ပြီးခဲ့တဲ့ စက်တင်ဘာ ၃ ရက်နေ့က ရိုက်တာ သတင်းထောက် နှစ်ယောက်ဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ နှစ်ယောက်ကို ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးက မြန်မာနိုင်ငံ အစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေ ပုဒ်မ ၃(၁)(ဂ) နဲ့ ထောင်ဒါဏ် ၇ နှစ်စီ ချမှတ်ခဲ့ပါတယ်။ တရားစီရင်ရေးနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တဲ့ ထင်ရှားတဲ့ စကားတခွန်း ရှိပါတယ်။ အဲဒါကတော့ တရားစီရင်ရာမှာ ဥပဒေနဲ့အညီ မျှမျှတတ တရားစီရင်ရမယ်၊ ဒါတင်မက အဲလို စီရင်တာဟာလည်း အများအမြင်မှာ ဥပဒေနဲ့အညီ တရားမျှမျှတတ စီရင်တယ်လို့ ထင်မြင်ယူဆ စေရမယ် ဆိုတဲ့ စကား ဖြစ်ပါတယ်။ အခု ရိုက်တာသတင်းထောက် နှစ်ယောက်အပေါ် တရားစီရင်ဆုံးဖြတ်ချက်ဟာ တည်ဆဲဥပဒေပါ ပြဌာန်းချက်တွေနဲ့အညီဖြစ်ရဲ့လား၊ ဒီဥပဒေဆိုတာဟာရော ခေတ် စံနစ် အခြေအနေနဲ့အညီဖြစ်ရဲ့လား ဆိုတာ မေးခွန်းထုတ်စရာ အများကြီးရှိပါတယ်။
ရိုက်တာ သတင်းထောက် နှစ်ယောက်ကို ထောင်ဒဏ် (၇) နှစ် ချမှတ်လိုက်တဲ့ ဥပဒဟာ မြန်မာနိုင်ငံ နယ်ချဲ့ဗြိတိသျှ လက်အောက် ကျရောက်နေချိန် ပြဌာန်းခဲ့တဲ့ ၁၉၂၃ အိန္ဒိယ အက်ဥပဒေ အမှတ်-၂၃ ဖြစ်ပါတယ်။ မူရင်းဥပဒေမှာ အင်္ဂလိပ်ဘာသာနဲ့ ပြဌာန်းထားပြီး နောက်ပိုင်း ရှေ့နေချုပ်ရုံးရဲ့ ဘာသာပြန်မူကို ကိုးကားကြတာ ဖြစ်ပါတယ်။ ဥပဒေ တခုလုံးကိုပဲဖြစ်ဖြစ်၊ရိုက်တာ သတင်းထောက် နှစ်ယောက်ကို စွဲတင်ခဲ့တဲ့ ပုဒ်မ (၁)(ဂ) ကိုပဲ ကြည့်ကြည့် မြန်မာနိုင်ငံအစိုးရရဲ့ ရန်သူတွေကို လျှို့ဝှက်အပ်တဲ့ အချက်အလက်တွေ၊ စာရွက်စာတမ်းတွေ၊ အစိုးရစကားဝှက် (secret official code) တွေ၊ ကင်းစကားဝှက် (password) တွေကို လူတယောက်ယောက်၊ တဖွဲ့ဲန သူလျှိုလုပ်၊ ခိုးယူ ပြီး ပေးပို့ဖို့ ကြိုးစားတာ၊ ပေးပို့တာတွေကို အပြစ်ပေးဖို့ ပြဌာန်းထားတဲ့ ဥပဒေ ဖြစ်နေတာ ထင်ထင်ရှားရှား တွေ့နိုင်ပါတယ်။ အထူးသဖြင့် စစ်ရေးဆိုင်ရာ အချက်အလက်တွေ ဖြစ်ကြောင်း ဥပဒေရဲ့ ပုဒ်မ အတော်များများမှာ ဖော်ပြထားပါတယ်။ ဒီအတွက် ရိုက်တာ သတင်းထောက် နှစ်ယောက်ဟာ ဘယ်လို မြန်မာနိုင်ငံ အစိုးရရဲ့ လျှို့ဝှက်ချက်တွေကို ဘယ်ရန်သူတွေဆီကို ဘယ်လိုပေးပို့ခဲ့တယ်၊ ဒါမှမဟုတ် ပေးပို့ဖို့ ကြံစည်ခဲ့သလဲ ဆိုတာ စီရင်ချက်မှာ လေ့လာကြည့်ဖို့ လိုပါတယ်။
စီရင်ချက်မှာ ဖော်ပြချက်အရ ရိုက်တာ သတင်းထောက် နှစ်ယောက်ဟာ အစိုးရလျှို့ဝှက်ချက်တွေကို စုဆောင်းတဲ့ အလုပ်လုပ်တယ် ဆိုပြီး ကောက်ချက်ချထားပါတယ်။ သူတို့ စုဆောင်းထားတယ် ဆိုတဲ့ အချက်အလက်တွေကတော့ ရခိုင်ပြည်နယ်က လုံခြုံရေးဆိုင်ရာ အချက်အလက်တွေ၊ ပုပ်ရဟန်းမင်းကြီးရဲ့ ခရီးစဉ်ဆိုင်ရာ အချက်အလက်တွေ၊ ဒုသမ္မတ ဦးမြင့်ဆွေရဲ့ ခရီးစဉ်ဆိုင်ရာ အချက်အလက်တွေ နဲ့ အခြား အချက်အလက်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီနေရာမှာ တရားသူကြီးက တရားခံတွေဟာ ရိုက်တာသတင်းဌာနက သတင်းထောက်တွေ ဖြစ်တာကြောင့် သူတို့ရဲ့ ပရော်ဖက်ရှင်နယ် သတင်းမီဒီယာ လုပ်ငန်းအတွက် အချက်အလက် စုဆောင်းတယ်လို့ မှတ်ချက်မချပဲ အစိုးရရဲ့ ရန်သူဆီ ပို့ဖို့ အချက်အလက်တွေ စုဆောင်းတယ် ဆိုပြီး မှတ်ချက် ချထားတာ တွေ့ရပါတယ်။ ဒီအတွက် ဘယ်ရန်သူတွေဆီ ပို့ပေးခဲ့သလဲ၊ ဒါမှမဟုတ် ကြံရွယ်ခဲ့သလဲ မေးခွန်းထုတ်စရာ ရှိလာပါတယ်။
စီရင်ချက်ထဲမှာတော့ ကိုဝလုံးရဲ့ နေအိမ်ကို ဝင်ရောက်ရှာဖွေရာမှာ မြန်မာတိုင်းမ် သတင်းဌာန အမှတ်တံဆိပ် မှတ်စုစာအုပ်ထဲကနေ အစိုးရကို လက်နက်ကိုင် တိုက်ခိုက်နေတဲ့ AA ရခိုင်လက်နက်ကိုင် အဖွဲ့က ကိုညိုထွန်းအောင် နဲ့ ANC ရခိုင်အဖွဲ့က ကိုထွန်းအောင် တို့ နှစ်ယောက်ရဲ့ ဖုန်းနံပတ်ကို ရေးမှတ်ထားတာ တွေ့ရတယ်လို့ ဆိုပါတယ်။ အဓိပ္ပါယ်ကတော့ ရိုက်တာ သတင်းထောက်နှစ်ယောက်ဟာ အစိုးရလျှို့ဝှက်ချက်တွေ လိုက်လံ စုဆောင်းခဲ့တယ်၊ ဒါတွေဟာ အစိုးရရဲ့ ရန်သူဖြစ်တဲ့ ရခိုင်သူပုန် အဖွဲ့တွေဆီ ပေးပို့ပြီးသားဖြစ်မယ်၊ ဒါမှမဟုတ် ပေးပို့ဖို့ ကြံရွယ်တာ ဖြစ်နိုင်တယ် ဆိုပြီး ဆက်စပ် စီရင်လိုက်တာပါ။ ဒီလို စီရင်တာနဲ့ ပတ်သက်ပြီး ဥပဒေပါ ပုဒ်မ ၃(၂) ကိုလည်း ကိုးကားသွားခဲ့ပါတယ်။
ပုဒ်မ ၃(၂) မှာ ဆိုထားတာက တရားရုံးဟာ လူတစ်ယောက်၊ တစ်ဖွဲ့ အဲလို အစိုးရလျှို့ဝှက်ချက်တွေ စုဆောင်းနေတယ် ဆိုရင် အဲဒီလူအနေနဲ့ ဘယ်သူ့ကို ဘယ်နေရာကို ဆက်သွယ်ပေးပို့တယ်၊ ပေးပို့ဖို့ ကြံရွယ်တယ် သက်သေထင်ရှား ပြဖို့ မလို၊ သူ့ရဲ့ အပြုအမူ၊ ဒါမှမဟုတ် အကျင့်စာရိတ္တကိုကြည့်ပြီး သူ့ရည်ရွယ်ချက်ဟာ နိုင်ငံလုံခြုံရေး ဒါမှမဟုတ် အကျိုးကို ထိခိုက်စေမယ့်ပုံ ပေါ်ရင် အဲဒီသူကို ပြစ်မှုထင်ရှား စီရင်နိုင်သည် ဆိုပြီး ပြဌာန်းထားပါတယ်။ တရားရုံးဟာ အဲဒီအချက်ကို အသုံးပြုပြီး ရိုက်တာ သတင်းထောက် နှစ်ယောက်ဟာ အစိုးရ လျှို့ဝှက်ချက်တွေကို စုဆောင်းထားတယ်၊ ရန်သူ ရခိုင်လက်နက်ကိုင် ခေါင်းဆောင်တစ်ချို့ရဲ့ ဖုန်းနံပါတ်ကိုလည်း ရေးမှတ်ထားတယ်၊ ဒါ့အပြင် သူတို့ရဲ့ အပြုအမူဟာ နိုင်ငံလုံခြုံရေး ဒါမှမဟုတ် အကျိုးကို ထိခိုက်စေမယ့်ပုံရှိတယ် လို့ ကောက်ချက်ဆွဲပြီး ထောင် (၇) နှစ် စီရင်လိုက်တာ ဖြစ်ပါတယ်။
ဒီနေရာမှာ တရားသူကြီးရဲ့ ဆင်ခြင်တုံတရားကို မေးခွန်း ထုတ်စရာ ရှိလာပါတယ်။ သူတို့ရဲ့ အချက်အလက် စုဆောင်းမှုဟာ အစိုးရရန်သူ ရခိုင် လက်နက်ကိုင်တွေ အတွက်ပဲ ဖြစ်နိုင်သလား၊ သူတို့ အလုပ်လုပ်တဲ့ မိခင် သတင်းဌာန ရိုက်တာ သတင်းဌာန အတွက်ရော မဖြစ်နိုင်ဘူးလား ဆိုတာပါ။ ဒီနေရာမှာ တရားလို ရဲတပ်ဖွဲ့ဘက်က တင်ပြချက်တွေ၊ စီရင်ချက်မှာပါတဲ့ အချက်အလက်ပေါင်းများစွာမှာ ပါတဲ့ ငြင်းလို့မရတဲ့ အချက်တစ်ခုကတော့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ဟာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ တွေ့ဆုံတဲ့အခါတိုင်း အင်းဒင်ရွာ လူသတ်မှုနဲ့ ရွာတွေကို မီးရှို့မှုတွေ၊ မောင်တောဘက်က အခြေအနေတွေကို သိလား၊ ရှိသလား၊ စတာတွေကို မေးမြန်းခဲ့တယ် ဆိုတာပါပဲ။ တရားရုံးမှာ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ထွက်ဆိုချက်တိုင်းမှာ အဲဒီအချက်တွေ ပါတာကို အလေးအနက် ထားခဲ့ရင် ရိုက်တာ သတင်းထောက်နှစ်ယောက်ဟာ သူတို့ မိခင် သတင်းဌာန အတွက် investigative reporting စုံစမ်းထောက်လှမ်းပြီး ရေးသားတင်ပြဖို့ သတင်းစုဆောင်းနေတယ်လို့ ကောက်ချက်ချနိုင်မှာပါ။
နောက်တချက်က ရိုက်တာ သတင်းထောက်နှစ်ယောက်ဟာ အင်းဒင်သတင်းကို လိုက်နေတာကြောင့် ရဲတပ်ဖွဲ့ဝင်တွေရဲ့ ထောင်ချောက်ဆင် ဖမ်းဆီးတာ ခံလိုက်ရတယ် ဆိုတဲ့ ဒုရဲမှူး မိုးရန်နိုင်ရဲ့ ထွက်ဆိုချက်ကို ထည့်သွင်းစဉ်းစားမှု မရှိတာပါ။ ဒုရဲမှူး မိုးရန်နိုင်ဟာ ရဲမှူးချုပ် တင်ကိုကိုက ရိုက်တာ သတင်းထောက် ဝလုံးတို့ကို ဖမ်းဖို့ ဒုတပ်ကြပ်နိုင်လင်းကို ညွှန်ကြားတာ ကိုယ်တိုင်ကြားတဲ့အကြောင်း တရားရုံးမှာ ထွက်ဆိုခဲ့ပါတယ်။ ဒီလို ထွက်ဆိုမှုကြောင့်လည်း ရဲတပ်ဖွဲ့ရဲ့ အပြစ်ပေးခြင်း ခံရပြီး ချက်ခြင်းလက်ငင်း ထောင်ဒါဏ် ကျခံသွားရတာလည်း ပေါ်လွင်နေတဲ့ အခြေအနေမျိုးပါ။ ဒါပေမယ့် တရားသူကြီးကတော့ ဒုရဲမှူးမိုးရန်နိုင်ဟာ “ အခင်းဖြစ် ချိန်က အခင်းဖြစ်နေရာတွင် ကိုယ်တိုင်ကိုယ်ကျ ရောက်ရှိနေသူ မဟုတ်” လို့ ဆိုပြီး ထွက်ဆိုချက်ကို ပယ်ချထားတာ တွေ့ရပါတယ်။
အခု ရိုက်တာသတင်းထောက် နှစ်ယောက်ကို ဖမ်းဆီး၊ တရားစွဲ၊ ထောင်ချ ခဲ့တဲ့ ဖြစ်စဉ် တခုလုံးကို ခြုံငုံသုံးသပ်ကြည့်ရင် ပထမ အားနည်းချက်က ခေတ်မမီတော့တဲ့ လွန်ခဲ့တဲ့ နှစ် ၁၀၀ ဝန်းကျင်လောက်က ကိုလိုနီတွေ ပြဌာန်းခဲ့တဲ့ ဥပဒေကို အသုံးပြုခဲ့တာပါ။ အဲဒီ ဥပဒေကို အသေအခြာ ပြန်ဆန်းစစ်ကြည့်ရင် အများကြီး ပြုပြင်စရာ တွေ့ရမှာ ဖြစ်ပါတယ်။ ဒုတိယ အားနည်းချက်ကတော့ အမှုကိုစွဲတင်တဲ့ ရဲတပ်ဖွဲ့ဘက်ကရော၊ တရားသူကြီးကပါ တရားခံလို့ ဆိုသူတွေကို အဲဒီ ဥပဒေဘောင်ထဲ မဝင် ဝင်အောင်၊ အဲဒီ ဥပဒေနဲ့ စီရင်ချက် ချကို ချလို့ရအောင် လုပ်ကိုင်ခဲ့ကြလေသလား သံသယ ရှိစရာပါ။ ဒီ ပြစ်မှု စီရင်လိုက်ခြင်းအားဖြင့် မြန်မာနိုင်ငံ တရားစီရင်ရေး စနစ်ကို အရင် စစ်အာဏာရှင်ခေတ်က တရားစီရင်ရေး စနစ်နဲ့ နှိုင်းယှဉ် သတိရစရာလည်း ဖြစ်စေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အခု ရိုက်တာသတင်းထောက် နှစ်ယောက်ကို ထောင်ဒဏ် (၇) နှစ် စီရင်လိုက်တာဟာ နိုင်ငံတကာနဲ့ အများပြည်သူ အမြင်မှာ တရားမျှတမှု ရှိတယ်လို့ မမြင်တဲ့အပြင် တည်ဆဲ ဥပဒေအတိုင်း တရား မျှမျှတတ စီရင်ခဲ့တယ်လို့လည်း ထင်မြင်ယူဆ လို့ မရနိုင်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။