ပြီးခဲ့တဲ့ သြဂုတ်လ ၁၁ ရက်နေ့က နေပြည်တော်မှာ မြန်မာ့ဒီမိုကရေစီ ကူးပြောင်းမှု ဖြစ်စဉ် (Forum on Myanmar Democratic Transition) လို့ နာမည်ပေးထားတဲ့ သုံးသပ်ဆွေးနွေးပွဲ တစ်ခု ပြုလုပ်ပါတယ်။ ဒီ ဆွေးနွေးပွဲကို အစိုးရ၊ တပ်မတော် နဲ့ နယ်ပယ်အသီးသီးက လူပုဂ္ဂိုလ်တွေ လာရောက်ဆွေးနွေးကြပြီး နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကလည်း အဖွင့်မိန့်ခွန်း ပြောခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းထဲမှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ် ပေါ်ပေါက်လာအောင် ဘယ်လိုကြိုးစားခဲ့ရတဲ့အကြောင်း ပြောသွားပါတယ်။
ဒါပေမယ့် လက်ရှိ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု ဖြစ်စဉ် ဘာကြောင့် ပေါ်ပေါက်လာရသလဲ ဆိုတာကိုတော့ ထည့်ပြောမသွားပါဘူး။ Forum မှာ စစ်ဘက်အုပ်ချုပ်မှုမှ အရပ်ဘက်အုပ်ချုပ်ရေးသို့၊ ဗဟိုဦးစီးစနစ်မှ ဈေးကွက်စီးပွားရေးသို့၊ စစ်ပွဲမှသည် ငြိမ်းချမ်းရေးဆီသို့ စသဖြင့် ခေါင်းစဉ်တွေနဲ့ ဆွေးနွေးကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နှစ်ပေါင်း ၅၀ ကျော်ကာလ အတွင်း ၂၀၁၆ ခုနှစ် ရောက်မှ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ဘာကြောင့် ပေါ်လာရတာလဲ၊ ဘယ်အချက်တွေကြောင့်လဲ ဆိုတာ အရင် ဆန်းစစ်ကြဖို့ လိုပါတယ်။ ဒါမှသာ ဒီမိုကရေစီ ပန်းတိုင်ရောက်အောင်၊ ငြိမ်းချမ်းတဲ့၊ တည်ငြိမ်ပြီး ဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကို ဘယ်လို တည်ထောင်ရမလဲဆိုတာ လမ်းစ တွေ့နိုင်ပါလိမ့်မယ်။ အခုတစ်ပတ် အဲဒီအကြောင်း ဆွေးနွေး တင်ပြသွားပါ့မယ်။
အားလုံးသိကြပြီဖြစ်တဲ့အတိုင်း အရင် သမ္မတ ဦးသိန်းစိန် အစိုးရ ရွေးကောက်ပွဲ ကော်မရှင်ဟာ ၂၀၁၅ နိုဝင်ဘာမှာ အထွေထွေ ရွေးကောက်ပွဲကြီး ကျင်းပပေးမယ်လို့ ကြေငြာပေးခဲ့ပါတယ်။ ဒါပေမယ့် အချိန်တစ်ခု အရောက်မှာ ရွေးကောက်ပွဲကို သတ်မှတ်အချိန်အတိုင်းပဲ လုပ်ပေးတော့မလိုလို၊ အချိန်ကိုပဲ ရွှေ့တော့မလိုလို သွေးတိုးစမ်းခဲ့ပါသေးတယ်။ အဲဒီအချက် အပါအဝင် စစ်အာဏာရှင်တွေ ရှေ့ပိုင်း လုပ်ကိုင်ဆောင်ရွက်သမျှ လုပ်ရပ်တွေအပေါ် အခြေခံပြီး ရွေးကောက်ပွဲကို တကယ်ပဲ လုပ်ပေးပါ့မလား၊ လုပ်ပေးခဲ့ရင်ရော လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာပါ့မလား၊ အဲဒီရွေးကောက်ပွဲမှာ အနိုင်ရခဲ့ရင်တောင် အစိုးရဖွဲ့ခွင့် ရပါ့မလား၊ တကယ်ပဲ အာဏာလွဲှပြောင်းပေးပါ့မလား စတဲ့ စိုးရိမ်ပူပန်စိတ် ဝင်ခဲ့ကြရပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံသားတွေရော၊ နိုင်ငံတကာ အသိုင်းအဝိုင်းတွေကပါ အံ့အားသင့်စရာ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်လ်ဒီ ပါတီ အပြတ်အသတ်နိုင်၊ လွှတ်တော်ခေါ်၊ အစိုးရသစ်ဖွဲ့၊ အရင်အစိုးရက အာဏာလွဲှပေး ဆိုတဲ့ ဖြစ်စဉ်ကြီး တစ်ခု အေးအေးချမ်းချမ်း ပေါ်ပေါက်လာခဲ့ပါတယ်။ အဲလို ဖြစ်ပေါ်လာဖို့ အကြောင်းအချက် အနည်းဆုံး လေးချက်လောက် ရှိနိုင်ပါတယ်။
ပထမဆုံး အကြောင်းအချက်ကတော့ ၂၀၁၅ ခုနှစ် နှစ်ဆန်းပိုင်းမှာ ဖုန်ကျားရှင် ဦးဆောင်တဲ့ တပ်ဖွဲ့တွေ ကိုးကန့်နယ်ကို ဝင်ရောက်တိုက်ခိုက်တာပါ။ နောက်ပိုင်း တပ်မတော်က နယ်မြေအများစု ပြန်သိမ်းနိုင်ပေမယ့် အသေအပျောက် အလွန်များပြီး အလွန်အထိနာတဲ့ တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။ ဒီတိုက်ပွဲ အခြေအနေဟာ တပ်မတော် စစ်ခေါင်းဆောင်တွေရဲ့ အိမ်နီးချင်း တရုတ်နိုင်ငံအပေါ် ထားတဲ့ သဘောထား ပြောင်းသွားစေပါတယ်။ နိုင်ငံတကာရဲ့ ဝိုင်းဝန်း ပိတ်ဆို့ ဒါဏ်ခတ်တာ ခံခဲ့ရတဲ့ စစ်အာဏာရှင်တွေအတွက် တရုတ်နိုင်ငံဟာ အဓိက မှီခိုအားထားစရာ နိုင်ငံ ဖြစ်ခဲ့ပါတယ်။ တကယ်လို့များ အရင် စစ်အာဏာရှင်ဟောင်းတွေနဲ့ တပ်မတော်ခေါင်းဆောင်တွေဘက်က ၁၉၉၀ တုန်းကလို ရွေးကောက်ပွဲရလာဒ်ကို အသိအမှတ်မပြု၊ စစ်အာဏာသိမ်းတာမျိုး တစ်ခုခု လုပ်ခဲ့ရင် နိုင်ငံတကာရဲ့ ဝိုင်းပယ်တာ တစ်ကျော့ပြန်ခံရနိုင်ပြီး တရုတ်နိုင်ငံရင်ခွင်ကို ထပ်ပြီး ခိုလှုံရဖို့ပဲ ရှိပါတယ်။ အဲဒီအချိန် တပ်မတော်ကို အကြီးအကျယ် အထိနာစေခဲ့တဲ့ ကိုးကန့်ဒေသထဲ ဝင်ရောက်တိုက်ခိုက်မှု ဖြစ်ပေါ်စေခဲ့တဲ့အတွက် နောက်ထပ် တရုတ်ကို အားကိုးဖို့ ဆိုတာ မဖြစ်နိုင်တော့ဘူးလို့ ယူဆ ခဲ့ကြပုံရပါတယ်။ ဒီလိုနဲ့ တပ်မတော်ဟာ ၁၉၉၀ တုန်းက လမ်းကို မလိုက်တော့ပဲ ရွေးကောက်ပွဲကို အသိအမှတ်ပြုလိုက်ရတယ်လို့ သုံးသပ်နိုင်ပါတယ်။
နောက်ထပ် အရေးကြီး အချက်က အာဏာရ ပြည်ခိုင်ဖြိုးပါတီ အတွင်း အလွန်ကြီးမားတဲ့ အကွဲအပြဲကြီး ဖြစ်ပေါ်ခဲ့တာပါ။ လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း ဦးဆောင်တဲ့ အုပ်စုနဲ့ သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အုပ်စုနှစ်ခုကြားက ပဋိပက္ခဟာ စစ်ဗိုလ်ချုပ်ဟောင်းတွေကြားမှာ အလွန်ကြီးမားတဲ့ အကွဲအပြဲကြီး ဖြစ်ခဲ့ပါတယ်။ ဒီအကွဲအပြဲကြောင့် ပြည်ခိုင်ဖြိုးပါတီဟာ ရွေးကောက်ပွဲမှာ တည်လို့မရတဲ့ အခြေအနေရောက်သည်အထိ ဆိုးရွားစေခဲ့ပါတယ်။
ရွေးကောက်ပွဲမှာ မသမာမှုနည်းတာကလည်း အင်န်အယ်လ်ဒီ ကို အပြတ်အသတ် နိုင်စေတဲ့ အချက်ဖြစ်ခဲ့ပါတယ်။ အဲဒီလိုဖြစ်အောင် အဲဒီအချိန်က သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းရဲ့ နိုင်ငံတကာ ရွေးကောက်ပွဲ စောင့်ကြည့်အဖွဲ့တွေကို ဝင်ခွင့်ပြုလိုက်ခြင်းဟာလည်း အကြောင်းအချက် တစ်ခု အနေနဲ့ ပါပါတယ်။ ဦးတင်အေး ဦးဆောင်တဲ့ ရွေးကောက်ပွဲ ကော်မရှင်ဟာ နိုင်ငံတကာ စောင့်ကြည့်အဖွဲ့တွေကြောင့် မသမာမှုလုပ်ဖို့ လက်တွန့်သွားသလို၊ မသမာမှုလုပ်မယ်လို့ ရည်ရွယ်ချက်ရှိခဲ့ရင်တောင် ပြည်ခိုင်ဖြိုးပါတီ အကွဲအပြဲအောက်မှာ ဘယ်သူ့ကို မသမာမှု လုပ်ပေးရမလဲ ရွေးလို့မရတဲ့ အနေအထားဟာ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတတဲ့ အခြေအနေ ဖြစ်ပေါ်စေခဲ့ပါတယ်။
နောက်ဆုံးတစ်ချက်ကတော့ အင်န်အယ်လ်ဒီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ပွဲ သနင်္ဂဗျူဟာ မှန်ကန်မှု၊ မဆုတ်မနစ်ကြိုးစားမှုကြောင့် မဲအပြတ်အသတ်နဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရွေးကောက်ပွဲမှာ အင်န်အယ်လ်ဒီ မဲအပြတ်အသတ်နဲ့ အနိုင်ရ၊ တပ်မတော်ဘက်ကလည်း အသိအမှတ်ပြုခဲ့တဲ့ အနေအထားဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး စတင်ဖို့ အခြေအနေ ပေါ်ပေါက်လာစေတာ ဖြစ်ပါတယ်။ ဒီအကြောင်းအချက်တွေကို ပြန် သုံးသပ်ကြည့်ရင် မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ပေါ်ပေါက်လာရတာဟာ နိုင်ငံတစ်ချို့မှာလို ဒီမိုကရေစီ အင်အားစုတွေက အာဏာရှင်တွေကို အနိုင်ရ ဖြိုချလိုက်နိုင်လို့ ပေါ်ပေါက်လာရတာမျိုး မဟုတ်သလို၊ စစ်အာဏာရှင်တွေ၊ အာဏာလက်ဝယ်ရှိသူတွေက တကယ့်ကို ဒီမိုကရေစီ ကူးပြောင်းရေး လုပ်ချင်လို့ စိတ်ပါလက်ပါနဲ့ လမ်းဖွင့်ပေးလိုက်တာမျိုးလည်း မဟုတ်ဘူး ဆိုတာ နားလည်ကြဖို့ လိုပါတယ်။
ဒါကြောင့် လက်ရှိ မြန်မာနိုင်ငံမှာ အာဏာရှင်စနစ် နောက်ထပ် မပေါ်ပေါက်တော့ပါဘူးလို့ အသေအခြာ အာမ ခံနိုင်တဲ့ အခြေအနေ မရှိသေးသလို၊ ရှေ့လျောက်ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို အဆင်ပြေပြေ သွားနိုင်တော့မှာပဲ ဆိုပြီး စိတ်ဒုန်းဒုန်းချလို့ မရနိုင်သေးတဲ့ အနေအထားမျိုး ဖြစ်နေပါသေးတယ်။
ဒီအတွက် မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစီ ပန်းတိုင်ကို ဖြောင့်ဖြောင့်ဖြူးဖြူး သွားနိုင်ဖို့ ဆိုရင် ပထမ ဦးဆုံး လုပ်ရမှာက အာဏာရှင်စနစ် ပြန်ပြီး ပေါ်ပေါက်လာနိုင်တဲ့ အခြေအနေမျိုးကို အရင် ရှင်းလင်းဖယ်ရှားပစ်ဖို့ပါ။ ဒီအတွက် တပ်မတော်ရဲ့ သူ့ဖာသာသူ ရပ်တည်ခွင့်ကို မထိခိုက်တဲ့၊ နိုင်ငံရေးအာဏာကိုလည်း မက်မောလို့ မရတော့အောင် ဖွဲ့စည်းပုံထဲက အချက် တစ်ချက်နှစ်ချက်လောက် ပြင်နိုင်အောင် ကြိုးစားသင့်ပါတယ်။ ဒါ့အပြင် စီးပွားရေး တိုးတက်အောင် လုပ်ပြပြီး အောင်မြင်တဲ့ အစိုးရတစ်ရပ်ဖြစ်အောင် ပုံဖော်သင့်ပါတယ်။ ဒီနှစ်ချက် အောင်မြင်အောင် အကောင်အထည် ဖော်နိုင်မှသာ ငြိမ်းချမ်းရေးကိုလည်း တည်ဆောက်နိုင်မှာဖြစ်ပြီး နောက်ကြောင်းပြန်မလှည့်နိုင်တဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လမ်းကြောင်းပေါ်ကိုရောက်ရှိနိုင်မှာ ဖြစ်ကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။
Your browser doesn’t support HTML5