ရှမ်းပြည်နယ်က အကြိုနိုင်ငံရေး ဆွေးနွေးပွဲတွေကို တပ်မတော်က တားမြစ်လို့ ဘာအကျိုးဆက်တွေ ဖြစ်လာနိုင်မလဲ

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၇ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက်တဲ့ တ နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင် အထည်ဖော်မှု ဆိုင်ရာ ညှိနှိုင်းအစည်းအဝေး JICM ကို နေပြည်တော်မှာ ကျင်းပခဲ့ပါတယ်။ အစည်းအဝေးမှာ နဂိုက ရှမ်းလက်နက်ကိုင် တပ်ဖွဲ့နဲ့ တပ်မတော် နှစ်ဖက် ညှိနှိုင်းမရ ဖြစ်နေခဲ့တဲ့ ရှမ်းလူမျိုးအလိုက် အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြားဝင် ညှိနှိုင်းမှုနဲ့ လင်းခေး မြို့နယ်မှာ ကျင်းပဖို့ သဘောတူညီချက် တစ်ခု ရခဲ့ကြပါတယ်။ ဒီဇင်ဘာလလယ်ရောက်တော့ အဲဒီ သဘောတူညီချက်အရ ရှမ်းလက်နက်ကိုင် RCSS/SSA အဖွဲ့က ဦးဆောင်ပြီး မြို့နယ် တချို့မှာ အကြိုနိုင်ငံရေး ဆွေးနွေးပွဲတွေ လုပ်ပါတယ်။ အားလုံးသိကြပြီဖြစ်တဲ့ အတိုင်း ရှမ်းပြည်နယ် မြို့နယ် တချို့မှာ လုပ်တဲ့ အဲဒီ အကြိုနိုင်ငံရေး ဆွေးနွေးပွဲတွေကို တပ်မတော်ဘက်က တိုက်ရိုက် ဝင်ရောက်တားမြစ်တာတွေ လုပ်ပါတယ်။ အခု အဲဒီ ပြသနာတွေ မပြေလည်သေးပါဘူး။ လက်ရှိ တပ်မတော်ဘက်က လုပ်ကိုင်ဆောင် ရွက်မှုတွေကြောင့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ရှေ့အလားအလာ ဘယ်လို ဖြစ်နိုင်သလဲ ဆိုတာ ခုတစ်ပတ် ဆွေးနွေးတင်ပြသွားပါ့မယ်။

ဖြစ်စဉ် အကျဉ်းက ခုလိုပါ။ JICM သဘောတူညီချက်အရ ဒီဇင်ဘာ ၁၇ ရက်နေ့က ပင်လုံမှာ အကြိုနိုင်ငံရေး ဆွေးနွေးပွဲ တစ်ခု လုပ်ပါတယ်။ အဲဒီဆွေးနွေးပွဲ ကျင်းပရာကို တပ်မတော်က အင်အား လေးငါးဆယ် လောက် အသုံးပြုပြီး စည်းဝေးပွဲ မလုပ်ဖို့ ပိတ်ပင်တားမြစ်ပါတယ်။ ဒီလိုနဲ့ ဆွေးနွေးပွဲ မလုပ်ဖြစ်ပါဘူး။ အဲလို နိုင်ငံရေး ဆွေးနွေးပွဲလုပ်တာကို တပ်မတော်ဘက်က တားမြစ်မှု ဖြစ်ပြီးနောက် ခရိုင်နဲ့ မြို့နယ် အဆင့် တာဝန်ရှိသူတွေက ဒါဟာ အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ သဘောတူ ညှိနှိုင်းပြီးမှ လုပ်တာဖြစ်တဲ့အတွက် လုပ်ဖို့ ခွင့်ပြုကြောင်း၊ သူတို့ အနေနဲ့ ခွင့်ပြုထားပြီးသား ဖြစ်ကြောင်း ၊ ဒါကို တပ်မတော်ဘက်က နားလည်မှု လွဲတာ ဖြစ်နိုင်ကြောင်း ပြောဆိုခဲ့ကြပါတယ်။ ဒီလိုနဲ့ သက်ဆိုင်ရာ ခရိုင်၊ မြို့နယ် အုပ်ချုပ်ရေးမှူးတွေရဲ့ ခွင့်ပြုချက်နဲ့ ဒီဇင်ဘာ ၂၁ ရက်နေ့ ပင်လုံမှာ အကြိုနိုင်ငံရေး ဆွေးနွေးပွဲလုပ်ဖို့ ဒုတိယ အကြိမ် ပြန် ကြိုးစားကြပြန်ပါတယ်။ ဒါပေမယ့် မျှော်လင့်မထားပါပဲ တပ်မတော်ဘက်က ဒုတိယ အကြိမ် လာရောက် တားမြစ် ပိတ်ပင်တာ ခံလိုက်ရပြန်ပါတယ်။ အဲဒီလို အကြိုနိုင်ငံရေးဆွေးနွေးပွဲ ပိတ်ပင်ခံရပုံ ဗီဒီယိုဖိုင်တွေလည်း လူမှုကွန်ယက်မှာ ပျံ့နှံ့လာခဲ့လို့ ပြည်တွင်းပြည်ပ အားလုံး သိကြရတဲ့ အခြေအနေ ရောက်သွားခဲ့ပါတယ်။

ဗီဒီယိုဖိုင်မှာ မြင်ရတာတွေက အကြိုနိုင်ငံရေး ဆွေးနွေးပွဲ လုပ်မယ့်သူတွေက လာပြီးတားတဲ့ တပ်မတော် အရာရှိကို ဒီဆွေးနွေးပွဲ ဘယ်လို ဖြစ်ပေါ်လာတဲ့အကြောင်း၊ တပ်မတော်ရဲ့ ထိပ်ပိုင်း ခေါင်းဆောင်တွေကပါ ခွင့်ပြုထားတဲ့အကြောင်း စတာတွေ ရှင်းပြကြပါတယ်။ လာရောက်တားမြစ်တဲ့ တပ်မတော် အရာရှိကတော့ အထက် အမိန့်အရ ဆိုတာကလွဲပြီး ဘာမှ ပြန်ရှင်းပြနိုင်တာ မတွေ့ရပါဘူး။ ဒီလိုနဲ့ ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲကြီး အတွက် ကြိုတင်ပြင်ဆင်တဲ့ အကြိုဆွေးနွေးပွဲတွေထဲက တာချီလိတ်၊ လားရှိုးနဲ့ နမ့်ဆန် မြို့နယ်တွေမှာ လုပ်တဲ့ ဆွေးနွေးပွဲတွေလည်း ပင်လုံမှာ နည်းတူ တပ်မတော်ရဲ့ တားမြစ်တာ ခံကြရပါတယ်။

တကယ်တော့ ရှမ်းလူမျိုးအလိုက် နိုင်ငံရေး ဆွေးနွေးပွဲကြီး ဆိုတာဟာ အလွန်ကြီးကျယ်တဲ့ ပွဲကြီးပါ။ ၂၀၁၈ ခုနှစ် နှစ်ဆန်းမှာ ကျင်းပမယ်လို့ ရည်ရွယ်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ တတိယအကြိမ်မြောက် ၂၁ ရာစု ပင်လုံ ညီလာခံကြီးမှာ ရှမ်းတိုင်းရင်းသားတွေကို ကိုယ်စားပြုပြီး တင်သွင်းမယ့် နိုင်ငံရေးဆိုင်ရာ သဘောထားအတွက် ကျင်းပတဲ့ နိုင်ငံရေးဆွေးနွေးပွဲကြီးပါ။ ဒီလို ဆွေးနွေးပွဲကြီးအတွက် ပြည်သူလူထုရဲ့ တကယ့် အသံ စုံစုံလင်လင် ပါရလေအောင် အကြိုဆွေးနွေးပွဲတွေ လုပ်ရတာကလည်း ဓမ္မတာပါပဲ။ ဒါကို တပ်မတော်ဘက်က ဘာကြောင့်၊ ဘာရည်ရွယ်ချက်နဲ့ လာပြီးတားမြစ်ရတာလဲ ဆိုတာကလည်း စဉ်းစားရ ခက်ပါတယ်။

အဲဒီ ပြသနာအပေါ်လက်ရှိ ပြည်သူတွေ ဝေဖန်နေကြတာက လင်းခေး၊ တာချီလိတ်၊ လားရှိုးနဲ့နမ့်ဆန် မြို့တွေဟာ စစ်အုပ်ချုပ်ရေး ကြေငြာထားတဲ့၊ တပ်မတော်က အုပ်ချုပ်နေတဲ့ မြို့တွေ မဟုတ်ဘူး၊ ဒါကြောင့် အဲဒီမြို့တွေမှာ လူထုစည်းဝေးပွဲ၊ စုဝေးပွဲ၊ ဆန္ဒပြပွဲ၊ နိုင်ငံရေး ဆွေးနွေးပွဲ တစ်ခုခုလုပ်တာဟာ ဥပဒေနဲ့ မညီဘူး၊ ခွင့်မပြုနိုင်ဘူးဆိုရင် တားမြစ်ရမှာ အရေးယူ ကိုင်တွယ်ရမှာက အုပ်ချုပ်ရေးပိုင်းနဲ့ ရဲတပ်ဖွဲ့ရဲ့ တာဝန်ပဲ ဖြစ်တယ်၊ တကယ်လို့ တပ်မတော်ဘက်က တားမြစ်စေချင်တယ် ဆိုရင်လည်း သက်ဆိုင်ရာ အုပ်ချုပ်ရေးပိုင်းကို အကြောင်းကြားသင့်တယ် ဆိုပြီး ဖြစ်ပါတယ်။

ဒီအတွက်လည်း မခက်ခဲပါဘူး။ အုပ်ချုပ်ရေးနဲ့ ရဲတပ်ဖွဲ့ကို ထိန်းချုပ်ထားတာာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ခန့်အပ်ထားတဲ့ ပြည်ထဲရေးဝန်ကြီးပါ။ အခု ရှမ်းပြည်နယ် ပင်လုံက ရှမ်းတိုင်းရင်းသားတွေရဲ့ အကြိုနိုင်ငံရေးဆွေးနွေးပွဲကို တပ်မတော်ဘက်က လက်နက်အပြည့်အစုံနဲ့ သွားပြီး တားမြစ်တာကတော့ အတော်လေးကို အရုပ်ဆိုး အကျည်းတန်စေပါတယ်။ အခြားတစ်ဖက်က ကြည့်ပြန်ရင်လည်း မြန်မာနိုင်ငံဟာ ရွေးကောက်ပွဲ ကျင်းပပြီး ဒီမိုကရေစီနိုင်ငံကို အသွင်ကူးပြောင်းနေတဲ့ နိုင်ငံ တစ်နိုင်ငံပါ၊ တပ်မတော်ဟာ တိုင်းပြည်ရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ ပါဝင်နေပါတယ် ဆိုပြီး ပြောဆိုနေတဲ့ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ပြောစကားနဲ့လည်း ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတဲ့ လုပ်ရပ်မျိုး ဖြစ်နေပါတယ်။

တပ်မတော်ရဲ့ အဲဒီ လုပ်ရပ်နဲ့ ပတ်သက်ပြီး တိုက်ရိုက် အကျိုးသက်ရောက်မှု ရှိစေတာက NCA လက်မှတ်ရေးထိုးထားတဲ့ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တွေရဲ့ အပေါ်မှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံမှာကတည်းက အပစ်ရပ် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့ခေါင်းဆောင်တွေဟာ တပ်မတော်ဘက်ကို တန်းတူရည်တူ ညှိနှိုင်းလိုစိတ် နည်းတယ် ဆိုပြီး ဝေဖန်မှုတွေ ရှိနေပြီးသားပါ။ ငြိမ်းချမ်းရေး တည်ဆောက်တယ် ဆိုတာဟာ အပြန်အလှန် စိတ်လက်ရှည်ရှည်နဲ့ ဆွေးနွေး၊ သဘောတူညီချက်ရအောင် ညှိနှိုင်းရတဲ့ ဖြစ်စဉ်မျိုး ဖြစ်ပါတယ် ဆိုပြီး ထောက်ပြခဲ့ကြပါသေးတယ်။ အခု မြို့ပေါ်နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပတာကို တပ်မတော်ဘက်က ဝင်ရောက်တားမြစ်လိုက်တာကို ဘယ် အဖွဲ့အစည်းကမှ အကောင်းမြင့်မယ့် ပုံတော့ မရှိပါ။ နောက်တစ်ချက်က အပစ်ရပ် လက်မှတ်ထိုးမယ်လို့ တာစူနေတဲ့ မွန်ပြည်သစ် ပါတီ၊ ကရင်နီ လက်နက်ကိုင် KNPP နဲ့ UNFC အဖွဲ့ဝင်တွေပါ။ သူတို့တွေ NCA စာချုပ်မှာ လက်မှတ်ထိုးလာရေး လက်ရှိ ရှမ်းပြည်နယ်ထဲက တပ်မတော်ရဲ့ လုပ်ရပ်က အထောက်အကူ မဖြစ်မှာ သေခြာပါတယ်။ အလားတူပါပဲ။ တပ်ပေါင်းစုဖွဲ့ပြီး တပ်ပေါင်းစုနဲ့ပဲ ဆွေးနွေးမယ် ဆိုတဲ့ ဝတပ်ဖွဲ့၊ KIA ကချင်လက်နက်ကိုင် နဲ့ အခြား တပ်ဖွဲ့တွေကလည်း တပ်မတော်ရဲ့ အခု လုပ်ရပ်ကို စောင့်ကြည့်နေကြမှာ အသေအခြာပါ။ ဒီ လုပ်ရပ်ဟာ အဲဒီ လက်နက်ကိုင် တပ်ဖွဲ့တွေအနေနဲ့ တပ်မတော်အနေနဲ့ ငြိမ်းချမ်းရေးကို တကယ်လိုလားပါတယ်၊ တိုင်းရင်းသား တန်းတူညီမျှရေးကို လိုလားပါတယ် ဆိုတာ ယုံကြည်ဖို့ ခက်ခဲစေပါလိမ့်မယ်။

လက်ရှိ တပ်မတော်ရဲ့ လုပ်ရပ်ဟာ အဲဒီ ရှမ်းပြည်နယ်ထဲမှာ ရှိတဲ့ ရှမ်းတိုင်းရင်းသားတွေရဲ့ သံသယဖြစ်မှုကို ခံရပါလိမ့်မယ်။ ရှမ်းတိုင်းရင်းသားတွေဟာ အခြားသော ဗမာ အပါအဝင် မြန်မာနိုင်ငံသားအားလုံးနည်းတူ စစ်အာဏာရှင်စနစ်အောက်မှာ နေခဲ့ရသူတွေဖြစ်ပြီး စစ်အာဏာရှင်စနစ်ရဲ့ ဆိုးရွားရက်စက်မှုဒါဏ်ကို ခံခဲ့ရသူတွေ ဖြစ်ပါတယ်။ အခု တပ်မတော်ရဲ့ လုပ်ရပ်ဟာ သူတို့တွေအနေနဲ့ စစ်အာဏာရှင် စနစ် တကယ်ပဲ ကုန်ဆုံးသွားပြီလား၊ မြန်မာနိုင်ငံဟာ တကယ်ပဲ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်မှာလား ဆိုတာ ယုံမှားသံသ ဖြစ်နေကြမှာ သေခြာပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

Your browser doesn’t support HTML5

ရှမ်းပြည်နယ်က အကြိုနိုင်ငံရေး ဆွေးနွေးပွဲတွေကို တပ်မတော်က တားမြစ်လို့ ဘာအကျိုးဆက်တွေ ဖြစ်လာနိုင်မလဲ