ပြီးခဲ့တဲ့ (၂)နှစ်တာကာလအတွင်း မြန်မာနိုင်ငံ မြို့ကြီးမြို့ငယ် တချို့မှာ သက်ငယ်မုဒိန်းမှု သေဒါဏ်ပေးရေး တောင်းဆိုတဲ့ လှုပ်ရှားမှုတွေ လုပ်ကြပါတယ်။ ဆွေးနွေးပွဲ၊ ဟောပြောပွဲတွေ လုပ်တာ၊ လက်ကမ်းစာစောင်တွေ ဖြန့်ဝေတာ၊ သေဒါဏ်ပေးရေး ဥပဒေ ပြဌာန်းပေးဖို့ လက်မှတ်တွေ စုဆောင်းကောက်ခံတာ စတာတွေ လုပ်ခဲ့ကြပါတယ်။ နောက်ဆက်တွဲ အနေနဲ့ သက်ငယ်မုဒိန်းမှု ကျူးလွန်သူတွေကို သေဒါဏ်အထိ ချမှတ်နိုင်ရေး အထူးဥပဒေ တရပ် ပြဌာန်းပေးဖို့ အစိုးရကို တိုက်တွန်းကြောင်း အဆို တရပ် ပြည်သူ့လွှတ်တော်တွင်း တင် ဆွေးနွေးရသည်အထိ ဖြစ်ခဲ့ပါတယ်။ အဆိုကို ထောက်ခံတဲ့ဘက်နဲ့ ကန့်ကွက်တဲ့ဘက် နှစ်ဖက် အခြေအတင် ဆွေးနွေးကြပြီး နောက်ဆုံး မဲခွဲဆုံးဖြတ်ကြပါတယ်။ကံမကောင်း အကြောင်းမလှစွာပဲ အဆိုကို ထောက်ခံသူ ၁၄၁၊ ကန့်ကွက်သူ ၂၂၇ မဲနဲ့ အဆိုရှုံးနိမ့်ပြီး မှတ်တမ်းတင်တဲ့ အဆင့်လောက်နဲ့ပဲ ထားခဲ့ကြရပါတယ်။ မြန်မာနိုင်ငံမှာ မုဒိန်းမှု၊ သက်ငယ်မုဒိန်းမှု ဖြစ်ပွားနေတာ ဘယ်အခြေအနေ ဆိုက်နေပြီလဲ၊ ဘယ်လို ကိုင်တွယ်ဖြေရှင်းနိုင်မလဲ ဆိုတာ ခုတစ်ပတ် လေ့လာ သုံးသပ် တင်ပြသွားပါ့မယ်။
ပထမအဆင့် ကြည့်ဖို့ လိုတာက မြန်မာနိုင်ငံမှာ မုဒိန်းမှု ဖြစ်ပွားနှုန်း မြင့်လာနေသလား၊ သက်ငယ်မုဒိန်းမှုရော ပိုပြီး များလာနေသလား ဆိုတာပါ။ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ဖော်ပြချက်အရ မြန်မာနိုင်ငံ တဝှမ်း ၂၀၁၆ ခုနှစ်မှာ မုဒိန်းမှု ၁၁၀၀ ဖြစ်ခဲ့ပြီး ၂၀၁၇ ခုနှစ်မှာ ၁၄၀၅ မှုဖြစ်ပါတယ်။ ဒါဟာ တနှစ် အတွင်း မုဒိန်းမှု ၁၃ ရာခိုင်နှုန်းလောက် တိုးလာတာမို့ အတော်လေးကို စိုးရိမ်စရာ ကောင်းပါတယ်။ ရဲတပ်ဖွဲ့ရဲ့ သတ်မှတ်ချက်အရ မုဒိန်းမှု ဆိုတာ လူသတ်မှု၊ ပြန်ပေးဆွဲမှု၊ ဓားပြမှုတို့လို အမှုကြီး ၁၀ မျိုး စာရင်းဝင် ဖြစ်တာမို့ လက်ရှိ မြန်မာနိုင်ငံ အမှုကြီး ၁၀ မျိုးထဲမှာ မုဒိန်းမှုက အများဆုံးဖြစ်နေတယ်လို့တောင် ပြောလို့ရပါတယ်။ ဒါကလည်း မကောင်းတဲ့ ကိစ္စပါ။ အလားတူ ၂၀၁၆ ခုနှစ်မှာ သက်ငယ်မုဒိန်း ၆၇၁ မှု ဖြစ်ပွားရာကနေ ၂၀၁၇ ခုနှစ်မှာ ၈၉၇ မှု ဖြစ်လာတာမို့ ဒါဟာလည်း ၁၃ ရာခိုင်နှုန်းကျော် မြင့်တက်လာတဲ့ သဘောပါပဲ။ စာရင်းအရ တရက်မှာ မိန်းကလေး ၄ ယောက်နှုန်း မုဒိန်းကျင့် ခံနေရပြီး မုဒိန်းမှု ၃ မှုမှာ ၂ မှုဟာ ၁၆ နှစ် မပြည့်သေးတဲ့ ကလေးနဲ့ မိန်းကလေးငယ်တွေ ဖြစ်နေတာကလည်း အတော်လေးကို အကျည်းတန် အရုပ်ဆိုးစေပါတယ်။
တကယ်တော့ ဒီ ကိန်းဂဏန်း ဖော်ပြချက်တွေဟာ မုဒိန်းမှုကိစ္စ၊ သက်ငယ် မုဒိန်းမှုကိစ္စ ပြည်သူတွေအကြား ပြောနေ ဆိုနေ၊ ဝေဖန်နေကြတဲ့ ကြားထဲမှာကိုပဲ တနေ့တခြား မြင့်တက်လာနေတာ မျိုးပါ။ ဒီထဲမှာ မုဒိန်းမှု ဖြစ်ပြီးကာမှ သက်ဆိုင်ရာ အာဏာပိုင်တွေဘက်က ကြားဝင် စေ့စပ်ညှိနှိုင်းပေးရင်း လျော်ကြေးလောက်နဲ့ ကြေအေးပေးလိုက်ကြတဲ့ အမှုအခင်း စာရင်းဇယား အချက်အလက်တွေ မပါသေးပါဘူး။ ဒါကြောင့်လဲ ပြည်သူတွေ ၊ တက်ကြွလှုပ်ရှားသူတွေဟာ မုဒိန်းမှုနဲ့ သက်ငယ်မုဒိန်းမှု ဆန့်ကျင်ရေး၊ ကျူးလွန်သူတွေကို သေဒါဏ်ပေးနိုင်တဲ့ ဥပဒေ ပြဌာန်းပေးရေး ဆန္ဒပြပွဲတွေလုပ်၊ လက်မှတ်ထိုးပွဲတွေ လုပ်ရင်း နောက်ဆုံး လွှတ်တော်တွင်း အဆိုတင်တဲ့ အဆင့်ထိ ရောက်သွားရတာပါ။
သက်ငယ်မုဒိမ်းမှု ကျူးလွန်သူတွေကို သေဒဏ်ချမှတ်နိုင်တဲ့အထိ အရေးယူနိုင်မယ့် အထူးဥပဒေ ရေးဆွဲပြဋ္ဌာန်းပေးရေး အဆိုကို ပြည်သူ့လွှတ်တော်တွင်း တင်သွင်းသူကတော့ ရသေ့တောင် အမတ် ဒေါ်ခင်စောေ၀ ဖြစ်ပါတယ်။ သူက ခုနောက်ပိုင်း သက်ငယ် မုဒိန်းမှု ဖြစ်ပွားတာတွေ စိပ်လာတယ်၊ ဖခင်အရင်းက သမီးအရင်းကို ကျူးလွန်တာမျိုး ရှိလာရုံမက မုဒိန်းကျင့်ခံရတဲ့ ကလေးတွေ အရွယ်ဟာ ဆယ်ကျော်သက်တွေတင် မကတော့ပဲ ဥမမယ် စာမမြောက် အသက် ၂ နှစ် ၃ နှစ်အရွယ်ထိ ဖြစ်လာတာကလည်း စိုးရိမ်စရာ ကောင်းတယ်၊ ဒါကြောင့် သေဒါဏ်လို ထိရောက်တဲ့ ပြစ်ဒါဏ် ချသင့်တယ်လို့ ဆိုပါတယ်။
အဆိုကို ကန့်ကွက်သူတွေ ဘက်ကတော့ မုဒိန်းမှုဆိုရင် ထောင်ဒါဏ် ၁၀ နှစ်ကနေ အနှစ် ၂၀ အထိ ချနိုင်သလို၊ ငွေဒါဏ်ပါ ချနိုင်တဲ့အကြောင်း၊ မုဒိန်း လူသတ်မှု ဆိုရင်တော့ သေဒါဏ် ချမှတ်ခံရမှာ ဖြစ်ကြောင်း ပြောဆိုဆွေးနွေးကြပါတယ်။ သက်ငယ်မုဒိမ်းမှု ကျုးလွန်တဲ့သူကို သေဒဏ်ပေးဖို့ ဥပဒေတရပ် ပြဋ္ဌာန်းရေးဆောင်ရွက်ရာမှာ ကျုးလွန်သူဟာ သေဒဏ်ကျခံရမှာ ဖြစ်တာကြောင့် အဓိကသက်သေဖြစ်တဲ့ ကျူးလွန်ခံရသူကို သက်သေဖျောက်တဲ့အနေနဲ့ သတ်ဖြတ်တာမျိုးတွေ ပိုမိုဖြစ်ပွားလာနိုင်တာကိုလည်း ထည့်သွင်းစဉ်းစားသင့်တယ်လို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးမျိုးတင့် ကလည်း လွှတ်တော်တွင်း ဆွေးနွေးမှုမှာ အကြံပြုပြောကြားပါတယ်။
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်ကတော့လူ့အဖွဲ့အစည်းထဲမှာ လူ့ကျင့်ဝတ်နဲ့အညီ အပြန်အလှန်ပြုမူဆက်ဆံနိုင်ဖို့ အခြားနည်းလမ်းဖြစ်တဲ့ လူမှုရေးအနေနဲ့ ကြိုတင်ထိန်းချုပ်တာ၊ မုဒိမ်းမှုဖြစ်ပွားနိုင်တဲ့ အခြေအနေတွေကို ကြိုတင်လျှော့ချတာတွေ မျှတစွာဆောင်ရွက်ပေးနိုင်မှ မုဒိမ်းမှုကျူးလွန်တာတွေကို လျော့ကျအောင် ဆောင်ရွက်နိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။ ဒီလို အခြေအတင် ဆွေးနွေးပြီးမှ အဆို ရှုံးနိမ့်ခဲ့တာပါ။ ဒီနေရာမှာ လူကယ်ပြန် ဒုဝန်ကြီး ဦးစိုးအောင် တင်ပြတာတွေကိုတော့ အလေးအနက်ထား စဉ်းစားကြရမှာပါ။ လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ မုဒိန်းမှု၊ သက်ငယ် မုဒိန်းမှုတွေနဲ့ ပတ်သက်ရင် မဖြစ်ပွားအောင် ကြိုတင် ကာကွယ်တာမျိုးကလည်း ဖြစ်ပွားပြီးမှ ထိထိရောက်ရောက် အရေးယူတာမျိုး နည်းတူ အလွန် အရေးကြီးပါတယ်။ ဒီအတွက် ဘယ်လို ကာကွယ် တားဆီးမှုတွေ လုပ်နိုင်မလဲ စဉ်းစား တွက်ဆ ကြရပါမယ်။
မုဒိန်းမှုနဲ့ သက်ငယ် မုဒိန်းမှု ဖြစ်ပွားတာတွေနဲ့ ပတ်သက်ရင် ကျူးလွန်သူတွေက ဘာကြောင့် ကျူးလွန်ကြသလဲ၊ ဘယ်အခြေအနေမျိုးမှာ ကျူးလွန်ကြသလဲ၊ ကျူးလွန်ခံရသူနဲ့ လူ့အသိုင်းအဝိုင်းက အဲလို အခြေအနေမျိုးကို ဘာကြောင့် မတားဆီး မကာကွယ်နိုင်ရသလဲ ဆိုတာ အရင် လေ့လာ ဆန်းစစ်ကြည့်ရမှာပါ။ ပြည်ထဲရေးဝန်ကြီးဌာနဘက်ကတော့ သက်ငယ် မုဒိန်း ကျူးလွန်ရတာနဲ့ ပတ်သက်ပြီး ထူးခြားတဲ့ ခံစားချက် ရှိမရှိ ခံစားလိုလို့၊ အရက်မူး၊ စိတ်ကြွဆေး သုံးစွဲလို့၊ ကလေးငယ်တွေ ပင်ကိုယ်အားနည်းတာကို အခွင့်ကောင်း ယူလို့ရလို့၊ လိင်နဲ့ ပတ်သက်တဲ့ ဓာတ်ပုံနဲ့ ရုပ်ရှင်တွေကြည့်မိလို့၊ လူမှု ပတ်ဝန်းကျင်နဲ့ တရားဥပဒေ ဗဟုသုတ အသိအမြင် နည်းပါးလို့ ဆိုပြီး သုံးသပ်ထားပါတယ်။ အသက် ၁၆ နှစ်အထက် မိန်းကလေးတွေ မုဒိန်းကျင့်ခံရတာနဲ့ ပတ်သက်ပြီး မိန်းကလေးတွေ ကိုယ်တိုင် အရက်သေစာ သောက်စားတဲ့ အချက်ကို ထိပ်ဆုံးမှာ ဖော်ပြထားပါတယ်။ ကျန်တာတွေကတော့ ကာမ ရာဂ စိတ်ကြွဆေးတွေ လွယ်လင့်တကူ ဝယ်လို့ ရနေတာ၊ ညစ်ညမ်းဓာတ်ပုံနဲ့ ဗီဒီယိုတွေကို အလွယ်တကူ ကြည့်လာနိုင်တာ၊ မိခင်နဲ့ ဖခင် အတူနေတာကို တွေ့ပြီး အတုခိုးတာ၊ လင်ပါ မယားပါ သားသမီးတွေကို အုပ်ထိန်းမှု ညံ့ဖျင်းတာ စတဲ့ အချက်တွေ ဖော်ပြထားပါတယ်။
ပွင့်ပွင့်လင်းလင်း ပြောရရင် ပြည်ထဲရေးဝန်ကြီးဌာနရဲ့ သုံးသပ်ချက်တွေဟာ စနစ်တကျ သုတေသန လုပ်ထားတာ မဟုတ်လို့ အပြည့်အ၀ ယုံကြည်စိတ်ချလို့ မရနိုင်ပါဘူး။ ဒီအတွက် လွတ်လပ်တဲ့ အဖွဲ့အစည်းတွေ လိုမျိုးက ဖြစ်ပွားခဲ့တဲ့ မှုခင်းတွေကို အခြေခံပြီး စနစ်တကျ သုတေသန လုပ်သင့်ပါတယ်။ ဒါကို ပြည်ထဲရေးဝန်ကြီးဌာန ဘက်ကလည်း ခွင့်ပြု၊ အကူအညီ ပေးသင့်ပါတယ်။ အဲဒီ သုတေသန ရလာဒ် ထွက်ပေါ်လာမှသာ အသိပညာပေးတာမျိုးလို၊ ကာကွယ်တာမျိုးလို နောက်ထပ် ဘာတွေ ဆက်လုပ်မလဲ ဆိုတဲ့ စီမံချက်မျိုး စနစ်တကျ ရေးဆွဲ အကောင်အထည် ဖော်သင့်ပါတယ်။ ဒီလို အကောင်အထည် ဖော်ခြင်းဟာ သက်ငယ်မုဒိန်းမှု ကျူးလွန်သူတွေကို သေဒါဏ်ပေးဖို့ ဥပဒေပြဌာန်းတာထက် ပိုပြီး ထိရောက်မှု ရှိနိုင်ပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။
Your browser doesn’t support HTML5