ဒုက္ခသည်အရေး နိုင်ငံတကာ ဖိအား ဘယ်လို ရင်ဆိုင် ကျော်လွှားကြမလဲ

နယ်စပ်ဖြတ်ကျော်ပြီး အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာဒုက္ခသည်များ (နိုဝင်ဘာလ ၂၊ ၂၀၁၇)

Zawgyi/ Unicode

မြန်မာ အစိုးရအနေနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် ထွက်ပြေးသွားကြတဲ့ မူဆလင် ဒုက္ခသည်တွေ ပြသနာကို တတ်နိုင်သမျှ ကြိုးစားဖြေရှင်းနေပေမယ့်လည်း နိုင်ငံတကာ ဖိအားတွေကတော့ လျော့ကျ မသွားတဲ့အပြင် ထပ်ထပ်ပြီး တိုးလာနေတာ တွေ့မြင်ကြရပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၉ နိုဝင်ဘာ ၁၃ ရက်နေ့မှာ ရိုဟင်ဂျာ အရေးလှုပ်ရှားသူတွေက မြန်မာနိုင်ငံ သမ္မတတွေ ဖြစ်ခဲ့ကြတဲ့ သမ္မတဟောင်း ဦးသိန်းစိန်၊ ဦးထင်ကျော် နဲ့ လက်ရှိသမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ စစ်ဘက်ခေါင်းဆောင်တွေကို ရိုဟင်ဂျာတွေ အပေါ် ရာဇဝတ်မှု ကျူးလွန်ခဲ့တယ် ဆိုပြီး အာဂျင်တီးနားနိုင်ငံမှာ တိုင်ချက်ဖွင့် တရားစွဲပါတယ်။ နိုဝင်ဘာ ၁၄ ရက်နေ့မှာတော့ နောက်ထပ် ဖြစ်ရပ် ၃ ခု ထပ်ပြီး ပေါ်ပေါက်လာပြန်ပါတယ်။ တစ်ခုကတော့ ကုလသမဂ္ဂလက်အောက်ခံ ICJ တရားရုံးမှာ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို တရားစွဲလိုက်ပြီး နောက်တစ်ခုကတော့ သည်ဟိတ်ခ် မှာ အခြေစိုက်တဲ့ နိုင်ငံတကာရာဇဝတ် ခုံရုံး ICC ကလည်း မြန်မာနိုင်ငံထဲက ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို စုံစမ်းဖို့ ခွင့်ပြုလိုက်တာပါ။ ဒါ့အပြင် အဲဒီ တစ်ရက်ထဲမှာပဲ ကုလသမဂ္ဂ အထွေထွေညီလာခံ လူ့အခွင့်အရေးနဲ့ လူမှုရေးဆိုင်ရာ ကော်မတီက “ မြန်မာနိုင်ငံက ရိုဟင်ဂျာနဲ့ အခြား လူနည်းစုတွေရဲ့ အခွင့်အရေးဆိုင်ရာ အခြေအနေ” လို့ ခေါင်းစဉ်တပ်ထားတဲ့ ဆုံးဖြတ်ချက်တစ်ရပ်ကို အတည်ပြုခဲ့ပါသေးတယ်။ လတ်တလော ဒီလို ဖိအားတွေ များလာတာ အပြင် နောက်ပိုင်းမှာလည်း ပြေလျော့သွားဖို့ သိပ် မမြင်နိုင်သေးတာမို့ ဒီ ပြသနာ အစိုးရနဲ့ တပ်မတော်ဘက်က အခုထက်ပိုပြီး လေးလေးနက်နက် ကိုင်တွယ် ဖြေရှင်းဖို့ လိုအပ်နေပြီဆိုတာ ငြင်းလို့မရတော့တဲ့ အခြေအနေရောက်လာပါတယ်။ နိုင်ငံတကာက ပြောနေတဲ့ ရိုဟင်ဂျာအရေး ဘယ်ပုံချဉ်းကပ် ဖြေရှင်းနိုင်မလဲ ဆိုတာ လေ့လာကြည့်ကြရအောင်ပါ။

လက်ရှိ နိုင်ငံတကာက ခေါ်ဝေါ်သုံးစွဲနေတဲ့ ရိုဟင်ဂျာ ပြသနာ၊ တနည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲ ထွက်ပြေးသွားတဲ့ မူဆလင် ဒုက္ခသည်တွေ ပြသနာဆိုတာဟာ နိုင်ငံရေးအရ တောင်းဆို တိုက်ပွဲဝင်တဲ့ ပုံသဏ္ဍာန် ပိုပိုပြီး ပီပြင်လာတာကြောင့် ဒုက္ခသည်တွေ သိပ်မကြာခင် ပြန်လာကြလိမ့်မယ် ဆိုပြီး သိပ် မျှော်လင့်လို့ မရနိုင်တော့ပါဘူး။ အခြား တစ်ဖက်မှာတော့ ဒုက္ခသည်တွေ သူတို့ဆန္ဒနဲ့ သူတို့ မြန်မာနိုင်ငံထဲ ပြန်မလာမချင်း အခုလို နိုင်ငံတကာက နည်းလမ်းမျိုးစုံနဲ့ ဖိအားပေးတဲ့ ပြသနာ လျော့ကျ မသွားနိုင်ပါဘူး။ ဒါကြောင့် ပြသနာကို ကိုင်တွယ်ရာမှာ အဲဒီ အချက်တွေကို အခြေခံပြီး စနစ်တကျ ဖြေရှင်းနိုင်ဖို့ လိုအပ်ပါတယ်။

ပထမ တစ်ချက်က ဒုက္ခသည်တွေ ပြန်လာအောင် ဘာလုပ်ကြမလဲ ဆိုတာပါ။ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် ရောက်သွားတဲ့ မြန်မာနိုင်ငံက ဒုက္ခသည်တွေဟာ အဲဒီ စခန်းတွေမှာ အဆင်ပြေနေကြတာတော့ မဟုတ်ပါဘူး။ တစ်ချို့ သူတို့ သဘောဆန္ဒအရ မြန်မာနိုင်ငံဘက် ပြန်ချင်ကြတာမျိုး ရှိနိုင်ပေမယ့် အသိုင်းအဝိုင်းကို ဆန့်ကျင်ပြီး၊ ဖိအားပေးသူတွေကို ဆန့်ကျင်ပြီး ပြန်ဖို့တော့ ခက်ခဲနေပါလိမ့်မယ်။ မြန်မာအစိုးရနဲ့ တပ်မတော်ဘက်က လုပ်ရမှာက သူတို့ တကယ်ပဲ ပြန်လာချင်အောင် ဆွဲဆောင်နိုင်ဖို့ပါပဲ။ ဒီအတွက် လုပ်ရမှာက လက်ရှိ မြန်မာနိုင်ငံဘက် အခြမ်းမှာ ကျန်နေ၊ ဆက်ပြီး နေထိုင်နေတဲ့ သန်းတစ်ဝက်နီးပါးရှိမယ့် မူဆလင်တွေရဲ့ လူ့အခွင့်အရေး၊ လုံခြုံရေး နဲ့ လူနေမှုဘဝတွေကို လက်တွေ့ကျကျ မြှင့်တင်ပေးဖို့ပါ။

အဲလို အကောင်အထည် ဖော်ဖို့ ဆိုရင် တပ်မတော် စစ်ခေါင်းဆောင်တွေရဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းက မူဆလင်တွေနဲ့ ပတ်သက်ပြီး အရိုးစွဲနေတဲ့ သဘောထားတွေကို ပြန်သုံးသပ်၊ ပြောင်းလဲသင့် ပြောင်းလဲဖို့ လိုပါလိမ့်မယ်။ “ ဒီ ဘင်္ဂလီတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက တရားမဝင် ခိုးဝင်လာကြတာ၊ ဒါကြောင့် သူတို့ကို နိုင်ငံသား ဥပဒေနဲ့ စိစစ်၊ ဥပဒေအရ နိုင်ငံသား မဖြစ်ဘူး ဆိုရင် ဒုက္ခသည် စခန်းတွေထဲ ထည့်ထား၊ ခိုလှုံစရာ နိုင်ငံရှိရင် ပေးသွားလိုက်” ဆိုတဲ့ သဘောထားမျိုးကို အကြီးအကျယ် ပြောင်းလဲရပါလိမ့်မယ်။

အဲဒီ မူဆလင်တွေနဲ့ ပတ်သက်ရင် နိုင်ငံသား ဖြစ်တာ မဖြစ်တာ အသာထား၊ မြန်မာနိုင်ငံထဲ နေထိုင်သူတွေအဖြစ် အသေအခြာ အသိအမှတ်ပြုပြီး နိုင်ငံတွင်းကနေ မောင်းမထုတ်ပါဘူး ဆိုတဲ့ အာမခံချက်မျိုး အတိအလင်း ပေးထားဖို့ လိုပါလိမ့်မယ်။ မြန်မာနိုင်ငံထဲ နေထိုင်သူတွေ အဖြစ် အသေအခြာ အသိအမှတ်ပြုပြီးတဲ့နောက် သူတို့ရဲ့ လူ့အခွင့်အရေးနဲ့ လုံခြုံရေး အာမခံချက်ရှိအောင် ဖန်တီးပေးရပါမယ်။ အဲလို လူ့အခွင့်အရေးနဲ့ လုံခြုံရေး အာမခံချက် ရှိနေတယ် ဆိုတာကို အာစီယံ အပါအဝင် နိုင်ငံတကာက အသိအမှတ်ပြုလာအောင် သံတမန်ရေးနည်းလမ်းတွေနဲ့ လက်တွေ့ပြသ ကြိုးစားရပါလိမ့်မယ်။

နောက်တစ်ချက်ကတော့ မူဆလင်တွေ ကိုယ်တိုင်ရော၊ နိုင်ငံတကာကပါ အမြဲတစေ ထောက်ပြနေတဲ့ သူတို့ကို မြို့နယ် တစ်ခုလောက်အတွင်း ပိတ်လှောင်ထားတဲ့ အခြေအနေမျိုးကို ဖြေလျော့ပေးဖို့ လိုပါတယ်။ ရခိုင်ပြည်နယ်ထဲက မူဆလင် အများစုကြီးဟာ လဝက ဥပဒေအရ ဒီနေ့ထက်ထိ အဲလို ပိတ်လှောင်ခံထားရတဲ့ အခြေအနေမှာ ရှိနေပါတယ်။ ဒါကြောင့် ငွေကုန်ကြေးကျခံပြီး ရခိုင်ပြည်နယ် အပြင်ဘက် ခိုးထွက်ဖို့ ကြိုးစားတာ၊ ပြန်ဖမ်းမိတာ၊ ထောင်ထဲ ရောက်ရင်ရောက်၊ မရောက်ရင် မူရင်းနေရပ် ပြန်ပို့ခံနေရတာတွေ မကြာခဏ တွေ့မြင်နေရလို့ပါပဲ။

နောက်ထပ် အရေးကြီးတာ တစ်ခုကတော့ ရခိုင်ပြည်နယ်မြောက်ပိုင်းက မူဆလင်တွေရဲ့ သက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ ပြန်ပြီးရှင်သန်လာအောင် လုပ်ပေးဖို့ပါ။ ၂၀၁၆ အောက်တိုဘာ ARSA အကြမ်းဖက် အဖွဲ့က နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဌာနချုပ်နဲ့ စခန်းကြီးတွေကို တိုက်ခိုက်ခဲ့ပြီးနောက် တပ်မတော်က တန်ပြန်နှိမ်နင်းတာတွေ လုပ်ခဲ့ပါတယ်။ တဆက်တည်း ည မထွက်ရ အမိန့်ထုတ်တာ၊ တစ်နေရာကနေ တစ်နေရာ သွားလာတာကို တင်းတင်းကြပ်ကြပ် စိစစ်တာ၊ NVC ကဒ် မလုပ်သူတွေကို ရေလုပ်ငန်း လုပ်ခွင့်မပြုတာ စတဲ့ ကန့်သတ်မှု အမျိုးမျိုးကြောင့် နောက်ထပ် ၂၀၁၇ သြဂုတ်လ အကြမ်းဖက် တိုက်ခိုက်မှု မဖြစ်ခင်ကတည်းက အဲဒီ ဒေသက ရေလုပ်ငန်း၊ တစ်ချို့သော လယ်ယာလုပ်ငန်းနဲ့ မွေးမြူရေး လုပ်ငန်းတွေ ပျက်စီးခဲ့ပြီး ဖြစ်ပါတယ်။ ဒီကနေ့ အချိန်ထိ အဲဒီအခြေအနေကို ပြောင်းလဲနိုင်ခြင်း မရှိသေးပါဘူး။ မောင်တောခရိုင်ဘက်က အဲဒီ မူဆလင်တွေရဲ့ လူ့အခွင့်အရေးနဲ့ လုံခြုံရေး အာမခံချက် မရှိသေးရင်၊ လူနေမှုဘဝတွေ မြှင့်တင် မပေးနိုင်ရင် ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေ ပြန်လာရေး ဆွဲဆောင်မှုရှိလာမှာ မဟုတ်ပါဘူး။ ဒါတင်မက ရခိုင်ပြည်နယ်က မူဆလင်တွေအရေး လက်တွေ့ကျကျ ဖြေရှင်းပေးဖို့ ဆိုရင် ကိုဖီအာနန် ကော်မရှင် အကြံပြုချက်မှာ ပါတဲ့အတိုင်း ၁၉၈၂ နိုင်ငံသားဖြစ်မှု ဥပဒေကို သတ္တိရှိရှိ ပြန်ဆန်းစစ်ဖို့၊ လိုအပ်ရင် ပြန်ပြုပြင်ဖို့ လိုပါတယ်။ ခေတ်သစ်ကမ္ဘာကြီးနဲ့ မဆီလျော်တဲ့ အဲဒီ ဥပဒေဟာ မြန်မာနိုင်ငံကို ကောင်းကျိုးပြုရမယ့်အစား အခုလို နိုင်ငံတကာ ဖိအားမျိုးစုံ၊ တိုက်ခိုက်မှု မျိုးစုံအောက် ကျရောက်သွားစေတဲ့၊ မြန်မာ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတား ဖြစ်စေတဲ့၊ တပ်မတော် စစ်ခေါင်းဆောင်တွေကို အစွန်းရောက်တွေးခေါ်သူတွေအဖြစ် ကျရောက်သွားစေတဲ့ ချို့ယွင်းချက်ရှိတဲ့ ဥပဒေအဖြစ် ရှုမြင်ဖို့ လိုပါတယ်။ အဲဒီလို မြန်မာအစိုးရနဲ့ တပ်မတော် စစ်ခေါင်းဆောင်တွေဘက်က လက်တွေ့ကျကျ အကောင်အထည် ဖော်နိုင်ရင် မြန်မာနိုင်ငံထဲ ကျန်ရစ်နေတဲ့ မူဆလင်တွေရဲ့ ဘဝအခြေအနေ အာမခံချက်ရှိ၊ တိုးတက်လာမှာ ဖြစ်သလို၊ ဒုက္ခသည်စခန်းတွေမှာ ရောက်နေသူတွေကိုလည်း ဘယ်သူတားတား ကိုယ့်ဆန္ဒနဲ့ကိုယ် ပြန်လာမယ် ဆိုတဲ့ တွန်းအား ဖြစ်ပေါ်လာစေမှာ သေခြာပါတယ်။

ဒါတင်မက ဒီလုပ်ငန်းစဉ်ကြီးကို အကောင်အထည် ဖော်ရာမှာ နိုင်ငံတကာက သိမြင်နားလည်လာအောင်၊ မြန်မာအစိုးရဘက်က ရပ်တည်လာအောင် သံတမန်ရေးနည်းလမ်းတွေနဲ့ ဟန်ချက်ညီညီ ကြိုးစားအကောင်အထည် ဖော်ဖို့လည်း လိုပါတယ်။ ဒီ နည်းလမ်းကသာလျင် မြန်မာနိုင်ငံ အနေနဲ့ လက်ရှိ ရင်ဆိုင်နေရတဲ့၊ နောင်လည်း ရင်ဆိုင်ရဦးမယ့် နိုင်ငံတကာ ဖိအားနဲ့ ထိုးနှက်ချက်တွေကို ခုခံ၊ ကာကွယ်၊ ကျော်လွှားနိုင်မယ် ဖြစ်ကြောင်းပါ။

Your browser doesn’t support HTML5

ဒုက္ခသည်အရေး နိုင်ငံတကာ ဖိအား ဘယ်လို ရင်ဆိုင် ကျော်လွှားကြမလဲ


-------------------------
