်သက်တမ်းဟာ ၅ နှစ်ဖြစ်ပြီး ၂၀၂၁ ဇန်နဝါရီမှာ သက်တမ်းကုန်ပါမယ်။ သမ္မတ နဲ့ အစိုးရအဖွဲ့ သက်တမ်းကလည်း ၅ နှစ်ဖြစ်ပြီး ၂၀၂၁ ဧပြီ ၃၀ မှာ သက်တမ်း ကုန်မှာဖြစ်ပါတယ်။ ရွေးကောက်ပွဲ တစ်ခု ကျင်းပနိုင်ရေးမှာ ရွေးကောက်ပွဲ ကော်မရှင် သက်တမ်းရှိ တရားဝင် ဖြစ်နေဖို့တော့ လိုပါလိမ့်မယ်။ အရင် စစ်အာဏာရှင် အစိုးရဟာ ၂၀၁၀ မတ်လ ၁၁ ရက်နေ့မှာ စစ်ဗိုလ်ချုပ်ဟောင်း တစ်ယောက်ဖြစ်တဲ့ ဦးသိန်းစိုးကို ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ခန့်အပ်ပြီး ရွေးကောက်ပွဲ ကျင်းပစေခဲ့ပါတယ်။ ရွေးကောက်ပွဲ ပြီးတဲ့နောက် အာဏာရလာတဲ့ သမ္မတ ဦးသိန်းစိန်ဟာ ဖွဲ့စည်းပုံ အရ ၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်နေ့မှာ စစ်ဗိုလ်ချုပ်ဟောင်း တစ်ယောက်ဖြစ်တဲ့ ဦးတင်အေးကို ကော်မရှင် ဥက္ကဌ အဖြစ် ခန့်အပ်ခဲ့ပါတယ်။ အဲဒီ ကော်မရှင်ဟာ ၅ နှစ်ပြည့်ပြီးနောက် သမ္မတ ဦးသိန်းစိန် အစိုးရ နဲ့အတူ သက်တမ်းကုန်ဆုံး ခဲ့ပါတယ်။ ၂၀၁၆ မတ်လ ၃၀ ရက်နေ့မှာတော့ အာဏာရ အင်န်အယ်လ်ဒီ ပါတီရဲ့ သမ္မတ ဦးထင်ကျော်ကနေ ဦးလှသိန်းကို ကော်မရှင်ဥက္ကဌ တာဝန်ပေးအပ်ခဲ့တာမို့ ကော်မရှင်ရဲ့ သက်တမ်းဟာ အင်န်အယ်လ်ဒီ အစိုးရ ၅ နှစ် သက်တမ်းနဲ့ အတူ လာမယ့် ၂၀၂၁ မတ်လ ၃၀ ရက်နေ့မှ ကုန်ဆုံးမှာ ဖြစ်ပါတယ်။
ရွေးကောက်ပွဲ ကျင်းပသင့်မသင့် နောက်ထပ် ထည့်သွင်းစဉ်းစားဖို့ လိုတာက နိုင်ငံရေးပါတီတွေရဲ့ ဆန္ဒပါ။ လက်ရှိ အစိုးရသက်တမ်းမှာ ဖွဲ့စည်းခဲ့တဲ့ ပြည်ထောင်စု တစ်ဝှမ်းလုံး ရွေးကောက်ပွဲဝင်မယ့် ပါတီကြီးတွေရော၊ လူမျိုးစုတူ ပါတီ အချင်းချင်း ပေါင်းစည်းထားတဲ့ တိုင်းရင်းသားပါတီကြီးတွေကပါ ရွေးကောက်ပွဲဝင်ဖို့ အဆင်သင့် ဖြစ်နေကြတာပါပဲ။ ဒီအခြေအနေတွေ အားလုံးအောက်မှာ ရွေးကောက်ပွဲ ကော်မရှင်ဟာ သူ့နဂို ရည်မှန်းချက်ဖြစ်တဲ့ လာမယ့် နိုဝင်ဘာလ အတွင်းဖြစ်စေ၊ ဒါမှမဟုတ် သူတို့ သက်တမ်း မကုန်ဆုံးသေးတဲ့ ၂၀၂၁ မတ်လကုန် မတိုင်ခင် ဖြစ်စေ အချိန်နောက်ဆုတ်ပြီးမှ ကျင်းပဖို့ ရွေးချယ်မယ် ဆိုရင်လည်း ဖြစ်နိုင်ပါတယ်။ အဲဒီအချိန်ကာလ အထိ COVID-19 ကပ်ရောဂါဘေး ကင်းဝေးခြင်း မရှိသေးတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ အဲလို အခြေအနေ ကြုံခဲ့ရင်လည်း WHO နဲ့ မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်တွေ အောက်ကနေ ကျင်းပတဲ့ ရွေးကောက်ပွဲမျိုး ဖြစ်ကောင်းဖြစ်သွားနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မြန်မာနိုင်ငံလို ဒီမိုကရေစီ အသွင်ကူးပြောင်းစ နိုင်ငံ တစ်နိုင်ငံအတွက် အရင် အာဏာရှင် ခေတ်ဟောင်းကို ပြန် ရောက်မသွားစေဖို့ရာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ မှန်မှန်ကျင်းပဖို့ လိုအပ်ချက်တခုဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။
---------------------