Your browser doesn’t support HTML5
Zawgyi/ Unicode
အစိုးရနဲ့ အပစ်အခတ် ရပ်စဲပြီး တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ် စာချုပ် NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၅ ရက်နဲ့ ၂၆ ရက်နေ့မှာ အွန်လိုင်းကနေ အစည်းအဝေး လုပ်ပါတယ်။ အစည်းအဝေးမှာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ရှေ့အကောင်အထည် ဖော်မယ့် လုပ်ငန်းတွေကို ဆွေးနွေးတဲ့အပြင် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ အင်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီကိုလည်း ဝမ်းမြောက် ဂုဏ်ယူကြောင်း သဝဏ်လွှာ ပို့ပါတယ်။ သဝဏ်လွှာထဲမှာ သူတို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့လည်း ရေရှည် တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး ရရှိရေးနဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ် စနစ်ကို အခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်ရေး အတွက် မကြာခင် အသစ် ဖွဲ့စည်းမယ့် အစိုးရနဲ့အတူ နိုင်ငံရေး ကတိကဝတ် ခိုင်မာစွာနဲ့ ကြိုးပမ်း တည်ဆောက်သွားမယ့် အကြောင်း ဖော်ပြထားပါတယ်။ ပြောရရင် ၂၀၁၆ အစိုးရ အာဏာရလာစဉ်ကတည်းက ငြိမ်းချမ်းရေး လုပ်ငန်းကို ဦးဆောင် အကောင်အထည်ဖော်ခဲ့တဲ့ အင်န်အယ်လ်ဒီ အစိုးရအနေနဲ့ လာမယ့် အနာဂတ် ကာလမှာလည်း ငြိမ်းချမ်းရေး လုပ်ငန်းတွေကို ဆက်ပြီး အကောင်အထည် ဖော်သွားရမယ့် သဘောပါ။ ဒါပေမယ့်လည်း ရှေ့ပိုင်း ၄ နှစ်ခွဲကျော်ကာလ အင်န်အယ်လ်ဒီ ဦးဆောင် အကောင်အထည်ဖော်ခဲ့တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ အားနည်းချက်တွေ အများကြီး ရှိနေတာ တွေ့မြင်ကြရတဲ့အပြင် ဝေဖန်မှုတွေလည်း ကျယ်ကျယ်ပြန့်ပြန့် ရှိနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သူတို့အကောင်အထည် ဖော်ခဲ့တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပြန်ပြီးသုံးသပ်၊ ပြင်ဆင်ဖို့ ရှိပါရဲ့လား ဆိုတာက စိတ်ဝင်စားဖို့ ကောင်းတဲ့ ကိစ္စတစ်ခုပါ။
အရင် စစ်အာဏာရှင် ခေတ်အလွန် သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်ကစ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အပစ်အခတ် ရပ်စဲရေး၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ဖြစ်မြောက်ရေး လက်တွေ့ကျတဲ့ ချဉ်းကပ်မှုတွေနဲ့ စပြီး အကောင်အထည် ဖော်ခဲ့တာ တွေ့ရပါတယ်။ သမိုင်းဝင်တဲ့ အပေးအယူ အလျော့အတင်းတွေ လုပ်နိုင်ခဲ့လို့ နှစ်ဖက် သဘောတူတဲ့ NCA စာချုပ်ကြီး ရရှိခဲ့ပါတယ်။ ဒါပေမယ့် ကံမကောင်း အကြောင်းမလှစွာနဲ့ပဲ တကယ် လက်မှတ်ထိုးတဲ့ အချိန်ကျမှ အစိုးရနဲ့ တပ်မတော်ဘက်က ကိုးကန့်၊ တအဲန်းပလောင်နဲ့ AA ရခိုင် လက်နက်ကိုင် အဖွဲ့တွေကို ပါဝင်ခွင့် မပေးတာကြောင့် လက်နက်ကိုင် (၈) ဖွဲ့နဲ့ပဲ လက်မှတ်ထိုးခဲ့ရတဲ့ အခြေအနေ ရောက်ခဲ့ပါတယ်။ နောက်ပိုင်း လုပ်ငန်းစဉ်တွေကိုတော့ အင်န်အယ်လ်ဒီ အစိုးရက ဆက်ပြီး တာဝန်ယူခဲ့ရတဲ့ သဘောပါ။
အင်န်အယ်လ်ဒီ အစိုးရ စပြီး တာဝန်ယူရစဉ်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ ပတ်သက်ပြီး အပိုင်း(၃) ပိုင်း ရှိနေတာ တွေ့ရပါတယ်။ တစ်ပိုင်းကတော့ NCA အပစ်ရပ် စာချုပ် လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ ဆွေးနွေးညှိနှိုင်းပြီး တိုးတက်မှု ရအောင် လုပ်ဖို့၊ နောက်တစ်ပိုင်းက တိုက်နေ ခိုက်နေဆဲ ကချင်၊ ကိုးကန့်၊ တအဲန်းပလောင်၊ ရခိုင် AA တပ်ဖွဲ့တွေနဲ့ ပထမ အဆင့် အပစ်အခတ် ရပ်စဲအောင် လုပ်ဖို့၊ နောက်ဆုံး အပိုင်းကတော့ တိုက်ခိုက်နေတာလဲ မရှိ၊ သဘောတူညီချက် တစ်စုံတစ်ရာလည်း မရသေးတဲ့ ဝ၊ မိုင်းလား၊ ကရင်နီ၊ SSPP/SSA ရှမ်းတပ်ဖွဲ့တွေ NCA စာချုပ်ထဲ ပါဝင်လာဖို့ ကြိုးစား ညှိနှိုင်းရတာ ဖြစ်ပါတယ်။
၄ နှစ်ခွဲတာကာလ နိဂုံးချုပ်ကြည့်လိုက်တဲ့အခါ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကြီး လုံး၀ ပျက်စီးမသွားဘူး၊ ရှိနေသေးတယ်၊ ရှေ့ကို ဆက်ပြီး သွားနေသေးတယ် ဆိုရုံကလွဲလို့ အင်န်အယ်လ်ဒီ အစိုးရ အနေနဲ့ အပိုင်း ၃ ပိုင်းလုံးမှာ ပြောပလောက်တဲ့ အောင်မြင်မှု ရခဲ့တာ မတွေ့မမြင်ကြရပါဘူး။ အပစ်ရပ်ထားတဲ့ အဖွဲ့တွေနဲ့လည်း နားလည်မှုလွဲ၊ ကာလကြာရှည် ဆွေးနွေးမှု ရပ်ဆိုင်း၊ တိုက်နေခိုက်နေတဲ့ အဖွဲ့တွေနဲ့လည်း တိုက်နေ ခိုက်နေဆဲ၊ NCA မထိုးတဲ့ အဖွဲ့တွေကလည်း နဂိုအတိုင်း သူ့ဖာသာသူ ရပ်တည်မြဲ၊ နေမြဲအတိုင်းပဲ တွေ့မြင်ရလို့ ဖြစ်ပါတယ်။
ဒီလို အောင်မြင်မှု မရတာမှာ တပ်မတော်ဘက်က ပိုပြီး သဘောထား တင်းမာလာလို့၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တစ်ချို့နဲ့လည်း ညှိနှိုင်းရ ခက်ခဲနေလို့ ဆိုတဲ့ ပြသနာတွေအပြင် အင်န်အယ်လ်ဒီ အစိုးရကိုယ်တိုင်က အားနည်းချက်တွေ အများကြီး ရှိနေတာ တွေ့မြင်နိုင်ပါတယ်။
ပထမ ဦးဆုံး အားနည်းချက်ကတော့ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင် ကာလ အထိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး စိတ်ဝင်စားမှု အားနည်းတာကနေ အခြေခံပါတယ်။ အဲဒီအချိန် သမ္မတ ဦးသိန်းစိန်က ခန့်အပ်တဲ့ အဖွဲ့က ငြိမ်းချမ်းရေးကို ဦးဆောင် အကောင်အထည် ဖော်နေချိန်မှာ အတိုက်အခံ ဖြစ်နေတဲ့ အင်န်အယ်လ်ဒီ ပါတီဘက်က ဘယ်သူ တစ်ဦးတစ်ယောက်ကမှ စိတ်တဝင်စား ပါဝင်တာ၊ ပူးပေါင်းတာ၊ လေ့လာတာ မရှိခဲ့ပါဘူး။ ဒီအတွက်လည်း အင်န်အယ်လ်ဒီ ပါတီဟာ အာဏာရလာချိန်အထိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ဘယ်သူတွေက ဘာတွေ ကြိုးစားထားပြီး ဘာတွေ အကောင်အထည် ဖော်ထားတယ်၊ တိုင်းရင်းသား အဖွဲ့အစည်း အသီးသီးရဲ့ မတူညီတဲ့ တုန့်ပြန်မှုတွေက ဘယ်လို၊ ဘာ အခက်အခဲ ကြုံခဲ့ရတယ်၊ ဘယ် အဆင့်ရောက်နေပြီလဲ ဆိုတာ ကောင်းကောင်း မသိခဲ့ကြပါဘူး။ ဒီထက်ပို အရေးကြီးတာက အင်န်အယ်လ်ဒီဟာ အတိုက်အခံ ကာလမှာရော၊ အစိုးရဖြစ်ပြီးတဲ့ ဒီကနေ့ အချိန်ထိ တိုင်းပြည်ကို ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံအဖြစ် တည်ဆောက်မယ် ဆိုတဲ့ အကြမ်းဖျဉ်း ပြောဆိုမှုကလွဲပြီး ဘယ်လို ဖက်ဒရယ်မျိုး တည်ထောင်မယ်၊ အာဏာခွဲဝေမှုကို ဘယ်လို လုပ်ကြမယ်၊ လက်နက်ကိုင် တပ်ဖွဲ့တွေကို ဘယ်လို စီမံမယ်၊ သယံဇာတ ခွဲဝေမှုကို ဘယ်လို စဉ်းစားမယ် စသဖြင့် တိတိကျကျ ချမှတ်ထားတဲ့ ကိုယ်ပိုင် မူဝါဒ တစ်ရပ်လည်း ရှိမနေပါဘူး။
နောက်ထပ် အရေးကြီးတဲ့ အားနည်းချက်ကြီး တစ်ခုကတော့ အစိုးရအဖွဲ့ခေါင်းဆောင် ဖြစ်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ငြိမ်းချမ်းရေးကို အကောင်အထည် ဖော်မယ့် ညှိနှိုင်းရေးမှူးကြီး အဖြစ် NLDပါတီရဲ့ သစ္စာရှိ လူဟောင်း တစ်ယောက်လည်းဖြစ်၊ သူ့ရဲ့ မိသားစု ဆရာဝန်လည်း ဖြစ်တဲ့ ခွဲစိတ်ကု ဆရာဝန်ကြီး ဒေါက်တာ တင်မျိုးဝင်းကို တာဝန် ပေးအပ် လိုက်ခြင်းပါပဲ။ ငြိမ်းချမ်းရေး အကောင်အထည်ဖော်မှုမှာ ဒေါ်အောင်ဆန်းစုကြည်ပြီးရင် အရေးအကြီးဆုံးဖြစ်တဲ့ ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဌ တာဝန်ယူထားတဲ့ ဒေါက်တာတင်မျိုးဝင်းဟာ ငြိမ်းချမ်းရေး တည်ဆောက်ရေး၊ တိုင်းရင်းသားတွေနဲ့ ဆက်ဆံရေး ကိစ္စတွေမှာ အတွေ့အကြုံ ရှိသူ၊ နီးစပ်သူ တစ်ယောက် မဟုတ်တဲ့အပြင် အဲဒီ တာဝန်ကို အချိန်ပြည့် တာဝန်ယူနိုင်ခြင်းလည်း မရှိတာ တွေ့ကြရပါတယ်။ ၄ နှစ်ခွဲကြာ နဂုံးချုပ်ကြည့်တဲ့အခါ ဒေါက်တာတင်မျိုးဝင်းဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အနေနဲ့ မယ်မယ်ရရ အောင်မြင်မှု ရအောင် စွမ်းဆောင်ပြနိုင်ခြင်း မရှိခဲ့သလို၊ အရေးကြီးတဲ့ တပ်မတော် နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ ယုံကြည်မှုကိုလည်း ရယူမပေးနိုင်ခဲ့ပါဘူး။ ဒါ့အပြင် ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်ကို အထောက်အကူပြုပေးရတဲ့ NRPC လို အဖွဲ့ကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ချိုးခြံချွေတာရေး လမ်းစဉ်အောက်မှာ နည်းပညာ ထောက်ကူပေးမယ့်သူတွေကို စုစည်း ဖွဲ့စည်းနိုင်မှု မရှိတဲ့ အပြင် လုပ်ငန်း အကောင်အထည် ဖော်မှုတွေကိုလည်း ကောင်းကောင်း ကူညီစွမ်းဆောင်ပေးနိုင်တာ မတွေ့မြင်ကြရပါဘူး။
ရွေးကောက်ပွဲမှာ အနိုင်ရပြီး လာမယ့် ၅ နှစ်တာကာလ ငြိမ်းချမ်းရေးကို ဆက်ပြီး ဦးဆောင်ကြိုးပမ်းရမယ့် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ကုန်လွန်ခဲ့တဲ့ အချိန်တွေကို ပြန်လှည့်ကြည့်ပြီး ငြိမ်းချမ်းရေး အကောင်အထည် ဖော်မှု လုပ်ငန်းဆောင်တာတွေ၊ ဦးဆောင်သူတွေရဲ့ အခန်းကဏ္ဍတွေ၊ ထောက်ကူမယ့် အဖွဲ့ပြသနာတွေကို ပြန်ပြီး ဆန်းစစ်သင့်ပါတယ်။ ဒါတွေကို ဆန်းစစ်၊ ပြုပြင်ပြောင်းလဲတာတွေ မလုပ်ပဲနဲ့တော့ လာမယ့် အနာဂတ်ကာလ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ အောင်မြင် တိုးတက်မှု ရလာလိမ့်မယ်ဆိုပြီး တစ်ထစ်ချ မျှော်လင့်လို့တော့ ရနိုင်မယ် မဟုတ်ကြောင်းပါ။
--------------------------------------