နိုင်လွတ်လုံ ဥပဒေ ပုံဖျက် ခံနေရပြီလား

အခုရက်ပိုင်း ထွက်ပေါ်လာတဲ့ သတင်းတွေထဲမှာ ထူးခြားတာ တစ်ပုဒ်က ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်း ရဲ့ ကိုယ်စားလှယ် တစ်ယောက်ကနေ အရင် ပြန်ကြားရေး ဝန်ကြီးဟောင်း ဦးရဲထွဋ်၊ လွှတ်တော် အမတ်ဟောင်း ဦးလှဆွေ ခေါ် ဘူးလက်လှဆွေ၊ နိုင်ငံရေး သမား ဦးဘိုဘိုကျော်ငြိမ်းတို့ (၃) ယောက်ကို တရားစွဲလိုက်တယ် ဆိုတဲ့ သတင်းပါ။ သူတို့ သုံးယောက်ကနေ အွန်လိုင်း “လူထုမီဒီယာ” မှာ အင်တာဗျူး ဖြေထားတာတွေနဲ့ ပတ်သက်ပြီး နစ်နာမှုရှိလို့ “နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေ ” နဲ့ တရားစွဲရတာလို့ ဆိုပါတယ်။ ဒီကိစ္စမှာ တရားစွဲတယ် ဆိုတာ မထူးဆန်းပေမယ့် အသုံးပြုတဲ့ ဥပဒေက ထူးခြားနေတာ တွေ့နိုင်ပါတယ်။ အလားတူ သိပ်မကြာသေးခင် ဇွန်လဆန်းမှာလည်း ကယားပြည်နယ် အစိုးရ အဖွဲ့ဟာ လွိုင်ကော်မှာ ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူတာကို ဆန့်ကျင်ကန့်ကွက်ခဲ့ကြတဲ့ ကရင်နီ လူငယ် (၆) ယောက်ကိုလည်း နိုင်လွတ်လုံ လို့ ခေါ်တဲ့ အဲဒီ ဥပဒေနဲ့ပဲ အမှုဖွင့်ထားပြီး တစ်ချို့ကိုတော့ ဖမ်းဆီးထားပါပြီ။ ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်နေ့က ကရင်နီ လူငယ် (၆) ယောက် လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့တဲ့ ကြေငြာချက် တစ်စောင်မှာ ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်ဖေါင်းရှိုနဲ့ ပြည်နယ် စီမံဘဏ္ဍာဝန်ကြီးကို နိုင်ငံရေး ရာဇဝတ်ကောင်တွေ၊ ကရင်နီ အမျိုးသား သစ္စာဖေါက်တွေ၊ တိုင်းရင်းသား ချစ်ကြည်သွေးစည်းရေးရဲ့ ရန်သူတွေ၊ ကျေးဇူးကန်းသူတွေ ဖြစ်ကြောင်း စွပ်စွဲဖော်ပြခဲ့လို့လို့ ဆိုပါတယ်။ နိုင်လွတ်လုံလို့ အတိုခေါက် ခေါ်နေကြတဲ့ “နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေ ” ဆိုတာ ဘာကို ရည်ရွယ် ပြဌာန်းခဲ့တာလဲ၊ ဥပဒေထဲမှာ ဘာတွေ ပြဌာန်းထားသလဲ၊ အခု အဲဒီ စွဲဆိုထားတဲ့ အမှုတွေဟာ ဥပဒေပါ ရည်ရွယ်ချက်တွေနဲ့ ကိုက်ညီပါရဲ့လား ဆိုတာ မေးခွန်းထုတ်ဖို့ ကောင်းတဲ့ ကိစ္စ ဖြစ်ပါတယ်။ ဒီအကြောင်း လေ့လာကြည့်ကြရအောင်ပါ။

ဥပဒေ အခန်း(၃) မှာ ပြည်ထဲရေးဝန်ကြီးဌာန ကိုရည်ညွှန်းပြီး ပြည်သူတွေရဲ့ လွတ်လပ်မှုနဲ့ ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို နစ်နာမှု မရှိအောင် အကာအကွယ်ပေးရမယ် လို့ ဆိုထားပြီး ပုဒ်မ ၅ ( ခ )မှာ “ပုဂ္ဂိုလ်တစ်ဦးဦး၏ နေအိမ်နှင့် နေအိမ်အဖြစ် အသုံးပြု သော အခန်း၊ အဆောက်အအုံ သို့မဟုတ် ပရဝဏ်နှင့်ပရဝဏ် အတွင်းရှိ အဆောက်အအုံများအတွင်းသို့ တည်ဆဲဥပဒေ တစ်ရပ်ရပ်အရ ဝင်ရောက် ရှာဖွေခြင်း၊ သိမ်းဆည်းခြင်း သို့မဟုတ် သူတစ်ဦးဦးအား ရှာဖွေခြင်း၊ ဖမ်းဆီးခြင်းပြုလုပ်လိုလျှင် သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စုရှိအုပ်ချုပ်ရေးမှူးဖြစ်စေ၊ ကျေးရွာတာဝန်ခံ သို့မဟုတ် ရာအိမ်မှူးဖြစ်စေ၊ ဆယ်အိမ်မှူးဖြစ်စေ တစ်ဦးဦးအပါအဝင် အနည်းဆုံးသက်သေနှစ်ဦးနှင့်အတူ ဆောင်ရွက်ရမည်။ ” ဆိုပြီး ဖော်ပြထားပါတယ်။

အဲဒီအောက်မှာမှ တားမြစ်ချက်များ ဆိုပြီး အချက် (၈) ချက်ကို ဖော်ပြထားပါတယ်။ အဲဒါတွေကတော့ “၇။ မည်သူမျှ တည်ဆဲဥပဒေတစ်ရပ်ရပ်အရ ခွင့်ပြုသည့် ကိစ္စမှတစ်ပါး တရားရုံး၏ ခွင့်ပြုချက် မရှိဘဲ မည်သူ့ကိုမျှ ၂၄ နာရီထက် ကျော်လွန်၍ ချုပ်နှောင်ထားခြင်း မပြုရ။

၈။ မည်သူမျှ တည်ဆဲဥပဒေနှင့်အညီ ခွင့်ပြုမိန့်၊ ခွင့်ပြုချက် သို့မဟုတ် ဝရမ်းတစ်စုံတစ်ရာ မရှိဘဲ ဖြစ်စေ၊ နိုင်ငံတော်သမ္မတ သို့မဟုတ် ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်မရှိဘဲဖြစ်စေ

(က) နိုင်ငံသားတစ်ဦး၏ နေအိမ်၊ နေအိမ်အဖြစ် အသုံးပြုသော အခန်း၊ အဆောက်အအုံ သို့မဟုတ် ပရဝဏ်နှင့် ပရဝဏ် အတွင်းရှိ အဆောက်အအုံအတွင်း ဝင်ရောက်ရှာဖွေ ခြင်း၊ သိမ်းဆည်းခြင်း သို့မဟုတ် သူတစ်ဦးဦးအား ဖမ်းဆီးခြင်းမပြုရ။

( ခ ) နိုင်ငံသားတစ်ဦး၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့်ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို အနှောင့် အယှက်ဖြစ်စေသော သို့မဟုတ် လူ့ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်သော နောက်ယောင်ခံ စောင့်ကြည့်ခြင်း၊ စုံထောက်ခြင်းနှင့် စုံစမ်းခြင်းမပြုရ။

(ဂ)ပုဂ္ဂိုလ်တစ်ဦးနှင့်တစ်ဦးအကြား ဆက်သွယ်ရေးပစ္စည်းကိရိယာတစ်မျိုးမျိုးဖြင့် ဆက်သွယ် ပြောကြားခြင်းကို ကြားဖြတ်ဖမ်းယူ နားထောင်ခြင်း သို့မဟုတ် တစ်နည်းနည်းဖြင့် အနှောင့်အယှက်ပေးခြင်း မပြုရ။

(ဃ) ဆက်သွယ်ရေး အော်ပရေတာများထံမှ ပုဂ္ဂိုလ်ဆိုင်ရာ တယ်လီဖုန်းနှင့် အီလက်ထရောနစ် ဆက်သွယ်ရေး သတင်းအချက ် အလက်များအား တောင်းယူခြင်း၊ ထုတ်ပေးခြင်း မပြုရ။

(င) အခြားသူ၏ ပုဂ္ဂိုလ်ဆိုင်ရာကိစ္စအလို့ငှာ ဆက်သွယ်ပေးပို့သည့် စာပေးစာယူ၊ စာအိတ်၊ ချောထုပ်၊ ပါဆယ်ထုပ်တစ်ခုခုကို ဖွင့်ဖောက်ခြင်း၊ ရှာဖွေခြင်း၊ သိမ်းဆည်းခြင်း၊ ဖျောက်ဖျက်ခြင်း သို့မဟုတ် ဖျက်ဆီးခြင်း မပြုရ။

(စ) နိုင်ငံသားတစ်ဦး၏ ပုဂ္ဂိုလ်ဆိုင်ရာ၊ မိသားစုရေးရာ ကိစ္စများတွင် အဓမ္မဝင်ရောက်စွက်ဖက်ခြင်း သို့မဟုတ် လူတစ်ဦး၏ ဂုဏ်သိက္ခာနှင့် ထင်ပေါ်ကျော်ကြားမှုကို ပုတ်ခတ်ခြင်း သို့မဟုတ် ထိခိုက်စေရန် တစ်နည်းနည်းဖြင့် ဆောင်ရွက်ခြင်းမပြုရ။

(ဆ) နိုင်ငံသားတစ်ဦး၏ တရားဝင်ရရှိ ပိုင်ဆိုင်ထားသော ရွှေ့ပြောင်းနိုင်သော ပစ္စည်းကိုသော်လည်းကောင်း၊ မရွှေ့မပြောင်း နိုင်သော ပစ္စည်းကိုသော်လည်းကောင်း မတရား သိမ်းယူခြင်း သို့မဟုတ် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ တမင်ပျက်စီးစေ ခြင်း သို့မဟုတ် ဖျက်ဆီးစေခြင်း မပြုရ။” ဆိုပြီး ဖော်ပြထားပါတယ်။ ဒီ တားမြစ်ချက်တွေကို ကျူးလွန်ရင် ထောင် (၆) လကနေ (၃) နှစ်အထိ ဒဏ်ငွေပါ ချနိုင်တယ်လို့ ဖော်ပြထားပါတယ်။

ဒီလောက်ပဲလား ဆိုတော့ မကသေးပါဘူး။ နိုင်ငံသား တစ်စုံတစ်ယောက်က အဲလို ကျူးလွန်ပါတယ် ဆိုပြီး တိုင်ရင် ရဲက ဥပဒေအတိုင်း အရေးယူ ဆောင်ရွက်ပေးရမယ်၊ အကြောင်းမဲ့ ပျက်ကွက်ရင် အဲဒီ ရဲတပ်ဖွဲ့ တာဝန်ရှိသူကို ထောင်ဒဏ် ၁ နှစ်ကနေ ၅ နှစ်အထိ ချမှတ်ရမယ် ဆိုပြီး ပြဌာန်းထားပါသေးတယ်။ ဥပဒေပါ အချက်အလက်တွေကို အသေအခြာ ဆန်းစစ်ကြည့်လိုက်ရင် မြန်မာနိုင်ငံမှာ ခေတ်အဆက်ဆက် ပြဌာန်းခဲ့ပြီးတဲ့ ဥပဒေ အားလုံးနီးပါးလောက်ဟာ ပြည်သူလူထုတွေ လိုက်နာအောင်၊ မလိုက်နာ ကျူးလွန်ခဲ့ရင် အပြစ်ပေး အရေးယူနိုင်အောင် ပြည်သူလူထု အပေါ် စည်းနှောင်ထားတဲ့ ဥပဒေတွေချည်း ဖြစ်နေပြီး အခု ဥပဒေကြမ်းကတော့ အဲဒီ ဥပဒေပေါင်းများစွာနဲ့ ခြားနားနေတာ တွေ့နိုင်ပါတယ်။ သက်ဆိုင်ရာ ဝန်ကြီးဌာနနဲ့ တာဝန်ရှိသူများလို့ ခေါင်းစဉ်တပ်ထားပြီး ပြည်ထဲရေး ဝန်ကြီးဌာန၊ ရဲတပ်ဖွဲ့အပါအဝင် အစိုးရ ဝန်ကြီးဌာန လက်အောက် တာဝန်ထမ်းဆောင်တဲ့ အရာရှိနဲ့ ဝန်ထမ်းတွေရဲ့ လုပ်ရပ်တွေကို စည်းနှောင်ထားတဲ့ ဥပဒေ အမျိုးအစား ဖြစ်နေလို့ပါ။ ဒါကြောင့် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးကတည်းက တွက်ကြည့်ရင် နှစ်ပေါင်း ၆၀ကျော်အတွင်း အလွန်ထူးခြားတဲ့ ဥပဒေကြမ်းတစ်ရပ်လို့ တောင် ပြောနိုင်ပါတယ်။

အခု အဲဒီ ဥပဒေထဲက ပုဒ်မ ၈ (စ) ပါ “လူတစ်ဦး၏ ဂုဏ်သိက္ခာနှင့် ထင်ပေါ်ကျော်ကြားမှုကို ပုတ်ခတ်ခြင်း သို့မဟုတ် ထိခိုက်စေရန် တစ်နည်းနည်းဖြင့် ဆောင်ရွက်ခြင်းမပြုရ။” စာသားလောက်ကိုပဲ သုံးပြီး ရဲတိုင် တရားစွဲနေကြတာမို့ ဥပဒေပါ ပြဌာန်းချက်၊ ရည်ရွယ်ချက်နဲ့ ဘယ်လိုမှ မကိုက်ညီဘူးဆိုတာ အလွယ်တကူ သိမြင်နိုင်ပါတယ်။ ဒီနေရာမှာ အရေးပါလာတာကတော့ တရားသူကြီးတွေရဲ့ အပိုင်းပါ။ ကာယကံရှင်တွေ၊ ရဲတပ်ဖွဲ့တာဝန်ရှိသူတွေက ဒီ ပုဒ်မ တပ်ပြီး တရားရုံးကို တင်ပြလာတိုင်း တရားသူကြီး အနေနဲ့ အဲဒီ အမှုကို အဲဒီ ပုဒ်မနဲ့ လက်ခံစစ်ဆေးပေးဖို့ တာဝန်ရှိတာ မဟုတ်ပါဘူး။ ဖြစ်စဉ်နဲ့ ပုဒ်မ မကိုက်ညီရင် အမှုကို လက်မခံပဲ အခြား အသရေဖျက်မှု ၊ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ) စသဖြင့် အခြားပုဒ်မတွေ ပြောင်းတပ်ဖို့ ဆုံးဖြတ်ချက် ချပေးနိုင်ပါတယ်။ ဒီလိုမှ မဟုတ်ရင်တော့ ရည်ရွယ်ချက်ကောင်းနဲ့ ပြဌာန်းခဲ့တဲ့ ဥပဒေ တစ်ခုဟာ တရားသူကြီးတွေကြောင့် လိုရာအသုံးပြုခံရပြီး နဂို ပြဌာန်းခဲ့တဲ့ ကောင်းမွန်တဲ့ ရည်ရွယ်ချက် အထ မမြောက်ပဲ ပုံပျက် သွားနိုင်ပါကြောင်း တင်ပြလိုက်ရပါတယ်။

Your browser doesn’t support HTML5

နိုင်လွတ်လုံ ဥပဒေ ပုံဖျက် ခံနေရပြီလား