ပြီးခဲ့တဲ့ အောက်တိုဘာ ၁ ရက်နေ့က စပြီး မြန်မာ့ ဟိုတယ်နဲ့ ခရီးသွားလာရေး ဝန်ကြီးဌာနဟာ ပြည်ပ ၆ နိုင်ငံကို ဆိုက်ရောက် ဗီဇာ စနစ်နဲ့ ဝင်ခွင့်ပြုလိုက်ပါတယ်။ ဂျာမဏီ၊ ရုရှား၊ စပိန်၊ အီတလီ၊ ဆွစ်ဇာလန်နဲ့ သြစတြေးလျက ခရီးသည်တွေ တိုးတက် ဝင်ရောက်လာဖို့ ရည်ရွယ်ပြီး ခုလို ဗီဇာကိစ္စ ဖြေလျော့ပေးလိုက်တာပါ။ ပြီးခဲ့တဲ့နှစ်ကလည်း ဂျပန်နဲ့ တောင်ကိုရီးယားကို ဗီဇာကင်းလွတ်ခွင့်ပြုခဲ့ပြီး တရုတ်၊ ဟောင်ကောင်နဲ့ မကာအိုက ခရီးသည်တွေကို ဆိုက်ရောက်ဗီဇာ ခွင့်ပြုခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ခရီးသည် ဝင်ရောက်မှု တိုးတက်လာတာကိုလည်း တွေ့မြင်ကြရပါတယ်။ အထူးသဖြင့် တရုတ်ခရီးသွား ဝင်ရောက်မှု သိသိသာသာ တိုးတက်လာတာပါ။ ဒါပေမယ့် အခြားတစ်ဖက်မှာတော့ တရုတ်ခရီးသွားတွေဟာ ဇီးရိုးဘတ်ဂျက် ခရီးသွားတွေ ဖြစ်တယ်၊ သူတို့လာလို့ မြန်မာနိုင်ငံက ဝင်ငွေ သိပ်မရဘူး၊ သူတို့ သုံးသမျှငွေ တရုတ်နိုင်ငံဘက်ကိုပဲ ပြန်စီးဆင်းသွားတယ် အစရှိသဖြင့် ဝေဖန်ပြောဆိုမှုတွေလည်း ရှိလာပါတယ်။ ဗီဇာဖြေလျော့မှုကြောင့် ဝင်ရောက်လာတဲ့ တရုတ်ခရီးသည်တွေဆီကနေ ငွေတွေ မဝင်ဘူး ဆိုတာ အမှန်ပဲလား၊ အဲဒါကြောင့် တရုတ်ခရီးသည်တွေကို ကြိုဆိုသင့်ရဲ့လား ဆိုတာ ခုတစ်ပတ် လေ့လာတင်ပြသွားပါ့မယ်။
ဟိုတယ်ခရီး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံထဲ ဗီဇာနဲ့ ဝင်လာတဲ့ နိုင်ငံခြားသား အရည်အတွက်ကိုကြည့်ရင် ၂၀၁၈ ၊ ဇန်နဝါရီလ ကနေ သြဂုတ်လကုန်ထိ (၈) လစာမှာ ၈ သိန်း ၆ သောင်းကျော်ရှိပြီး ၂၀၁၉ အလားတူ ကာလမှာတော့ ၁၂ သိန်းကျော် ရှိလာပါတယ်။ အရည်အတွက် ၃ သိန်းကျော်၊ ရာခိုင်နှုန်းအားဖြင့် ၄၀ ရာခိုင်နှုန်းနီးပါး တိုးတက်လာတယ်လို့ ဆိုရမှာပါ။ အဲဒီထဲမှာမှ တရုတ်ခရီးသည် ဝင်ရောက်မှုက ၂၀၁၈ ခုနှစ် (၈)လစာ တစ်သိန်း ၇ သောင်းကျော် ရှိရာကနေ ၄ သိန်းခွဲကျော် အထိ တဟုန်ထိုး တက်လာတာကြောင့် ၂ ဆခွဲကျော်ဝန်းကျင်၊ ရာခိုင်နှုန်းအားဖြင့် ၁၆၁ ရာခိုင်နှုန်းလောက် တိုးတက်လာတာ မြင်တွေ့ရပါတယ်။ ပြောရရင် မြန်မာအစိုးရရဲ့ ဗီဇာ ဖြေလျော့ပေးမှုဟာ ထိရောက်မှုရှိပြီး တရုတ်ခရီးသည် ဝင်ရောက်မှု ရုတ်တရက် မြင့်တက်လာတာ တွေ့ကြရလို့ပါ။
ခရီးသွား ဝင်ရောက်မှု များလာသလို တရုတ်- မြန်မာ လေကြောင်းလိုင်း ပြေးဆွဲမှုကလည်း များလာပါတယ်။ ခုဆိုရင် တရုတ်လေကြောင်းလိုင်း ၁၁ လိုင်းဟာ တရုတ်နိုင်ငံ မြို့ပေါင်း ၁၆ မြို့နဲ့ ရန်ကုန်- မန္တလေးကို ပြေးဆွဲနေပါတယ်။ ရန်ကုန်နဲ့ ချိတ်ဆက် ပြေးဆွဲတဲ့ အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း ၃၅ လိုင်းနဲ့ တွက်ရင် တရုတ်လေကြောင်းလိုင်းအရည်အတွက်ဟာ ၃ ပုံတစ်ပုံ အချိုးအစားကိုတောင် ရောက်လာပါတယ်။ ဒါပေမယ့်လည်း အိမ်နီးချင်း ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား နိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် မြန်မာနိုင်ငံထဲ တရုတ်ခရီးသည် ဝင်ရောက်မှု အများကြီး နည်းနေပါသေးတယ်။ ထိုင်းနိုင်ငံ လေဆိပ်တွေနဲ့ နိုင်ငံတစ်ဝှမ်းက ခရီးသည်တွေကို လမ်းညွှန်ပြောဆိုမှု၊ လမ်းညွှန် ဆိုင်းဘုတ် အမှတ်အသားတွေမှာ ကမ္ဘာသုံး အင်္ဂလိပ် ဘာသာစကား အပြင် တရုတ်ဘာသာစကားကိုလည်း ထည့်သွင်းပြောဆို ညွှန်ပြနေရတဲ့ အခြေအနေ ရောက်နေပါပြီ။
ကမ္ဘာလှည့် ခရီးသည် ဝင်ရောက်မှုကနေ သက်ဆိုင်ရာ တိုင်းပြည်က ဝင်ငွေ ဘယ်လောက် ရမရ ဆိုတာဟာ သူတို့ ဘယ်လေကြောင်းလိုင်းကို အသုံးပြုပြီး လာကြ၊ ပြန်ကြသလဲ၊ ပြည်တွင်းရောက်တဲ့အခါ ဘယ်နေရာမှာ တည်းခိုသလဲ၊ သွားလာ လည်ပတ်ဖို့ ဘယ် ယာဉ်တွေ အသုံးပြုသလဲ၊ ဘယ်ဆိုင်တွေမှာ စားသောက်ကြသလဲ၊ ပြန်တဲ့အခါ ဘာတွေ ဝယ်ပြီး ပြန်ကြသလဲ ဆိုတာ ကြည့်ဖို့ လိုပါတယ်။
ဒီနေရာမှာ အိမ်နီးချင်း ထိုင်းနိုင်ငံရဲ့ Tour လုပ်ငန်းကနေ ဝင်ငွေရှာပုံကို နမူနာ ပြချင်ပါတယ်။ ဥပမာအားဖြင့် နော်ေ၀ ဆိုတာ ထိုင်းနိုင်ငံနဲ့ အလွန့်ကို ကွာဝေးတဲ့ နေရာမှာ ရှိတာပါ။ ထိုင်း Tour လုပ်ငန်း ကုမ္ပဏီတွေဟာ နော်ဝေနိုင်ငံ အော်စလို အထိသွားပြီး သူတို့ဆီ လာလည်ဖို့ ဖိတ်ခေါ်တဲ့ ကြော်ငြာပွဲတွေ လုပ်ပါတယ်။ ထိုင်းလေကြောင်းလိုင်း TG ဟာလည်း ဘန်ကောက်ကနေ အော်စလို အထိ တိုက်ရိုက် ပြေးဆွဲပါတယ်။
အားလုံးသိတဲ့အတိုင်း ထိုင်းနိုင်ငံထဲမှာ Tourist တွေအတွက် ဟိုတယ်၊ စားသောက်ဆိုင်၊ ကုန်တိုက်၊ အပန်းဖြေစရာ ဝန်ဆောင်မှု လုပ်ငန်း အမျိုးမျိုး စတာတွေကို ထူထောင် ထားရှိပြီးသားပါ။ ဒီအခြေအနေတွေကို ကြည့်ရင် နော်ဝေကနေ ထိုင်းနိုင်ငံကို သွားပြီး လည်ပတ်မယ့် သူတွေအတွက် အော်စလို လေဆိပ်ကနေ TG ထိုင်းလေယာဉ်ပေါ် တက်ပြီ ဆိုတာနဲ့ ထိုင်းနိုင်ငံဘက်က ဝင်ငွေ စ ရပြီလို့ ဆိုနိုင်ပါတယ်။ ဘန်ကောက်ရောက်ပြီး နိုင်ငံတွင်း လည်ပတ်တဲ့ဆီမှာ တည်းခို၊ စားသောက်၊ ဝန်ဆောင်မှု အမျိုးမျိုးကနေ ဝင်ငွေ အမျိုးမျိုး ရပါသေးတယ်။ နောက် အပြန်ခရီး လေဆိပ်က King Power ကုမ္ပဏီက စီမံခန့်ခွဲတဲ့ Duty Free ဆိုင်မှာ ဝယ်တာတွေအတွက် ဝင်ငွေရသလို၊ လေယာဉ်ပေါ်က မဆင်းခင် လေယာဉ်ပေါ်မှာ နောက်ဆုံး လက်ဆောင်ပစ္စည်း ဝယ်ယူသည်အထိ ဝင်ငွေရအောင် စီမံခန့်ခွဲထားတာ တွေ့နိုင်ပါတယ်။
အဲဒီ နမူနာကိုကြည့်ရင် မြန်မာနိုင်ငံအနေနဲ့ လေကြောင်းလိုင်း ပြေးဆွဲနိုင်မှု အားနည်းတာကြောင့် အဲဒီကနေ ဝင်ငွေ မရနိုင်ပါဘူး။ လက်ရှိ တရုတ် ခရီးသည်တွေရဲ့ ရာခိုင်နှုန်း ၉၀ လောက်ဟာ တရုတ်လေကြောင်းလိုင်းတွေနဲ့လာ၊ ပြန်ကြလို့ မြန်မာဘက်က ဝင်ငွေ မရနိုင်ပါဘူး။ ဒါပေမယ့် ပြည်တွင်းမှာ တည်းခို၊ နေထိုင်၊ စားသောက်၊ လည်ပတ် တဲ့ဆီကနေတော့ ဝင်ငွေတွေ ရနိုင်ပါတယ်။ ဝေဖန်သူတွေကတော့ တရုတ် Tour တွေဟာ တရုတ်ဧည့်လမ်းညွှန်သုံး၊ တရုတ်ပိုင် ဟိုတယ်တွေမှာတည်း၊ တရုတ်စားသောက်ဆိုင်တွေမှာ စားသောက်၊ ငွေချေတော့လည်း QR Code အသုံးပြုပြီး ဖုန်းနဲ့ ငွေပေးချေတဲ့အတွက် အဲဒီ ငွေတွေ တရုတ်ဘဏ်တွေထဲရောက်၊ အဲဒါကြောင့် မြန်မာနိုင်ငံက ဝင်ငွေ မရဘူးလို့ ဆိုကြတာပါ။ တကယ်တော့ မြန်မာနိုင်ငံမှာ သုံးသမျှ မြန်မာနိုင်ငံအတွက် ဝင်ငွေလို့ သတ်မှတ်နိုင်ပါတယ်။ အဲဒီလို မဟုတ်ပဲ မြန်မာနိုင်ငံက ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေ၊ ခရီးသွားလုပ်ငန်းတွေ၊ ဝန်ဆောင်မှု လုပ်ငန်းတွေကို နောက်ကွယ်ကနေ တရုတ်နိုင်ငံသားတွေက တရားမဝင် ပိုင်ဆိုင် လုပ်ကိုင်နေကြတယ် ဆိုရင်တော့ အဲဒါဟာ ခရီးသွားလုပ်ငန်း ကဏ္ဍ ပြသနာ မဟုတ်တော့ပဲ မြန်မာနိုင်ငံရဲ့ တရားဥပဒေ စိုးမိုးရေးနဲ့ စီမံခန့်ခွဲမှုဆိုင်ရာ ပြသနာလို့ သတ်မှတ်ရတော့မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံထဲမှာ တရုတ်ဘဏ်တွေနဲ့ ချိတ်ဆက်ထားတဲ့ QR Code စနစ်သုံး ငွေပေးချေမှု ကို ခွင့်ပြုမထားတာကြောင့် အဲဒီ စနစ် အသုံးပြုခဲ့ရင်လည်း ဥပဒေနဲ့ မညီလို့ စိစစ်အရေးယူတာမျိုး လုပ်ဖို့ လိုပါလိမ့်မယ်။
ဒါတွေကို ဆန်းစစ်ကြည့်လိုက်ရင် တရုတ်ဧည့်သည်တွေ ဝင်လာလို့ မြန်မာနိုင်ငံဘက်က ဝင်ငွေ ရသင့်သလောက် မရဘူး ဆိုတဲ့ ပြသနာဟာ အဲဒီ တရုတ် Tour တွေကြောင့်မဟုတ်ပဲ မြန်မာနိုင်ငံဘက်က တရားဥပဒေ စိုးမိုးမှု မရှိတာ အပါအဝင် စီမံ အုပ်ချုပ်မှုဆိုင်ရာ အထွေထွေ အားနည်းချက်တွေကြောင့်ပဲလို့ ကောက်ချက်ချနိုင်ပါတယ်။ ဒီအတွက် တရုတ်ဧည့်သည်တွေ အပါအဝင် Tourism လုပ်ငန်းကနေ ဝင်ငွေတွေ ရသင့်သလောက် ရဖို့၊ အလုပ်အကိုင် အခွင့်အလမ်းတွေ ရဖို့ ဆိုရင် မြန်မာနိုင်ငံသားပိုင် လေကြောင်းလိုင်းတွေ တိုးချဲ့တာ၊ ဟိုတယ် နဲ့ ခရီးသွားလုပ်ငန်းကို အဆင့်မြှင့်တင်တာ၊ လည်ပတ်စရာ နေရာ အသစ်တွေ၊ ဝန်ဆောင်မှု အသစ်တွေ ရှာဖွေ ဖန်တီးတာ၊ ခရီးသည်တွေ ပြန်ရင် ဝယ်သွားနိုင်မယ့် ပစ္စည်းအရောင်းဆိုင် အမျိုးမျိုးကို ဖွင့်လှစ်တာ စတဲ့ကိစ္စတွေ ကြိုးစား အကောင်အထည် ဖော်ကြရမှာ ဖြစ်သလို တရားဥပဒေ စိုးမိုးမှု အားကောင်းအောင်လည်း လုပ်ကြရမှာ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ခရီးသွား ကဏ္ဍကနေ ဝင်ငွေ တိုးတက် ရလာဖို့အတွက် ဆိုရင်တော့ အိမ်နီးချင်း နိုင်ငံတွေနည်းတူ တရုတ်ဧည့်သည်တွေ များများ ဝင်လာမယ့် ကိစ္စကိုတော့ ကြိုဆိုသင့်ကြကြောင်းပါ။
(Unicode version)
Your browser doesn’t support HTML5