အခုရက်ပိုင်း တကျော့ပြန် ပေါ်လာတာကတော့ ဧရာဝတီ မြစ်ဆုံ ရေအားလျှပ်စစ် ထုတ်လုပ်ရေး စီမံကိန်း ပြသနာပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးရဲ့ ထုတ်ပြန်ချက် တစ်ခုအပေါ် အခြေပြုပြီး အဲဒီ ထုတ်ပြန်ချက်ထဲပါတဲ့ အချက်တစ်ချို့မှားနေတယ်လို့ ကချင်
နိုင်ငံရေးပါတီ ခေါင်းဆောင်တွေရဲ့ ကြေငြာချက် ထုတ်ပြန်တာ၊ တဆက်တည်း သတင်းမီဒီယာတွေက မေးကြ၊ မြန်းကြ၊ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေ၊ နိုင်ငံရေးသမားတွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေကလည်း ကန့်ကွက်ကြနဲ့ မြစ်ဆုံဆည် စီမံကိန်း ဆန့်ကျင်ရေး လှုပ်ရှားမှု တကျော့ပြန် ပေါ်လာနေပါတယ်။ အချိန်ကာလတစ်ချို့ ငြိမ်သက်နေခဲ့တဲ့ မြစ်ဆုံစီမံကိန်းအရေး အခုကျမှ ဘာလို့ ပြန်ပေါ်လာရသလဲ၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်လ်ဒီ အစိုးရ ဒီကိစ္စ ကောင်းကောင်းမွန်မွန် ဖြေရှင်းနိုင်စွမ်း ရှိပါ့မလား ဆိုတာ စိတ်ဝင်စားဖို့ ကောင်းတဲ့ အကြောင်းအရာ ဖြစ်ပါတယ်။ ခုတစ်ပတ် မြစ်ဆုံ စီမံကိန်း ပြသနာအကြောင်း လေ့လာကြည့်ကြရအောင်ပါ။
အကြောင်းတိုက်ဆိုင်တိုင်း တရုတ်နိုင်ငံဘက်က ပြောဆိုတာကတော့ ဒီ မြစ်ဆုံစီမံကိန်း ကိစ္စ သူတို့ဘက်က စတာ မဟုတ်ဘူး ဆိုတာပါပဲ။ ၂၀၀၆ ခုနှစ်မှာ အရင် စစ်အာဏာရှင် အစိုးရလက်ထက် ထိပ်ပိုင်း ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင်ဦး တရုတ်နိုင်ငံ ခရီးစဉ် တစ်ခုအတွင်း မြန်မာနိုင်ငံအတွက် လျှပ်စစ်ဓာတ်အား လိုအပ်တယ်၊ ဒီအတွက် ရေအားကနေ လျှပ်စစ်ဓာတ်အား ထုတ်ယူနိုင်ရေး တရုတ်အစိုးရကနေ ငွေအား၊ နည်းပညာအား အကူအညီပေးပါ ဆိုပြီး တောင်းဆိုရာကနေ ဧရာဝတီ မြစ်ဆုံ အပါအဝင် မေခ နဲ့ မလိခ မြစ်နှစ်သွယ်ပေါ်က ရေအားလျှပ်စစ်ဓာတ်အား ထုတ်ယူရေး စီမံကိန်းတွေ အစပြုခဲ့တာပါ။ ၂၀၀၉ ခုနှစ်မှာ စီမံကိန်းလုပ်ငန်းတွေ စတင်ပြီး သိပ်မကြာခင် သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၂ ခုနှစ်အရောက်၊ ပြည်သူတွေ အုန်းအုန်းကြွက်ကြွက် ကန့်ကွက်ကြတာနဲ့ ယာယီရပ်ဆိုင်းထားခဲ့လိုက်တာ လက်ရှိ ၂၀၁၉ ခုနှစ် တိုင်အောင်ပါပဲ။ စီမံကိန်းအကြောင်း အကြမ်းဖျဉ်း ပြန်ပြောရမယ်ဆိုရင် ကချင်ပြည်နယ် မလိခ မြစ်ပေါ်မှာ ရေကာတာ တစ်ခု၊ မေခ မြစ်ပေါ်မှာ ရေကာတာ ၅ ခု မေခ၊ မြစ်နှစ်သွယ်ပေါင်းဆုံရာ မြစ်ဆုံမှာ ရေကာတာကြီးတစ်ခု စုစုပေါင်း ရေကာတာ ၇ ခု တည်ဆောက်မယ့် စီမံကိန်းကြီးပါ။
စီမံကိန်းတွေ အားလုံးပြီးသွားရင် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၂၁၆၀၀ လောက်ထွက်မယ်လို့ ခန့်မှန်းထားပြီး လက်ရှိ မြန်မာနိုင်ငံက အသုံးပြုနေတဲ့ လျှပ်စစ်ဓာတ်အားရဲ့ ၄ ဆ ဝန်းကျင်လောက်တောင် ရှိပါတယ်။ စီမံကိန်း အားလုံး ကုန်ကျစားရိတ် ဒေါ်လာ ဘီလျံ ၃၀ လောက်မှန်းထားပြီး ကနဦး သဘောတူညီချက်အရ တရုတ် CPI ကုမ္ပဏီက ၈၀ ရာခိုင်နှုန်း၊ မြန်မာအစိုးရ ၁၅ ရာခိုင်နှုန်း နဲ့ အေးရှားဝေါလ် ကုမ္ပဏီက ၅ ရာခိုင်နှုန်းစီ ထည့်ဝင် လုပ်ကိုင်ကြမယ်လို့ ဆိုထားပါတယ်။ ၂၀၁၂ စီမံကိန်းတွေ ယာယီ ရပ်ဆိုင်းမထားခင် အချိန်ထိ တရုတ်ကုမ္ပဏီဘက်က မြစ်ဆုံမှာ မြေပြုပြင်တာ၊ မြစ်ဆုံအောက်ဘက် မြစ်တစ်ဖက်ကမ်းက တိုင်းရင်းသားတွေ ဆက်သွယ် သွားလာရလွယ်အောင် ကြိုးတံတားငယ် ထိုးပေးတာ၊ စီမံကိန်းကို ကွပ်ကဲမယ့် ရုံးနဲ့ ဆက်စပ် အဆောက်အဦတွေ ဆောက်လုပ်တာ၊ ချီဖွေငယ် ရေအားလျှပ်စစ် စီမံကိန်း အကောင်အထည်ဖော်တာ၊ စီမံကိန်းကြောင့် ပြောင်းရွှေ့ရတဲ့ ဒေသခံတွေအတွက် ရွာသစ် တစ်ခု တည်ပေးပြီး တည်ဆောက်ရေးတွေ၊ ကူညီရေး လုပ်ငန်းတွေ လုပ်ပေးတာ စတာတွေကတော့ အကောင်အထည် ဖော်ပြီးသွားပါပြီ။
နောက်ပိုင်း စီမံကိန်းကို ယာယီ ရပ်ဆိုင်းလိုက်ရတယ် ဆိုပေမယ့် မြစ်ဆုံက စီမံခန့်ခွဲရေးရုံး၊ မြစ်ကြီးနား၊ နေပြည်တော်နဲ့ ရန်ကုန်က ဆက်ဆံရေးရုံးတွေကိုတော့ ဆက်ပြီး ဖွင့်လှစ် လုပ်ကိုင်နေကြဆဲပါ။ ကုမ္ပဏီ တာဝန်ရှိသူတွေဟာ မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ မှန်မှန် တွေ့ဆုံမှု လုပ်ကြသလို၊ တရုတ်သံအမတ်ကြီးနဲ့ ပီကင်းကနေ မကြာခဏ လာရောက်တဲ့ ကုမ္ပဏီ တာဝန်ရှိသူတွေကလည်း မြစ်ကြီးနားကို မှန်မှန် သွားလေ့ရှိပါတယ်။
အဓိကကတော့ ကချင်တိုင်းရင်းသား ခေါင်းဆောင်တွေကို စည်းရုံးပြီး မြစ်ဆုံစီမံကိန်း ပြစနိုင်မယ့် အရေး ထောက်ခံမှုရအောင်ပါ။ ဒါတင်မက အရင် တရုတ် CPI ကုမ္ပဏီကို နာမည်ပြောင်းလိုက်တဲ့ State Power Investment Corporation SPIC ကုမ္ပဏီဘက်ကလည်း မြန်မာနိုင်ငံက အာဏာရပါတီက ခေါင်းဆောင်တွေ၊ တပ်မတော် ထိပ်ပိုင်း ခေါင်းဆောင်တွေ၊ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေ၊ စာရေးဆရာတွေ ဂျာနယ်လစ်တွေကို တရုတ်နိုင်ငံ အလည်အပတ် ခရီးစဉ် အများကြီး စီစဉ်ပေးပြီး စည်းရုံးပါတယ်။ အဲဒီခရီးစဉ်တွေထဲမှာ တရုတ်နိုင်ငံထဲက မြစ်ကျဉ်းသုံးသွယ် ရေကာတာ အပါအဝင် ရေကာတာတွေကို လေ့လာတဲ့ ခရီးစဉ်တွေလည်း ပါပါတယ်။
အခုလို ငွေကုန်ကြေးကျ အများကြီးခံပြီး စည်းရုံးတာ အချိန်တစ်ခု ရောက်ပြီလို့ တရုတ်ဘက်က ယူဆပုံရပါတယ်။ ဒီလိုနဲ့ ဒီဇင်ဘာ ၂၈၊ ၂၉ တရုတ်သံအမတ်ကြီးရဲ့ မြစ်ကြီးနား ခရီးစဉ်အပြီး ထုတ်ပြန်ချက် ထွက်လာတာပါ။ အဲဒီထုတ်ပြန်ချက်ထဲမှာ “ မြစ်ဆုံစီမံကိန်း ပြသနာ မဖြေရှင်းပဲ အကြာကြီး အချိန်ဆွဲမည် ဆိုပါက တရုတ်ကုမ္ပဏီများက မြန်မာနိုင်ငံသို့ လာရောက် ရင်းနှီးမြှုပ်နှံရန် ယုံကြည်စိတ်ကို ဆိုးရွားစွာ ထိခိုက်နိုင်ပါကြောင်း” ဆိုတာနဲ့ “ကချင်ပြည်နယ် ဒေသခံ တိုင်းရင်းသား ပြည်သူများသည် မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကို ဆန့်ကျင် ကန့်ကွက်မှု မရှိကြောင်း၊ စီမံကိန်းကို ဆန့်ကျင် ကန့်ကွက်သည်မှာ ပြင်ပမှ လူနှင့် အဖွဲ့အစည်းများ ဖြစ်ပါကြောင်း ” ဆိုတဲ့ အချက်တွေ ပါလာပြီး ကချင်ခေါင်းဆောင်တွေက သူတို့ တရုတ်သံအမတ်ကြီးကို အဲလို ပြောဆိုခဲ့တာမျိုး မရှိပါကြောင်း၊ သူတို့ အနေနဲ့ မြစ်ဆုံစီမံကိန်းကို ထာဝရ ရပ်ဆိုင်းစေလိုတဲ့ မူဝါဒ ရှိတဲ့အကြောင်း ရှင်းတာ လင်းတာ လုပ်ရတဲ့ အခြေအနေ ဆိုက်သွားစေပါတယ်။
နောက်ဆုံးတော့ ဒီ ပြသနာ ဒေါ်အောင်ဆန်းစုကြည်ဆီ အထိ ရောက်သွားပြီး ပြီးခဲ့တဲ့ ကချင်ပြည်နယ်နေ့ မြစ်ကြီးနား ခရီးစဉ်မှာ မြစ်ဆုံ စီမံကိန်းကိစ္စ တိုင်းရင်းသားတွေရဲ့ မေးမြန်းတာ ခံလိုက်ရပါသေးတယ်။ မြစ်ဆုံ စီမံကိန်းနဲ့ ပတ်သက်ပြီး အင်န်အယ်လ်ဒီ အစိုးရ ကြုံရတဲ့ အခက်အခဲက စီမံကိန်းကို ပြန်စမယ် ဆိုရင် တိုင်းရင်းသား ပြည်သူလူထု အများစုကြီးနဲ့ ထိပ်တိုက် ရင်ဆိုင် တိုးရပါလိမ့်မယ်။ ပြိုင်ဘက်တွေရဲ့ နိုင်ငံရေး အမြတ်ထုတ်တာကိုလည်း ခံရပါလိမ့်မယ်။ ရပ်ဆိုင်း လိုက်မယ် ဆိုရင်လည်း တရုတ်ဘက်ကပြောတဲ့ ကုန်ကျစားရိတ် ဒေါ်လာ သန်း ၈၀၀ လောက်ရှိနေပြီ ဆိုတဲ့ ကိစ္စ ရှင်းရလင်းရပါလိမ့်မယ်။ ဆက်ပြီး အချိန်ဆွဲထားဦးမယ် ဆိုရင်လည်း တရုတ်ဘက်က စိတ်မရှည်တဲ့ ပြသနာ၊ တရုတ်ဘက်က ပြောတဲ့ တစ်နှစ် ဒေါ်လာ သန်း ၅၀ လောက် ဘဏ်တိုးတက်နေမယ် ဆိုတဲ့ ကိစ္စကို ရင်ဆိုင်ရပါလိမ့်မယ်။ ပြောရရင် ရှေ့တိုးလည်းခက်၊ နောက်ဆုတ်လည်းခက်၊ ရပ်နေလည်း ခက်တဲ့ ပြသနာမျိုးပါ။
မြစ်ဆုံကိစ္စ မြန်မာအစိုးရဘက်က ဖြစ်သင့် ဖြစ်ထိုက်တဲ့ အချက်ကို စနစ်တကျ ရှာဖွေ၊ ကိုယ်ဖြစ်စေချင်တာကို တရုတ်နဲ့ အပေးအယူလုပ် ညှိနှိုင်းရင် တိုင်းရင်းသား ပြည်သူတွေလည်း လက်ခံ၊ နှစ်ဖက် အစိုးရလည်း ခံသာတဲ့ အဖြေတစ်ခု ရနိုင်ပါတယ်။ ဥပမာ မြစ်ဆုံ စီမံကိန်း တစ်ခုကို ရပ်ဆိုင်းပြီး ကျန် မေခ နဲ့ မလိခ မြစ်တွေပေါ်က ရေကာတာ စီမံကိန်းတစ်ချို့ ဆက်အကောင်အထည် ဖော်တာမျိုးလည်း စဉ်းစားကြည့်နိုင်ပါတယ်။ ကချင်နိုင်ငံရေးပါတီ ခေါင်းဆောင် တစ်ယောက်ဖြစ်တဲ့ ဦးကွမ်ဂေါင်အောင်ခမ်း ကတော့ သူတို့ ဆန့်ကျင်တာ မြစ်ဆုံ တစ်ခုတည်းပဲ၊ အခြား မြစ်နှစ်သွယ်ပေါ်က ရေကာကာ စီမံကိန်းတွေ မပါဘူးလို့ ပြောဆိုထားတာမျိုးလည်း ရှိပါတယ်။ လက်ရှိအချိန် မြန်မာနိုင်ငံထဲမှာ တရုတ်နိုင်ငံက လုပ်ချင်ကိုင်ချင်တဲ့ မဟာဗျူဟာမြောက်တဲ့ စီမံကိန်းကြီးတွေ၊ အခြား အကျိုးစီးပွားတွေ အများကြီး ရှိနေသလို၊ မြန်မာနဲ့ တရုတ်ဟာ နှစ်နိုင်ငံ တည်တံ့နေသ၍ အမြဲတန်း ဆက်ဆံနေရမယ့် အိမ်နီးချင်း နိုင်ငံတွေ ဖြစ်နေတယ် ဆိုတဲ့ အကြောင်းတရားတွေကပဲ မြစ်ဆုံပြသနာ ပြေလည်ရေး လမ်းကြောင်းဆီ ခေါ်ဆောင်သွားနိုင်ပါလိမ့်မယ်။
Your browser doesn’t support HTML5