ဒီမိုကရေစီ ပညာရေး ဘယ်တော့ သင်ပေးမလဲ

ဒီမိုကရေစီ ပညာရေးကိစ္စ မေးခွန်းထုတ်ဆွေးနွေးနေတဲ့ ကောလင်း မဲဆန္ဒနယ်က လွှတ်တော်အမတ် ဦးမျိုးဇော်အောင် (ယာ)၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့် (ဝဲ)

ပြီးခဲ့တဲ့ မေလ ၁၇ ရက်နေ့က ကျင်းပခဲ့တဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ စစ်ကိုင်တိုင်း၊ ကောလင်းမြို့နယ် အမတ် ဦးမျိုးဇော်အောင်က ဒီမိုကရေစီ ပညာရေးစနစ်နဲ့ ပတ်သက်ပြီး အရေးကြီးတဲ့ မေးခွန်းတစ်ခု မေးမြန်းခဲ့ပါတယ်။ သူ့မေးခွန်းကတော့ “ရွေးကောက်ပွဲစနစ်တွေ၊ ရွေးကောက်ပွဲဆိုင်ရာ ဗဟုသုတတွေကို စာသင်ကျောင်းတွေမှာ သင်ကြားပေးဖို့၊ ကျောင်းတွင်း ရွေးကောက်ပွဲတွေက တစ်ဆင့် ရွေးကောက်ပွဲ အလေ့အထတွေကို ကျောင်းသား၊ ကျောင်းသူတွေ ရင်နှီးကျွမ်းဝင်မှုရှိစေဖို့ ဆောင်ရွက်ပေးနိုင်ခြင်းရှိ၊ မရှိ” ဆိုတဲ့ မေးခွန်းပဲ ဖြစ်ပါတယ်။ လွှတ်တော်က ဘယ်လို စီစဉ်လိုက်တယ် မသိပါဘူး၊ ဒီမေးခွန်းကို လာဖြေတာက ပညာရေးဝန်ကြီးဌာနက မဟုတ်ပဲ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဖြစ်နေတာပါ။ လွှတ်တော်မှာ လာဖြေတဲ့ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်တစ်ယောက်က သူတို့နဲ့ ပညာရေးဝန်ကြီးဌာန နဲ့ ညှိနှိုင်းပြီး နောင်တစ်ချိန်ချိန်မှာ အကောင်အထည် ဖော်ဖို့ ရည်မှန်းချက် ရှိပေမယ့် အခုလောလောဆယ်မှာတော့ ဘာအစီအစဉ်မှ မရှိသေးဘူးလို့ ဖြေကြားခဲ့တာပဲ ဖြစ်ပါတယ်။ မြန်မာ့ ဒီမိုကရေစီရေးနဲ့ ဒီမိုကရေစီ ပညာရေး အတွက် အတော်ဝမ်းနည်းစရာ ကောင်းတဲ့ အဖြေပါပဲ။ ခုတစ်ပတ် အဲဒီအကြောင်း ဆွေးနွေး တင်ပြသွားပါ့မယ်။

အဲဒီ မေးခွန်းနဲ့ ပတ်သက်ပြီး ဒီမိုကရေစီကျင့်စဉ်တွေ ခိုင်မာအားကောင်းဖို့ ကျောင်သားလူငယ်တွေကို ပညာပေးဖို့ လိုအပ်တာကြောင့် အခုလိုမေးမြန်းရတာဖြစ်တယ်လို့ မေးခွန်းရှင် ဦးမျိုးဇော်အောင်က ဆိုပါတယ်။ ဒါကြောင့် ကျောင်းတွေမှာ အတန်းခေါင်းဆောင်၊ ကျောင်းခေါင်းဆောင်၊ အားကစားခေါင်းဆောင် ရွေးတာတွေကို ဒီမိုကရေစီကျင့်စဉ်အတိုင်း မဲပေးရွေးချယ်တာမျိုး ဆောင်ရွက်ပေးနိုင်မယ်ဆိုရင် အကျိုးကျေးဇူးများစွာ ရရှိမှာဖြစ်တယ်လို့ သူက ဆိုပါတယ်။ “ကျန်းမာရေးအားမကောင်းတဲ့ ဒီမိုကရေစီတွေမှာဆိုရင် မနာလိုဝန်တိုမှုတွေများပြီးတော့မှ ကိုယ့်အရည်အချင်းကို မြှင့်တင်ဖို့မကြိုးစားဘဲ သူတစ်ပါးအားနည်းချက်ကို လိုက်ရှာပြီး နောက်ကျော ဓားနဲ့ထိုးတာမျိုး၊ ခြေထိုးတာမျိုး လုပ်ပြီးတော့မှ ဒီမိုကရေစီဟာ မရှင်သန်ကြပါဘူး။ ယှဉ်ပြိုင်မှု တစ်ခုမှာ မျှတတဲ့ အခြေအနေ ဖန်တီးရမယ်၊ Level တူက နေပြီးတော့မှ ညီတူညီမျှ ယှဉ်ပြိုင်ရမယ် ဆိုတဲ့အသိမျိုးကို ရရှိနိုင်မှာ ဖြစ်ပါတယ်။ နောက်တစ်ခုက အများကလက်ခံနိုင်တဲ့သူ ဖြစ်အောင် ကိုယ်ရည်ကိုယ်သွေးကောင်းအောင် လုပ်ရမယ်ဆိုတဲ့အသိ လူငယ်တွေကို ပေးနိုင်မှာဖြစ်ပါတယ်။ နောက်ဆုံးတစ်ခုကတော့ ဒီလိုလုပ်ခြင်းအားဖြင့် တာဝန်သိတဲ့ နိုင်ငံသူ နိုင်ငံသားတွေ၊ တာဝန်ခံမှု၊ တာဝန်ယူမှုရှိတဲ့ အနာဂတ် ခေါင်းဆောင်တွေလည်း ပေါ်လာမှာဖြစ်တယ်လို့ မျှော်လင့်ရပါတယ်” ဆိုပြီး နိုင်ငံတကာမှာ ဒီမိုကရေစီ နဲ့ ပတ်သက်လို့ အခြေခံ ပညာကျောင်းတွေကနေ စပြီး သင်ကြားပေးနေတာတွေကို ပါဝါပွိုင့်တွေ သုံးပြီး တင်ပြခဲ့ပါတယ်။

လွှတ်တော်အမတ် ဦးမျိုးဇော်အောင် ရဲ့ တင်ပြချက် သွေးထွက်အောင် မှန်ပါတယ်။ ဒီမိုကရေစီ စနစ် ခိုင်မာဖို့ ဆိုရင် တိုင်းသူပြည်သားတွေရဲ့ ဒီမိုကရေစီ ဆိုင်ရာ နားလည်မှု၊ ခံယူမှု၊ စွဲစွဲမြဲမြဲ ကျင့်သုံးမှုတွေနဲ့ သက်ဆိုင်ပါတယ်။ တိုင်းသူ ပြည်သားတွေဆိုတာ သာမန် ပြည်သူတွေက အစ၊ အရာရှိ အရာခံ ဝန်ထမ်းတွေ၊ တပ်မတော်သားတွေ၊ အစိုးရ အရာရှိတွေ အားလုံး ပါဝင်ပါတယ်။

အဲဒီလို ခိုင်မာ အမြစ်တွယ်ဖို့ ဆိုရင် ကလေးသူငယ် ဘ၀ ကတည်းက အခြေခံ ပညာကျောင်းတွေကနေ စပြီး သင်ကြား၊ ပို့ချ၊ ကျင့်သုံးနေစေဖို့ လိုပါတယ်။ တကယ့် ဒီမိုကရေစီ ပညာရေးစနစ်ကနေ ထွက်ပေါ်လာတဲ့ တိုင်းသူပြည်သားတွေသာလျင် ဒီမိုကရေစီကို ကျင့်လည်း ကျင့်သုံး၊ ကာလည်း ကာကွယ်နိုင်ကြမှာပါ။ ဒီမိုကရေစီ ခိုင်မာတဲ့ ပညာရေး စနစ်က ပေါက်ဖွားလာတဲ့ စစ်ဗိုလ်၊ စစ်သားတွေဟာ စစ်ဗိုလ်ချုပ်တစ်ယောက်က ဥပဒေကို ချိုးဖေါက်ပြီး အာဏာသိမ်းခိုင်းတိုင်း လိုက်ပါကြမှာ မဟုတ်ပါဘူး။ အဲဒီ အာဏာသိမ်းခိုင်းတဲ့ စစ်ဗိုလ်ချုပ်ကိုသာလျင် တရားဥပဒေ ရှေ့မှောက် ပို့ဆောင်လိုက်ကြမှာပဲ ဖြစ်ပါတယ်။ ဒီအတွက် အခြေခံပညာ ကျောင်းတွေမှာ ဒီမိုကရေစီ အခြေခံကို သင်ကြားပေးဖို့၊ လက်တွေ့ကျကျ ကျင့်သုံးတတ်အောင် လေ့ကျင့်ပေးဖို့ လိုပါတယ်။

ဒါကလည်း သိပ်ပြီး ခက်ခဲတဲ့ ကိစ္စ မဟုတ်ပါဘူး။ ဦးမျိုးဇော်အောင် လွှတ်တော်မှာ တင်ပြသွားသလို၊ အခြေခံပညာကျောင်းတွေမှာ အတန်းခေါင်းဆောင် ရွေးချယ်ရတာတွေ၊ အသင်းအလိုက် အသင်းခေါင်းဆောင် ရွေးချယ်ရတာတွေ၊ ကျောင်းတစ်ကျောင်းလုံးနဲ့ ဆိုင်တဲ့ အရင်ခေတ်တုန်းကဆို ကောင်စီ၊ လက်ရှိအချိန်မှာ ကျောင်းသားသမဂ္ဂ စသဖြင့် ရွေးချယ်ရတာမျိုး ရှိပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၄-၅ ဆယ်၊ မဆလ လို့ခေါ်တဲ့ အာဏာရှင် ဦးနေဝင်း လက်အောက်က မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် အစိုးရခေတ်တုန်းကတောင် မြန်မာနိုင်ငံက အခြေခံပညာကျောင်း တစ်ချို့မှာ အဲဒီ အလေ့အထတွေ ကျင့်သုံးခဲ့ကြပါသေးတယ်။ ဥပမာအားဖြင့် အတန်းလိုက် ခေါင်းဆောင်တွေ၊ အရောင်လိုက် ဖွဲ့စည်းထားတဲ့အဖွဲ့ခေါင်းဆောင်တွေ၊ တစ်ကျောင်းလုံးနဲ့ ဆိုင်တဲ့ ကျောင်းကောင်စီ လိုမျိုးတွေကို ကျောင်းသားတွေရဲ့ တကယ် လျှို့ဝှက်မဲတွေနဲ့ မဲပေး ရွေးချယ်စေတာမျိုးပါ။ ဒါပေမယ့် နောက်ပိုင်း တစ်ချို့ ကျောင်းတွေ၊ တစ်ချို့ ဆရာ၊ ဆရာမတွေက သူတို့ ကြိုက်တဲ့ ကျောင်းသားတွေကို ခေါင်းဆောင် အဖြစ် တင်မြှောက်ဖို့ ကျောင်းသား ကျောင်းသူတွေကို လက်ညှိုးထောင် ရွေးချယ်ခိုင်းတာတွေ၊ အခုနောက်ပိုင်း ရွေးချယ်မှု ဆိုတာတောင် မရှိတော့ပဲ ဆရာ၊ ဆရာမ ကပဲ သူကြိုက်သူကို ခေါင်းဆောင် ခန့်အပ်တဲ့ ဓလေ့ပဲ ကျန်ခဲ့ပါတော့တယ်။ တကယ်တော့ ဒီလို ဒီမိုကရေစီ အမြစ်တွယ် ရှင်သန်အောင် လုပ်ပေးရတာ သိပ် ခက်တာမျိုးတော့ မဟုတ်ပါဘူး။ ပညာရေးဝန်ကြီးဌာနကနေ အဲလို ရွေးချယ်မှုတွေကို ဒီမိုကရေစီ ပုံစံ အတိုင်းလုပ်ဖို့ ညွှန်ကြားချက်လေး တစ်စောင် ထုတ်လိုက်ရုံပါပဲ။ ပြီးရင် အခါအားလျော်စွာ အဲလို ရွေးချယ်ရတဲ့ အကျိုးအကြောင်းတွေ ရှင်းပြပြီး နောက်ပိုင်း တဖြေးဖြေး အတန်းကြီး အရွယ်ရောက်လာတာနဲ့ အမျှ တကယ့် တိုင်းပြည်မှာ ကျင့်သုံးနေတဲ့ ဒီမိုကရေစီ စနစ်နဲ့ နှိုင်းယှဉ် ပြောပြပေးဖို့ လောက်ပါ။ လိုအပ်ရင် ကျောင်းဆရာ၊ ဆရာမတွေကို လက်စွဲလမ်းညွှန်စာအုပ်တွေ ထုတ်ေ၀ ဖြန့်ချီပေးတာ၊ သင်တန်းတွေ၊ ဆင့်ပွား သင်တန်းတွေ လုပ်ပေးရင်လည်း ရပါတယ်။

ပွင့်ပွင့်လင်းလင်းပြောရရင် အရင် စစ်အာဏာရှင်တွေဟာ ဒီမိုကရေစီ စနစ်ကို ဖျက်ဆီးခဲ့ရုံမက ပညာရေးထဲမှာ ဒီမိုကရေစီ အတွေးအခေါ်တွေ၊ အလေ့အထတွေ ကျင့်စဉ်တွေ ခေါင်းမဖေါ်နိုင်အောင်လည်း ပိတ်ပင် တားမြစ်ခဲ့ကြပါသေးတယ်။ အဲဒီ ပညာရေးစနစ်ကနေ ကြီးပျင်းလာတဲ့ လူငယ်လေးတွေ တပ်မတော်ထဲဝင်ဖို့ သင်တန်းတက်ရတဲ့အခါ၊ တစ်ချို့ ဗိုလ်သင်တန်းတွေ တက်ရတဲ့အခါ စစ်အာဏာရှင် စနစ်ကို နာခံတဲ့ အတွေးအခေါ်တွေကို ကောင်းကောင်း သင်ပေးတော့တာပါပဲ။ တပ်မတော်သာအမိ၊ တပ်မတော်သာ အဖ၊ တပ်မတော်သားတွေပဲ တိုင်းပြည်ကိုချစ်တယ်၊ တိုင်းပြည်ကို ကယ်တင်တယ်၊ တပ်မတော် အရာရှိတွေဆိုတာ အရာရာကို သင်ကြားတတ်မြောက်နိုင်ပြီး တိုင်းပြည်ကို အဖက်ဖက်က အုပ်ချုပ်နိုင်တဲ့ အရည်အချင်းရှိသူတွေ ဖြစ်တယ်ဆိုတာကို မှိုင်းတိုက် သင်ကြားခဲ့ကြပါတယ်။ အခြားတစ်ဖက်မှာတော့ အဲဒီလူငယ်တွေဟာ ဒီမိုကရေစီ ပညာရေးစနစ်က ကြီးပြင်းလာသူတွေ မဟုတ်တော့ စစ်အာဏာရှင်တွေကိုပဲ နာခံပြီး ပြည်သူတွေကိုတော့ အထင်သေး အမြင်သေး၊ တခါတရံ ရန်သူသဖွယ် ထင်မြင် ပြုမူတာမျိုးလည်း လုပ်ခဲ့ကြပါတယ်။

ဒီအတွက် မြန်မာနိုင်ငံမှာ ဒီမိုကရေစီ စနစ် ခိုင်မာ အားကောင်းအောင်၊ စစ်အာဏာရှင် စနစ် နောက်ထပ် ပြန်မရှင်သန်နိုင်အောင် ကြိုးပမ်းရာမှာ ဒီမိုကရေစီ ပညာရေးစနစ် ကျင့်သုံးခြင်းကလည်း တဒေါင့်တနေရာက အရေးပါပါတယ်။ ဒီအတွက် ကောလင်းအမတ် ဦးမျိုးဇော်အောင် ပြောတဲ့ ရွေးကောက်ပွဲ ဆိုင်ရာတွေကို စာသင်ကျောင်းတွေမှာ သင်ကြားပေးဖို့၊ ရွေးကောက်ပွဲ အလေ့အထ တွေ သင်ကြား၊ လေ့ကျင့်ပေးဖို့ ပညာရေး ဝန်ကြီးဌာန အနေနဲ့ အမြန် အကောင်အထည် ဖော်သင့်နေပြီးဖြစ်ပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။

Your browser doesn’t support HTML5

ဒီမိုကရေစီ ပညာရေး ဘယ်တော့ သင်ပေးမလဲ