အဂတိလိုက်စားမှု တိုက်ဖျက်ရေးမှာ ဌာနဆိုင်ရာ အကြီးအကဲတွေက ဘယ်လောက် အရေးပါနေသလဲ

ပြညထောင်စုလွှတ်တော်မှာ ကော်မရှင် အစီရင်ခံစာ တင်သွင်းနေတဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဥက္ကဌ ဦးအောင်ကြည် (မေလ ၂၀၊ ၂၀၁၉)

ဌာနတွင်း အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဟာ လက်ရှိ တာဝန်ထမ်းဆောင်နေကြတဲ့ ဦးစီးဌာန အကြီးအမှူးတွေနဲ့ လုပ်ငန်းဌာန အကြီးအမှူး စုစုပေါင်း ၂၀၀ လောက်ရဲ့ အားထုတ်မှု အပေါ်မှာပဲ တည်နေတယ်လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဥက္ကဌ ဦးအောင်ကြည်က ပြောပါတယ်။ မေလ ၂၀ ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေး အတွင်း ကော်မရှင်ရဲ့ နှစ်ပတ်လည် အစီရင်ခံစာနဲ့ ပတ်သက်ပြီး လွှတ်တော် အမတ်တွေရဲ့ ဆွေးနွေးချက်တွေ အပေါ် ပြန်ပြီး ဆွေးနွေးချိန် သူက အဲလို ပြောလိုက်တာပါ။ သူအဲလို ပြောလိုက်ရတာကလည်း အကြောင်းရှိပါတယ်။ ကော်မရှင် အစီရင်ခံစာကို ဆွေးနွေးချိန်မှာ အမတ် တစ်ချို့က အဂတိလိုက်စားမှု ဖြစ်နိုင်တဲ့ အန္တရာယ်ဇုံထဲ ရောက်နေကြတဲ့ ဌာနတွေမှာ အဲဒီ ဌာနက နိုင်ငံ့ဝန်ထမ်းတွေနဲ့ပဲ “ အဂတိလိုက်စားမှု တားဆီး ကာကွယ်ရေး အဖွဲ့CPU” တွေ ဖွဲ့ထားလေတော့ အဲဒီ CPU တွေဟာ မုန်လာခင်းစောင့်တဲ့ ယုန်တွေ ဖြစ်လာလေမလား ဆိုပြီး မေးခွန်းထုတ်ခဲ့တဲ့အပေါ် သူက အဲလို ပြန်ဖြေရှင်းလိုက်တာ ဖြစ်ပါတယ်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနဲ့ ပတ်သက်ပြီး ကော်မရှင်က ဘယ်လို ကိုင်တွယ်နေသလဲ ဆိုတာ ခုတစ်ပတ် ဆွေးနွေး တင်ပြသွားပါ့မယ်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဆီ ရောက်လာတဲ့ တိုင်ကြားစာတွေထဲမှာ ကော်မရှင် အနေနဲ့ “အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ” တစ်ခုတည်းကိုပဲ ကိုင်စွဲပြီး ငြိစွန်းမှု ရှိမရှိ စစ်ဆေးရတဲ့အကြောင်း၊ တစ်ချို့ တိုင်ကြားစာတွေဟာ သက်ဆိုင်ရာ ဌာနတွေနဲ့ပဲ ပတ်သက်တဲ့ အတွက် အဲဒီ ဌာန ဘက်ကို မှတ်ချက်နဲ့ ပြန်လည်ပေးပို့ရတာ ဖြစ်ကြောင်း၊ ဒါဟာ တိုင်ကြားစာတွေဟာ ဥပဒေ နဲ့ ငြိစွန်းမှု မရှိဘူးလို့ ဆိုလိုတာ မဟုတ်ကြောင်း၊ တစ်ချို့ ကိစ္စတွေကို ဌာနဆိုင်ရာ အကြီးအကဲတွေ အနေနဲ့ ဌာနတွင်း အရေးယူမှု ပြုလုပ်နိုင်သလို၊ တစ်ချို့ ကိစ္စတွေကိုတော့ ငြိစွန်းတဲ့ ဥပဒေ အလျောက် တရားစွဲဆို တင်ပို့တာမျိုး လုပ်ဖို့ လိုကြောင်း ၊ ဌာနဆိုင်ရာ အကြီးအကဲတွေက အဲလို အရေးယူဆောင်ရွက်မှုမျိုး သိပ်မလုပ်တဲ့ အတွက် အမတ်တစ်ချို့က မုံလာဥခင်း စောင့်တဲ့ ယုန် ပုံပြင်နဲ့ တင်စားပြောတာဖြစ်ကြောင်း ဦးအောင်ကြည်က နှိုင်းယှဉ် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ သူ့အတွေ့အကြုံအရ ဌာနတွင်း အဂတိလိုက်စားမှုတွေမှာ အောက်ကနေ အထက်ကို ပံ့ပိုးပေးမှုတွေကို တွေ့ရှိခဲ့ရသလို၊ အောက်ခြေက အကျင့်ဖောက်ပြန်မှု ကျူးလွန်တဲ့အခါ အထက်က လာစစ်ဆေးတဲ့ အရာရှိကြီးတွေကိုယ်တိုင်က ဖြစ်ရပ်မှန်ကို ဖော်ထုတ် စစ်ဆေး အရေးယူရမယ့်အစား ကျူးလွန်ခဲ့တဲ့ အပြစ်တွေကို ဖုံးဖိ ပြုပြင်ပေးခဲ့ပြီး ပေါ့လျော့အောင် လုပ်ပေးခဲ့လို့ ကော်မရှင်က အရေးယူခဲ့ရတာတွေတောင် ရှိတယ်လို့ ဆိုပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အဂတိလိုက်စားမှုကို ဦးအောင်ကြည်က “ တစ်နိုင်ငံလုံးမှာ ဓလေ့စရိုက်သဖွယ် ပျံ့နှံ့နေတဲ့ အဂတိလိုက်စားမှု စနစ်ဆိုး (Systemic corruption)” လို့ နာမည်တပ်ပါတယ်။ ဒါတွေကို စုံစမ်း၊ စစ်ဆေး၊ တရားစွဲ၊ ထောင်ချရုံနဲ့ ပပျောက်သွားအောင် လုပ်ဖို့ မလွယ်ဘူးလို့လည်း ရှင်းပြပါတယ်။

ဒါကြောင့် သူတို့ ကော်မရှင်အနေနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနဲ့ ပတ်သက်ပြီး ပညာပေးတာ၊ ကြိုတင်တားဆီး ကာကွယ်တာ၊ စုံစမ်းစစ်ဆေး တရားစွဲတာ စတဲ့ ချဉ်းကပ်နည်း သုံးမျိုးနဲ့ ဖြေရှင်းဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။ ပညာပေးတဲ့ဆီမှာ ပြည်သူတွေ အနေနဲ့ ဆိတ်ကွယ်ရာမှာတောင် ဒီလို အကျင့်ဆိုးမျိုးကို လုံး၀ လက်မခံဘူး၊ မလုပ်ဘူး ဆိုတဲ့ ကောင်းမွန်တဲ့ စိတ်နေစိတ်ထားနဲ့ အမူအကျင့်တွေ ဖြစ်ပေါ်လာအောင် လုပ်တာပါ။ ဒါကို မူလတန်းက စတဲ့ ပညာပေးရေး အစီအစဉ်မျိုးမှာ ထည့်သွင်းထားပြီး အကျိုးသက်ရောက်မှုရဖို့ အချိန်ကြာနိုင်ပေမယ့် တာရှည်လည်းခံ၊ တစ်ချိန်မှာ အဂတိလိုက်စားတဲ့ ယဉ်ကျေးမှုကို ချုပ်ငြိမ်းသွားစေနိုင်တယ်လို့ ဆိုပါတယ်။

နောက်တနည်းကတော့ အဂတိလိုက်စားမှုတွေ မဖြစ်အောင် တားဆီးကာကွယ်တာမျိုးပါ။ လက်ရှိ လာဘ်ပေးလာဘ်ယူများတယ်လို့ နာမည်ထွက်တဲ့ ဌာနဆိုင်ရာ တစ်ချို့မှာ ဌာနတွင်းက လူတွေနဲ့ပဲ CPU အဖွဲ့တွေ ဖွဲ့စေပြီး မိသားစု စိတ်ဓာတ်နဲ့ ပြုပြင်ထိန်းကျောင်းပေးနေတယ် လို့ ရှင်းပြပါတယ်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးနဲ့ ပတ်သက်ပြီး တစ်ချို့နိုင်ငံတွေမှာ လုပ်သလို ခပ်ကြမ်းကြမ်း ကိုင်တွယ်လိုက်ပါလား ဆိုတဲ့ အမတ်တစ်ချို့ရဲ့ အကြံဉာဏ်ကိုတော့ မြန်မာနိုင်ငံရဲ့ အခြေအနေ အရပ်ရပ်နဲ့ မတူညီလို့ လိုက်လုပ်လို့ မရဘူး လို့ ဦးအောင်ကြည်က ပြောပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ အသေးစား အဂတိလိုက်စားမှုတွေ မကျဆင်းရခြင်းရဲ့ အဓိက အကြောင်းရင်း တစ်ခုဟာ ရုံးဌာနတွေမှာ အရိုးစွဲနေတဲ့ ဌာနတွင်း အဂတိလိုက်စားမှုတွေကြောင့်လို့ ထောက်ပြပါတယ်။ အဲဒီ ဌာနတွေမှာ တာဝန်အရှိဆုံးသူတွေကို တွက်ကြည့်ရင် စုစုပေါင်း လူ ၂၀၀ လောက်ပဲ ရှိတာမို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးမှာ အဲဒီလူ ၂၀၀ ဝန်းကျင် အရေးပါတယ်လို့ ပြောလိုက်တာပါ။

တကယ်တော့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဟာ သူ့ဖာသာသူ အလုပ်တွေ လုပ်နိုင်သလောက် လုပ်ခဲ့ပါတယ်။ ၂၀၁၈ စက်တင်ဘာမှာ အဂတိလိုက်စားတယ်လို့ ကျော်စော သတင်း ဖြစ်ပေါ်ခဲ့တဲ့ ရန်ကုန်တိုင်း ဥပဒေချုပ် ဦးဟန်ထူး၊ တိုင်း နဲ့ ခရိုင် အဆင့် ဥပဒေအရာရှိတွေ၊ တရားသူကြီး နဲ့ ရဲတပ်ဖွဲ့က ရဲမှူး တစ်ယောက် စုစုပေါင်း (၆) ယောက်ကို အဂတိတိုက်ဖျက်ရေး ဥပဒေနဲ့ ရုံးတင် တရားစွဲနိုင်ခဲ့ပါတယ်။ ၂၀၁၉ မတ်လ အရောက်မှာတော့ တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်နဲ့ သူ့ကို လာဘ်ထိုးခဲ့တယ်လို့ အထောက်အထား တွေ့ရတဲ့ GGS ကုမ္ပဏီက တာဝန်ရှိသူ ၃ ယောက်ကို အဂတိ တိုက်ဖျက်ရေး ဥပဒေနဲ့ အရေးယူ ပြနိုင်ခဲ့ပါတယ်။ ဒါတွေကတော့ ငါးကြီးကြီး ဖမ်းပြခဲ့တဲ့ သာဓကတွေပါ။ နောက်ထပ် ထူးထူးခြားခြား လုပ်ပြတာ တစ်ခုက ပြည်သူတွေ အတော်လေးစိတ်ဝင်စားတဲ့ မိုးထိမိုးမိ ရွှေတူးဖော်ရေး လုပ်ငန်း အရှုပ်တော်ပုံမှာ ပါဝင်ပတ်သက်နေတဲ့ ဝန်ကြီးဌာနက ဦးဆောင်ညွှန်ကြားရေးမှူးရော၊ ကုမ္ပဏီ မန်နေးဂျင်း ဒါရိုက်တာပါ နှစ်ဖက်စလုံး အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ နဲ့ တရားစွဲ လိုက်နိုင်ခြင်းပါ။ အဂတိလိုက်စားသူရော၊ အဂတိလိုက်စားပါတယ် ဆိုပြီး စနစ်တကျ အကွက်ဆင် လိမ်လည် တိုင်တန်းသူကိုပါ အရေးယူနိုင်ခဲ့ခြင်းပါ။ ဖော်ပြပါ အရေးယူမှု အားလုံးထက် ထူးခြားတဲ့ အမှုတစ်ခုကတော့ ရေအရင်းအမြစ်နဲ့ မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ်၊ ဒုညွှန်ချုပ်နဲ့ ညွှန်မှူးတွေရဲ့အဂတိလိုက်စားမှုကို ဖော်ထုတ်နိုင်ခြင်းပါ။ ဒါဟာ ဌာနဆိုင်ရာထဲမှာ အရင်က လုပ်ထုံးလုပ်နည်း လိုလိုတောင် ဖြစ်ခဲ့တဲ့ ဝိုင်းကြီးချုပ် စနစ်နဲ့ အဂတိလိုက်စားတာမျိုးကို ဖော်ထုတ် အရေးယူနိုင်ခဲ့ခြင်းပါ။

အဂတိ တိုက်ဖျက်ရေး ကော်မရှင်ဘက်က အဲလောက် လုပ်နိုင်ပေမယ့် အခြား အကန့်အသတ်တွေ အများကြီး ရှိနေပါသေးတယ်။ ဆက်စပ် ဥပဒေတစ်ချို့ ပြဌာန်းနိုင်ဖို့ လိုနေသေးတာ၊ ကော်မရှင် အနေနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ကလွဲရင် အခြားဘာဥပဒေ နဲ့မှ လုပ်ကိုင် ဆောင်ရွက်လို့ မရနိုင်တာ၊ လူအင်အားနည်းပါးတာ၊ တပ်မတော်နဲ့ ဆိုင်တာ ကိုင်တွယ်လို့ မရတာ စတာတွေ ဖြစ်ပါတယ်။ ဒါကြောင့် ဦးအောင်ကြည် ပြောသလိုပဲ မြန်မာနိုင်ငံမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး အောင်မြင်ဖို့ ဆိုရင် ကော်မရှင် တစ်ခုတည်း အကောင်အထည် ဖော်လို့ ရမှာ မဟုတ်ပဲ အရေးကြီးတဲ့ ဌာနဆိုင်ရာ လူကြီး အယောက် ၂၀၀ လောက် အပါအဝင် မဏ္ဍိုင်ကြီး ၃ ရပ် နဲ့ ပြည်သူတွေ တက်ညီလက်ညီ ပူးပေါင်းပါဝင်မှ ခရီးရောက်နိုင်မယ် ဖြစ်ကြောင်းပါ။

Your browser doesn’t support HTML5

အဂတိလိုက်စားမှု တိုက်ဖျက်ရေးမှာ ဌာနဆိုင်ရာ အကြီးအကဲတွေက ဘယ်လောက် အရေးပါနေသလဲ