မြန်မာကျပ်ငွေကို ယုံကြည်လာအောင် ဘာတွေ လုပ်ဖို့ လိုမလဲ

မြန်မာကျပ်ငွေများ

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၀ ရက်နေ့က အမျိုးသားလွှတ်တော်မှာ ကယား အမှတ်(၉) အမတ် ဦးစိုးသိန်းက နိုင်ငံတွင်း ဒေါ်လာငွေ အသုံးပြုနေကြတာနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်ပါတယ်။ သူ့မေးခွန်း အပြည့်အစုံကတော့ “နိုင်ငံပိုင် ငွေကြေး ပိုမို ခိုင်မာလာစေရန်နှင့် တရားမဝင် ငွေကြေးသုံးစွဲမှုများကို ထိန်းချုပ်နိုင်ရန်၊ နိုင်ငံခြား သုံးငွေအား မြန်မာနိုင်ငံ တစ်ဝှမ်းလုံးတွင် ပြည်တွင်းတွင် ကျပ်ငွေအဖြစ် လဲလှယ် သုံးစွဲစေရန် တွန်းအားပေးမည့် အစီအမံများ ရှိမရှိ” ဆိုတဲ့ မေးခွန်း ဖြစ်ပါတယ်။ မေးခွန်းမေးတဲ့ ကယား(၉) အမတ် ဦးစိုးသိန်းဟာ အရင် သမ္မတဟောင်း ဦးသိန်းစိန် လက်ထက်က စီနီယာ ဝန်ကြီးတစ်ပါးဖြစ်ပြီး စီးပွားရေးဆိုင်ရာ ကိစ္စတွေ အဓိက ကိုင်တွယ်ခဲ့သူ ဖြစ်ပါတယ်။ လက်ရှိ သူ့မေးခွန်းဟာလည်း နိုင်ငံအတွင်း တောက်လျောက်ဖြစ်ပေါ်နေတဲ့ ကျပ်ငွေတန်ဘိုး ကျဆင်းတာ၊ မတည်ငြိမ်တာတွေနဲ့ ဆက်စပ်နေပါတယ်။ ဒီ မေးခွန်းနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ဗဟိုဘဏ် ဒုဥက္ကဌ ဦးဘိုဘိုငယ် ဘယ်လို ဖြေခဲ့သလဲ၊ ဗဟိုဘဏ်ရဲ့ အစီအမံတွေဟာ ကျပ်ငွေတန်ဘိုး ကျဆင်းနေမှု၊ မတည်ငြိမ်မှု ပြသနာကို ဘယ်လောက် ဖြေရှင်းပေးနိုင်မလဲ ဆိုတာ လေ့လာကြည့်ကြရအောင်ပါ။

မေးခွန်းနဲ့ ပတ်သက်ပြီး ဗဟိုဘဏ် ဒုဥက္ကဌ ဦးဘိုဘိုငယ်က အဖြစ်မှန်တွေနဲ့ အခက်အခဲတွေကို လွှတ်တော် အမတ်တွေ သဘောပေါက်အောင် ပွင့်ပွင့်လင်းလင်း ရှင်းပြခဲ့တာ တွေ့ရပါတယ်။ တကယ်တော့ ပြည်တွင်းက ဈေးနှုန်း သတ်မှတ်မှုနဲ့ ရောင်းဝယ်မှုတွေ၊ ဝန်ဆောင်ခ ရယူတာတွေ၊ ငွေကြေးလွှဲပြောင်းတာတွေ နဲ့ ပတ်သက်ရင် ကျပ်ငွေ တစ်မျိုးတည်းကိုပဲ အသုံးပြုဖို့ ဗဟိုဘဏ်က ထုတ်ပြန်ထားပြီးသားပါ။ ဒါပေမယ့် လိုက်နာမှု မရှိကြတာကြောင့် ၂၀၁၅၊ ၂၀၁၆ နဲ့ ၂၀၁၈ မှာ သုံးကြိမ်တိုင်တိုင် ညွှန်ကြားချက်တွေ ထပ်ပြီး ထုတ်ခဲ့သေးတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဗဟိုဘဏ်က ညွှန်ကြားချက်တွေ ဘယ်လောက်ပဲ ထုတ်ထုတ် လိုက်နာမှု မရှိကြတာကတော့ ဒီကနေ့ အချိန်ထိပါပဲ။ လက်ရှိ ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေ၊ နိုင်ငံခြားက လာဖွင့်ထားတဲ့ ပုဂ္ဂလိက ကျောင်းတွေ၊ ကျောက်မျက်နဲ့ အမှတ်တရ ပစ္စည်း အရောင်းဆိုင်တွေ၊ နိုင်ငံခြားသားတွေ နဲ့ INGO တွေကို အိမ်ခြံမြေ တိုက်ခန်း ငှားရမ်းတာတွေ စတာတွေမှာ ဒေါ်လာနဲ့ပဲ ရယူနေကြသလို၊ ဝန်ကြီးဌာနတွေ အနေနဲ့လည်း မြေငှားရမ်းတာ၊ နိုင်ငံခြားနဲ့ ဖက်စပ် ရင်းနှီးမြှုပ်နှံရာမှာလည်း သူတို့ရမယ့် လုပ်ငန်းဆောင်ရွက်မှု ဝင်ငွေတွေကို နိုင်ငံခြားငွေနဲ့ပဲ လက်ခံဆောင်ရွက်နေတယ်လို့ ဦးဘိုဘိုငယ်က ဆိုပါတယ်။

ဒီနေရာမှာ ကြုံရတဲ့ ပြသနာ တစ်ခုက ပြည်တွင်းက အရောင်းဆိုင်တွေ၊ လေကြောင်းလိုင်းနဲ့ ဟိုတယ်တွေ၊ ကျောက်မျက်ရတနာ အရောင်းဆိုင်တွေဟာ သူတို့ ရောင်းကုန်တွေနဲ့ ဝန်ဆောင်ခ ဈေးနှုန်းတွေကို ဒေါ်လာနဲ့ ပုံသေ သတ်မှတ်ထားပြီး၊ မြန်မာငွေနဲ့ လွဲှပြောင်းရယူရာမှာ ငွေလဲနှုန်း ကို ပြင်ပ ပေါက်ဈေးထက် မြှင့်တင်သတ်မှတ်ပြီး ရယူတတ်ကြကြောင်း၊ ဒါကြောင့် ငွေပေးချေရသူတွေ အနေနဲ့ ပိုပြီး သက်သာစေမယ့် ဒေါ်လာငွေနဲ့ တိုက်ရိုက် ပေးချေတာမျိုးပဲ လုပ်နေကြတာ မြင်ရတယ်လို့ ဆိုပါတယ်။ ဒီလိုနဲ့ မြန်မာနိုင်ငံတွင်းမှာ ငွေပေးချေမှုတွေကို ကျပ်ငွေပဲ အသုံးပြုဖို့ သတ်မှတ်ထားပေမယ့် တရားမဝင်တဲ့ ဒေါ်လာနဲ့ပေးချေမှု တွင်ကျယ်နေရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

တကယ်တော့ ဒီ ပြသနာဟာ တစ်ဦးတစ်ယောက်က လုပ်ကိုင်တာမျိုး မဟုတ်ပဲ ဈေးကွက်အတွင်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေတာမို့ ပထမ အဆင့်မှာ ပြည်သူတွေကို အချိန်ကာလ တစ်ခု သတ်မှတ်ပြီး ပညာပေးမှုတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဖို့ လိုတယ်၊ နောက်ပိုင်းကျမှ အရေးယူတာမျိုး လုပ်မယ်လို့ ဦးဘိုဘိုငယ်က မယုတ်မလွန် ဖြေသွားပါတယ်။

ပြည်တွင်းမှာ ဒေါ်လာကို အသုံးမပြုပဲ ကျပ်ငွေကိုပဲ အသုံးပြုဖို့ ဆိုတဲ့ ကိစ္စ ဖြေရှင်းရာမှာ ငွေကြေး နည်းနည်းလေးပဲ အသုံးပြုတဲ့ လက်လီ အရောင်းအဝယ်နဲ့ ငွေကြေးပမာဏ အများကြီး အသုံးပြုရတဲ့ လက်ကား အရောင်းအဝယ်၊ အလွဲှအပြောင်း နှစ်မျိုးစလုံးကို ဖြေရှင်းပေးဖို့ လိုပါတယ်။

လက်လီ အသုံးပြုမှုအတွက် ကိုင်တွယ် ထိန်းကျောင်းရတာ သိပ်ပြီး မခက်ခဲနိုင်ပါဘူး။ ဥပဒေ နည်းဥပဒေ ထုတ်ပြန်ပြီး မလိုက်နာရင် ခံယူရမယ့် ပြစ်ဒါဏ် စတဲ့ သတ်မှတ်ချက်တွေလည်းရှိ၊ ဒေါ်လာကနေ ကျပ်ငွေ ဖလှယ်နိုင်တဲ့ ငွေလဲ ကောင်တာတွေ နေရာအနှံ့ ရှိနေပြီဆို ထိန်းကျောင်းရ လွယ်ပါတယ်။ ပို့ကုန်-သွင်းကုန် ကိစ္စလိုမျိုးမှာ ဆိုရင်တော့ ပို့ကုန်သမားရဲ့ ဒေါ်လာ ရငွေတွေကို ဘဏ်တွေကနေ ကျပ်ငွေပဲ ထုတ်ပေးတာမျိုး လုပ်လို့ရပေမယ့် သွင်းကုန်သမားတွေ လိုအပ်နေတဲ့ တစ်နှစ် ဘီလျံနဲ့ချီတဲ့ ဒေါ်လာငွေတွေကို ဘယ်သူက ရောင်းပေးမလဲ ဆိုတဲ့ ပြသနာ ရှိလာနိုင်ပါတယ်။ လက်ရှိ အခြေအနေမှာတော့ ပို့ကုန်သမားက ရထားတဲ့ ဘဏ်ထဲက ဒေါ်လာတွေကို သွင်းကုန်သမားက အပြင်မှာ ကျပ်ငွေချေ၊ ဘဏ်အကောင့်န် အချင်းချင်း လွဲှပြောင်းယူတဲ့နည်းနဲ့ ဖြေရှင်းနေကြတာ တွေ့ရပါတယ်။ သိပ်မကြာသေးခင်တုန်းကတော့ ဗဟိုဘဏ်ဟာ နိုင်ငံခြားဘဏ် ဘဏ်ခွဲတွေကို ဘဏ်ဝန်ဆောင်မှု လုပ်ငန်း တိုးချဲ့ လုပ်ခွင့်ပြုခဲ့ပါတယ်။ အဲဒီမှာ ကုမ္ပဏီတွေ စီးပွားရေး လုပ်ငန်းတွေကို ချေးငွေ ချေးခွင့်ပြုလိုက်တဲ့ ကိစ္စလည်း ပါပါတယ်။ ဒီလို ချေးခွင့်ပြုလိုက်ခြင်းအားဖြင့် သွင်းကုန်သမားတွေ အနေနဲ့ သူတို့ ကာလတို လိုအပ်နေတဲ့ ဒေါ်လာကို အဲဒီ နိုင်ငံခြားဘဏ် ဘဏ်ခွဲတွေကနေ ချေးယူနိုင်လိမ့်မယ်လို့လည်း ဗဟိုဘဏ်က မျှော်လင့်ထားပါတယ်။ နိုင်ငံခြားဘဏ် ဘဏ်ခွဲတွေကို ခုလို ဘဏ်ဝန်ဆောင်မှု လုပ်ငန်း တိုးချဲ့ခွင့်ပြုလိုက်တာဟာ အဲဒီ ဘဏ်တွေအနေနဲ့ ပြည်တွင်းလုပ်ငန်း လိုအပ်ချက်အတွက် အသုံးပြုမယ့် ဒေါ်လာငွေတွေ စီးဝင်လာစေဖို့ ရည်ရွယ်တယ်လို့လည်း ဆိုပါတယ်။ ဒါဟာလည်း တနည်းအားဖြင့် မြန်မာကျပ်ငွေ တန်ဘိုး တည်ငြိမ်ရေးကိုလည်း ဖြစ်စေနိုင်ပါတယ်။

အလားတူပါပဲ။ မြန်မာနိုင်ငံထဲမှာ ဝန်ဆောင်မှု လုပ်ငန်းတွေလုပ်၊ ကျပ်ငွေနဲ့ ဝန်ဆောင်ခ ရပြီး နိုင်ငံခြားကို ဒေါ်လာငွေတွေ ပြန်ယူထုတ်သွားမယ့် ကုမ္ပဏီတွေရဲ့ ပြသနာကိုလည်း တရားဝင်နည်းလမ်းတွေနဲ့ ဖြေရှင်းပေးရပါဦးမယ်။ ဥပမာ ကာတာ အခြေစိုက် အော်ရီဒူး ကုမ္ပဏီဟာ ပြီးခဲ့တဲ့ ၉ လတာအတွင်း မြန်မာနိုင်ငံမှာ ဝင်ငွေ အမေရိကန်ဒေါ်လာ ၃၀၃ သန်းကျော် ရပါတယ်။ အထွေထွေ ကုန်ကျစားရိတ်တွေ၊ မြန်မာအစိုးရကို ပေးဆောင်ရတဲ့ အခွန်အခတွေ နှုတ်ပြီးရင် အသားတင် အမြတ် ဒေါ်လာ ၄၇ သန်းလောက်ရှိပါတယ်။ ဒါကို သက်ဆိုင်ရာနိုင်ငံ ဒါမှမဟုတ် မြန်မာနိုင်ငံ ပြင်ပ ထုတ်ယူသွားမယ်ဆိုရင် ကျပ်ငွေနဲ့ ရထားတဲ့ အမြတ်ငွေတွေကို တရားဝင် ဖြစ်အောင် ဒေါ်လာငွေ လဲပေးရပါလိမ့်မယ်။ မြန်မာနိုင်ငံထဲမှာ အော်ရီဒူးလို အလားတူ ကုမ္ပဏီတွေ အများကြီးရှိနေပြီး အဲဒီ ကုမ္ပဏီတွေရဲ့ ပြည်ပကို ရွှေ့ပြောင်းလိုတဲ့ ဒေါ်လာ လိုအပ်ချက်ကိုလည်း စနစ်တကျ ဖြေရှင်းပေးရပါလိမ့်မယ်။ နောက်ထပ် အရေးကြီးတာ တစ်ခုက ဗဟိုဘဏ် အနေနဲ့ ပြည်တွင်း ပုဂ္ဂလိက ဘဏ်တွေရဲ့ ဒေါ်လာငွေ အဝင်အထွက်စာရင်း တိတိကျကျ ရပြီး ကြပ်မတ်နေဖို့၊ အမည်မဖော်နိုင်တဲ့ လုပ်ငန်းတွေနဲ့ ငွေတွေ အများကြီးရပြီး အဲဒီ ငွေမဲတွေကို ဒေါ်လာအဖြစ် အသွင်ပြောင်း စုဆောင်းထားသူတွေရဲ့ ပမာဏ များပြားတဲ့ နိုင်ငံခြားငွေ ပိုင်ဆိုင်၊ အသုံးပြုမှုကို ဥပဒေကြောင်းအရ ထိန်းချုပ်နိုင်ဖို့ပါ။

အားလုံးကို ခြုံငုံသုံးသပ်ရရင် မြန်မာကျပ်ငွေ တန်ဘိုးတစ်ခုမှာ တည်တည်ငြိမ်ငြိမ်ရှိနေပြီး အတက်အကျ အလှုပ်အယမ်း နည်းဖို့ဆိုတဲ့ ကိစ္စမှာ အစိုးရဘတ်ဂျက် လိုငွေပြမှု၊ ပို့ကုန် သွင်းကုန် ထိန်းညှိမှုလို ကိစ္စမျိုးတင်မက ဗဟိုဘဏ်ရဲ့ စီမံခန့်ခွဲမှု အားကောင်းဖို့၊ အစိုးရအဖွဲ့အစည်း အဆင့်ဆင့်ရဲ့ ပါဝင်ပူးပေါင်းဆောင်ရွက်မှု ရှိဖို့ လိုအပ်ပါတယ်။ ဒါမှသာ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေ၊ ငွေမဲပိုင်ရှင်တွေ အပါအဝင် ပြည်သူလူထု တရပ်လုံး မြန်မာကျပ်ငွေအပေါ် ယုံကြည်မှု ပြန်ရလာပြီး ကျပ်ငွေကိုသာ သုံးစွဲ စုဆောင်းရင်း ကျပ်ငွေတည်ငြိမ်ရေး ဖြစ်ပေါ်လာနိုင်ပါကြောင်း တင်ပြလိုက်ရပါတယ်။

Your browser doesn’t support HTML5

မြန်မာကျပ်ငွေကို ယုံကြည်လာအောင် ဘာတွေ လုပ်ဖို့ လိုမလဲ