ဒုတိယမျိုးဆက် လက်ထဲ NLD ပါတီ ပိုပြီး အားကောင်းလာမှာလား

အသစ် ပြန်လည်ဖွဲ့စည်းလိုက်တဲ့ NLD ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ

အသစ် ပြန်လည်ဖွဲ့စည်းလိုက်တဲ့ NLD ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ

ပြီးခဲ့တဲ့ ရက်သတ္တပတ် အတွင်း ထူးခြားဖြစ်စဉ် သတင်းတွေထဲမှာ သမ္မတ အပြောင်းအလဲ လုပ်တဲ့ သတင်းနည်းတူ မြန်မာ့နိုင်ငံရေး အတွက် အတော့်ကို အရေးပါတဲ့ ထူးခြားတဲ့ သတင်းတခုလည်း ထွက်ပေါ်ခဲ့ပါတယ်။ အဲဒါကတော့ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ အတွင်း ရာထူးတာဝန် အပြောင်းအလဲ လုပ်တဲ့ သတင်းတွေပါ။ အဲဒီအထဲမှာ လက်ရှိ သမ္မတ တာဝန်ထမ်းဆောင်နေပြီဖြစ်တဲ့ ဦးဝင်းမြင့်ကို ဒုဥက္ကဌ(၁) တာဝန်ပေးအပ်တာလည်း ပါပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ သူ့ရဲ့ အစိုးရ သက်တန်း ၂ နှစ်ပြည့် တိုင်းပြည်ကို ပြောတဲ့ မိန့်ခွန်းမှာ အလေးအနက် ထည့်သွင်းပြောသွားတာ တွေ့ကြရပါတယ်။ သူ့ပြောစကားအရ အင်န်အယ်လ်ဒီ ပါတီဟာ ခေါင်းဆောင်မှု တာဝန်ကို ဦးဝင်းမြင့်တို့လို ဒုတိယ မျိုးဆက် လက်ကို လွှဲအပ်ပေးခဲ့ပြီ ဆိုတာပါပဲ။ လတ်တလော NLD ပါတီတွင်း ဘာတွေ အပြောင်းအလဲ လုပ်ခဲ့သလဲ၊ ဒီ အပြောင်းအလဲဟာ အရေးကြီးတဲ့ အပြောင်းအလဲလား၊ NLD ရဲ့ အနာဂတ် ဘာတွေ ဆက်ဖြစ်လာနိုင်မလဲ ဆိုတာ ခုတပတ် သုံးသပ် တင်ပြသွားပါ့မယ်။

NLD ပါတီတွင်း အပြောင်းအလဲတွေကတော့ ဦးဝင်းမြင့်ကို ဒုဥက္ကဌ(၁)၊ ဒေါက်တာဇော်မြင့်မောင်ကို ဒုဥက္ကဌ(၂) တာဝန် ပေးအပ်ခဲ့ခြင်းပါ။ အရင်က ဒီ ရာထူးတာဝန်နေရာမျိုး မရှိခဲ့ဖူးပါဘူး။ နောက်ထပ် အပြောင်းအလဲ တခုကတော့ ဝါရင့်ခေါင်းဆောင် ဦးဝင်းထိန် အပါအဝင် ဦးအုန်းကြိုင်၊ ဦးကျော်ခင်၊ မန်းဂျော်နီ တို့ လေးယောက်ကို သဘာပတိ အဖွဲ့ဝင်အဖြစ် သတ်မှတ်လိုက်ခြင်းပါပဲ။ နဂိုက သဘာပတိ အဖွဲ့ထဲမှာ နာယက သူရဦးတင်ဦးနဲ့ ဦးလှဖေ နှစ်ယောက် ရှိနှင့်နေပြီမို့ အခု ၄ ယောက်နဲ့ပါ ပေါင်းရင် သဘာပတိ အဖွဲ့ဝင် စုစုပေါင်း ၆ ယောက် ဖြစ်သွားမယ့် သဘောပါ။ နောက် တတိယ အပြောင်းအလဲကတော့ ဒေါက်တာဇော်မြင့်မောင်နဲ့ ဒေါက်တာမျိုးညွန့်တို့ နှစ်ယောက်ကို ပါတီ ပြောရေးဆိုခွင့် ရှိသူတွေ အဖြစ် သတ်မှတ်ပေးလိုက်ခြင်းပါပဲ။ အခုလို အပြောင်းအလဲ လုပ်လိုက်တဲ့အတွက် အတွင်းရေးမှူး အဖွဲ့ဝင် အရည်အတွက် လျော့သွားပြီး ဦးဉာဏ်ဝင်းနဲ့ ဦးဟံသာမြင့် နှစ်ယောက်ပဲ ကျန်ရစ်ပါတယ်။

ဒီအပြောင်းအလဲကို ထူးခြားတဲ့ အပြောင်းအလဲ အဖြစ် သတ်မှတ်ရတာဟာ အရင်က NLD ပါတီမှာ ဒေါ်အောင်ဆန်းစုကြည် ပြီးရင် နံပတ်(၂) နေရာ သတ်မှတ်ထားတာ မရှိပါဘူး။ ဒီအတွက် မြန်မာ့နိုင်ငံအရေးကို စိတ်ဝင်စားတဲ့ ပြည်တွင်းပြည်ပ နိုင်ငံရေးသမားတွေနဲ့ သတင်းမီဒီယာတွေ၊ပညာရှင်တွေကြားမှာ ဒေါ်အောင်ဆန်းစုကြည်ပြီးရင် သူ့ကို ဘယ်သူ ဆက်ခံမှာလဲ ဆိုတဲ့ မေးခွန်း ထုတ်နေခဲ့ကြတာ နှစ်ကာလ အတော်ကြာပါပြီ။ အခု အဲဒီ မေးခွန်းရဲ့ အဖြေကို ပေးပြီးသား ဖြစ်သွားပါပြီ။ လက်ရှိ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်ဟာ NLD ပါတီမှာလည်း ဒေါ်အောင်ဆန်းစုကြည်ကို ဆက်ခံမယ့် ခေါင်းဆောင် ဖြစ်လာမှာပါ။ ဒါတင်မက နိုင်ငံရဲ့ အထွဋ်အထိပ် နိုင်ငံတော် သမ္မတ ရာထူးကိုလည်း ရယူထားပြီမို့၊ ဒေါ်အောင်ဆန်းစုကြည် အနားယူလိုက်ရင် ဖြစ်စေ၊ ရုတ်တရက် နာမကျန်း ဖြစ်ရင် ဖြစ်စေ ဦးဝင်းမြင့်ဟာ နံပတ်တစ် ခေါင်းဆောင်အဖြစ် အခိုင်အမာ ကျန်ရစ်မယ့် သဘောဖြစ်ပါတယ်။ ဒါဟာ အတော့်ကို ထူးခြားတဲ့ အနေအထားပါ။

ဘယ်လိုပဲဖြစ်ဖြစ် လက်ရှိ ဒေါ်အောင်ဆန်းစုကြည်ရော၊ ဦးဝင်းမြင့်ပါ နှစ်ယောက်စလုံး အစိုးရယန္တယားထဲ ရောက်နေတဲ့အတွက် ပါတီ အရေးကိစ္စတွေမှာ ပါဝင်လို့တော့ မရပါဘူး။ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် ဒေါ်အောင်ဆန်းစုကြည် အစိုးရအဖွဲ့ ခေါင်းဆောင်အဖြစ် တာဝန်ယူရတော့ ပါတီကို ဦးဝင်းထိန် အပါအဝင် အတွင်းရေးမှူး အဖွဲ့ဝင် ၅ ယောက် လက်ထဲ ထည့်ထားခဲ့ပါတယ်။ အခုတကြိမ် ဖွဲ့စည်းပုံ ပြောင်းလိုက်ပြီမို့ ပါတီ အရေးကိစ္စလို့ ဆိုရင် မန္တလေးတိုင်း ဝန်ကြီးချုပ်လည်းဖြစ်၊ ပါတီ ဒုဥက္ကဌ (၂) လည်းဖြစ်တဲ့ ဒေါက်တာဇော်မြင့်မောင်ဟာ အဓိက ခေါင်းဆောင် နေရာ ရောက်သွားပါပြီ။ အရင် အတွင်းရေးမှူး အဖွဲ့ဝင် ၅ ယောက် စနစ်တုန်းကလို သူလိုလို ငါလိုလို ပြသနာတက်စရာ သိပ်ရှိတော့မှာ မဟုတ်ဘူးလို့ မှန်းဆ ရပါတယ်။

နောက်ပြသနာ တခုက အငြင်းပွားစရာ ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ အတွင်းရေးမှူး အဖွဲ့ဝင် ဦးဝင်းထိန်ရဲ့ နေရာပါ။ အခု သဘာပတိ အဖွဲ့ဝင် ဖြစ်သွားပြီ ဖြစ်တဲ့အတွက် အခြား အသက်ကြီးရင့်၊ ဝါရင့်တဲ့ ခေါင်းဆောင်ပိုင်းနဲ့ အတူ ဒုတိယမျိုးဆက်တွေ ဦးဆောင်တော့မယ့် ပါတီ အလုပ်အမှုဆောင်အဖွဲ့ကို အကြံဉာဏ်ပေးတာ၊ ဝန်းရံတာမျိုးလောက်ပဲ လုပ်ကြရပါတော့မယ်။ ကိုယ်တိုင်ကိုယ်ကျ ဆုံးဖြတ်ရမယ့် အနေအထားမျိုး မဟုတ်တော့ပါဘူး။ ပါတီအတွက် ပြောရေးဆိုခွင့်ရှိသူတွေကိုလည်း သတ်မှတ်ပြီးဖြစ်တာကြောင့် အခြား ဘာပြသနာမှ ရှိတော့မှာ မဟုတ်ဘူးလို့ မှန်းဆရပါတယ်။

ပြောရရင် ၁၉၈၈ ပြည်သူ့အရေးတော်ပုံကြီးက ပေါက်ဖွားလာတဲ့ NLD ပါတီဆိုတာဟာ ဒေါ်အောင်ဆန်းစုကြည် ရှိရင် သူက ဦးဆောင်၊ သူ့ကို နေအိမ်အကျယ်ချုပ် ချထားရင် လွှတ်ပေးဖို့ တောင်းဆိုရင်း၊ ပါတီ မပျက်ရုံ ထိန်းထားရင်း ဒေါ်အောင်ဆန်းစုကြည်ကို စောင့်မျှော်နေတတ်တဲ့ ပါတီ တခုအဖြစ်သာ ရှိခဲ့ပါတယ်။ ဒါကြောင့်လည်း ဒေါ်စုလွတ်နေရင် ပါတီလှုပ်ရှားမှု ရှင်သန်နေပြီး? ဒေါ်စုကို အကျယ်ချုပ်ချထားလိုက်ရင် သက်ကြီးဝါကြီး ပါတီခေါင်းဆောင်ကြီးတွေ တစ်ပတ်တစ်ခါ ရုံးတက်၊ အခန်းအနားတွေ မှန်မှန်ကျင်းပ၊ ဒေါ်စုကို လွှတ်ပေးရေး မှန်မှန်တောင်းဆိုတာလောက်အပြင် အခြား ဘာမှ တက်တက်ကြွကြွ မလုပ်တဲ့ မလုပ်နိုင်တဲ့ ပါတီလို့တောင် ပြောနိုင်ပါတယ်။ အချိန် အတော်များများမှာ ပါတီခေါင်းဆောင်တွေ ကိုယ့်ဖာသာကိုယ် ဦးဆောင်လှုပ်ရှားနေတာထက် ဒေါ်စုဆီသွားတွေ့သူတွေ သယ်ဆောင်လာတဲ့ ညွှန်ကြားချက်တွေအတိုင်း လှုပ်ရှားခဲ့တာလည်း နှစ်ပေါင်းများစွာပါပဲ။ ပွင်ပွင့်လင်းလင်း ပြောရရင်၊ ဒေါ်စုမရှိရင် ကောင်းကောင်း မရှင်သန်နိုင်တဲ့ ပါတီ အမျိုးအစားပါ။

နမူနာအားဖြင့် ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်ကနေ မလွတ်မြောက်သေးခင်၊ ပါတီကို အပြည့်အ၀ ဦးဆောင်မှု မပေးနိုင်သေးတဲ့အချိန် ၂၀၁၀ ရွေးကောက်ပွဲအကြိုနဲ့ ရွေးကောက်ပွဲကာလ ကိုကြည့်ရင် သိနိုင်ပါတယ်။ အဲဒီကာလက ရွေးကောက်ပွဲ ဝင်၊ မဝင် ပါတီတွင်း သဘောထားကွဲလွဲမှုတွေ ဖြစ်ခဲ့ပြီး ဝါရင့်ပါတီခေါင်းဆောင်တချို့ ပါတီကနေ စွန့်ခွာ ၊ ပါတီခွဲထောင်သွားတဲ့ အခြေအနေထိ ရောက်သွားခဲ့ပါတယ်။ အလားတူ ၂၀၁၅ ရွေးကောက်ပွဲမှာ NLD ပါတီ အနိုင်ရပြီး ၂၀၁၆ ဒေါ်အောင်ဆန်းစုကြည် အစိုးရအဖွဲ့ကို ခေါင်းဆောင်နေချိန်၊ ပါတီကိစ္စ ဦးဆောင်မှု မပေးနိုင်ချိန် အတွင်းရေးမှူး အဖွဲ့ဝင် ၅ ယောက်နဲ့ ထားရစ်ခဲ့ပါတယ်။ ဦးဆောင်သူ တိတိကျကျ မရှိတဲ့ ဖွဲ့စည်းပုံ အရ အဲဒီ ၅ ယောက်အတွင်း သဘောထား ကွဲကြပြီး ပြသနာ အမျိုးမျိုး တက်ခဲ့တာလည်း အားလုံး သိကြပြီဖြစ်တဲ့ အတိုင်းပါပဲ။ NLD ပါတီရဲ့ ဆုံးဖြတ်ချက်ဟာ နေပြည်တော်ဘက်က ဆုံးဖြတ်သလား၊ ရန်ကုန်ရုံးချုပ်က ဆုံးဖြတ်သလား၊ မကွဲမပြား ဖြစ်ခဲ့ကြသလို၊ နေပြည်တော်ဘက်က ဆုံးဖြတ်တာကို ရန်ကုန်ဘက်က မသိ၊ ရန်ကုန်ဘက်က လှုပ်ရှားမှု နေပြည်တော်နဲ့ မဆိုင်သလိုတောင် ဖြစ်နေခဲ့တာပါ။

ဘယ်လိုပဲဖြစ်ဖြစ် ခုဆို တိကျတဲ့ ဆက်ခံမယ့်သူ၊ တိကျတဲ့ ဖွဲ့စည်းပုံ ရှိနေပြီမို့ လက်ရှိ NLD ကို ခေါင်းဆောင်တော့မယ့်သူတွေ အနေနဲ့ ပါတီရဲ့ ရေရှည်နဲ့ ရေတို လုပ်ရမယ့် ပေါ်လစီ အသစ်တွေ ချမှတ်ဖို့ လိုနေပါပြီ။ ဒီနေရာမှာ ပါတီရဲ့ ထိပ်ဆုံးခေါင်းဆောင် နှစ်ယောက် အစိုးရအဖွဲ့ထဲ ရောက်နေတာမို့ ပါတီအနေနဲ့ အရာရာကို ခေါင်းဆောင်မှု ပေးရမယ် ဆိုတဲ့ မူကိုတော့ ကျင့်သုံးနိုင်မှာ မဟုတ်ပါဘူး။ ဒီအတွက် ဘယ်ကိစ္စတွေဆို အစိုးရအဖွဲ့ထဲက ခေါင်းဆောင်တွေက ဆုံးဖြတ်လိမ့်မယ်၊ ဘယ်ကိစ္စတွေဆိုရင်တော့ ပါတီက ဦးဆောင်မှုနေရာ ရယူလုပ်ကိုင်ရမယ် ဆိုတဲ့ မူ ရှိထားဖို့ လိုပါတယ်။ တခုခု ဆိုရင် ဒေါ်အောင်ဆန်းစုကြည်က ဆုံးဖြတ်ပေးမယ် ဆိုတာမျိုးဟာ လက်တွေ့မကျတော့သလို၊ ပါတီအတွက်၊ အစိုးရအဖွဲ့အတွက်၊ တိုင်းပြည်အတွက် အန္တရာယ်လည်း များတဲ့ အပြုအမူမျိုးပါ။ ဒီအတွက် NLD လက်ရှိခေါင်းဆောင်၊ ဒုတိယ မျိုးဆက်တွေ အနေနဲ့ ပါတီရဲ့ လုပ်ငန်းဆောင်တာတွေ၊ ပါတီတည်ဆောက်ရေး ဆိုင်ရာ ကိစ္စတွေကို ပြန်လည် ဆန်းစစ်ပြီး စနစ်တကျ ကိုင်တွယ်ဆောင်ရွက်သင့်ပြီ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

Your browser doesn’t support HTML5

ဒုတိယမျိုးဆက် လက်ထဲ NLD ပါတီ ပိုပြီး အားကောင်းလာမှာလား