စိုက်ပျိုးရေးထွက်ကုန်တွေအပါအဝင် ပြည်တွင်းဘဏ်တွေရဲ့ အပေါင်ခံပစ္စည်းတွေကို လက်ခံသိုလှောင်ပေးမယ့် ဝန်ဆောင်မှုအတွက် အိန္ဒိယလုပ်ငန်းကြီး SLCM နဲ့ CB ဘဏ်တို့ ညှိနှိုင်းနေကြပါတယ်။ ဒီအစီအစဉ်ကြောင့် ချေးငွေလိုအပ်ချက် အတော်များများရှိနေတဲ့ မြန်မာ့လယ်ယာ စိုက်ပျိုးကုန် ထုတ်လုပ်သူတွေ၊ ကုန်သည်တွေအတွက် ဘယ်လောက် အကျိုးသက်ရောက်မှုရှိနိုင်မလဲဆိုတာကို မသိင်္ဂီထိုက်က စုစည်းတင်ပြထားပါတယ်။
အိန္ဒိယကုန်ပစ္စည်းသိုလှောင်ရေး ဝန်ဆောင်မှုလုပ်ငန်းကြီး Sohan Lal Commodity Management နဲ့ ပြည်တွင်း ပုဂ္ဂလိက ဘဏ်ကြီးတခုဖြစ်တဲ့ CB ဘဏ်ရဲ့ အပေါင်ခံပစ္စည်းတွေကို သိုလှောင်ပေးရေးအတွက် ညှိနှိုင်းနေတယ်လို့ CB ဘဏ်ဘက်က ပြောပါတယ်။ CB ဘဏ်ရဲ့ အုပ်ချုပ်မှုဒါရိုက်တာ ဦးဖေမြင့်က အခုလို ပြောပါတယ်။
“အရင်တုန်းကဟုတ်တယ်၊ ရိုးမနဲ့သူတို့လုပ်နေတယ်။ အခု ကျနော်တို့နဲ့ဆွေးနွေးတာက ဆွေးနွေးတဲ့အဆင့်ပဲရှိသေးတယ်။ တကယ်လို့ လုပ်လို့ရှိရင် …တွေ လာပေးမှာပေါ့။ ဥပမာဆိုလို့ရှိရင် ဘိလပ်မြေ…အိတ်၊ ငွေချေးတဲ့လူက အာမခံပစ္စည်းကို ဘိလပ်မြေအိတ်တွေပေးလို့ရှိရင် ထားဖို့နေရာလိုတယ်လေ။ ထားဖို့နေရာလိုတော့ အဲဒီ ထားဖို့နေရာကို သူတို့ကစီစဉ်ပေးမှာ။”
SLCM လုပ်ငန်းကြီး ဘက်ကတော့ သူတို့ရဲ့ ကုန်သိုလှောင်ရုံတွေမှာထားတဲ့ လယ်သမားတွေရဲ့ အပေါင်ပစ္စည်းတွေကနေ CB ဘဏ်က ၆ဝ ရာခိုင်နှုန်း ငွေထုတ်ချေးမယ်လို့ IndiaTimes သတင်းစာကြီးက ရေးသားပေမယ့် CB ဘဏ်ဘက်ကတော့ အတည်မပြုပါဘူး။ ညှိနှိုင်းနေဆဲပါလို့ ပြောပါတယ်။ လက်ရှိမှာလည်း လယ်သမားတွေကို ဘဏ်အနေနဲ့ငွေချေးတဲ့ အစီအစဉ်မရှိတဲ့အကြောင်း ပြောပါတယ်။
လက်ရှိပြည်တွင်းဘဏ်တွေမှာက အပေါင် ပစ္စည်းတန်ဖိုးရဲ့ ၃ဝ ရာခိုင်နှုန်းကိုပဲ ငွေထုတ်ချေးနေတာ ဖြစ်ပါတယ်။SLCM သိုလှောင်ရုံလုပ်ငန်းနဲ့ ရိုးမဘဏ်ရဲ့ အပေါင်ခံပစ္စည်းတွေကို ပြီးခဲ့တဲ့နှစ်ကစလို့ သိုလှောင်ပေးတဲ့ ဝန်ဆောင်မှုကို စခဲ့တာဖြစ်ပါတယ်။ Sohan Lal Commodity Management လုပ်ငန်းက သီးနှံတွေကိုပါ သိုလှောင်ပေးနိုင်တယ်ဆိုတာကြောင့် ပြည်တွင်း ဘဏ်တွေအနေနဲ့ ချေးငွေလိုအပ်ချက် အတော်လေးရှိနေတဲ့ မြန်မာ့လယ်ယာ စိုက်ပျိုးရေးလုပ်ငန်းတွေအတွက် ငွေချေးပေးနိုင်မလားဆိုတဲ့ အပေါ်မှာလည်း စိတ်ဝင်စားမှုတွေ ရှိနေတာပါ။ ဒါပေမယ့် ပြည်တွင်းဘဏ်အတော်များများက မိသားစုလုပ်ငန်း အနေအထားပဲ ရှိနေတာအပြင် စိုက်ပျိုးရေးလုပ်ငန်းထက်ခိုင်မာတဲ့ ငွေချေးသူတွေရှိနေတာကြောင့် စိုက်ပျိုးရေးကဏ္ဍဘက်ကို ငွေချေးမယ့်အလားအလာမရှိတဲ့အကြောင်းဆန်ကုန်သည်အသင်းက ဒေါက်တာစိုးထွန်းက ပြောပါတယ်။
“Exporter ပေါ့- ဆန်…တောင်းတဲ့သူတွေဘက်ကလည်း ပြဿနာက ဘာလည်းဆိုရင် ကျနော်တို့က နိုင်ငံခြားကိုရောင်းတဲ့နေရာမှာ ဝယ်ရင် လူတွေအများစုက နိုင်ငံတကာမှာ Lender of credit ပေါ့ေနော်။ LC လိုဟာနဲ့ ကျနော်တို့က ဝယ်လေ့ရှိတယ်။ ဗမာပြည်မှာကျတော့ ကျနော်တို့က LC ရောင်းမယ်ဆိုရှိရင် …. ရှာရတဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့က Credit … ခေါ်တာပေါ့နော်။ TDA ဆိုပြီး In Advance - ငွေချေပြီးမှ သဘောၤတင်တဲ့ဟာကို ကျနော်တို့က ရောင်းတယ်။ ရောင်းတဲ့အခါကျ ဝယ်တဲ့လူတွေအနေနဲ့လည်း ဈေးကိုပိုနှိမ်တာပေါ့။ LC မဟုတ်ဘဲနဲ့ TD နဲ့ ကျနော်တို့က ဝယ်ရမယ်ဆိုရင် တကယ်လို့ LD နဲ့ဆိုရင် ၃၃၀ ပေးမယ်၊ TD နဲ့ဆိုရင် ၃၁၀ ပေးမယ်ပေါ့။ အဲလိုဖြစ်လာတယ်။ ဘာလည်းဆိုရင် ဒါ Stake Financing ခေါ်တတယ်။ ကုန်သွယ်မှုအာမခံ facility ပေါ့နော်။ Stake Financing facility ပေါ့။ ….တဲ့နေရာမှာကျတော့ ကျနော်တို့က ဘဏ်တွေအနေနဲ့ ဒါ ပံ့ပိုးမှု မရှိတဲ့အပိုင်းပေါ့။ သူတို့ဆီက LC နဲ့ ဝယ်လိုက်ပေမယ့် ဒီ LC ကို ပေါင်ပြီးတော့ ပြန်ထုတ်လို့ရတယ်။ နိုင်ငံခြားတွေမှာ ကျနော်တို့ကြည့် လိုက်ရင်တော့ ပိုက်ဆံ အရင်းအနှီးတကျပ်ရှိတယ်။ လုပ်ငန်း process ကိုပြနိုင်တယ်ဆိုရင်တောင်မှ ၁၀ ဖိုးလောက် လုပ်လို့ရတယ်။ ကျနော်တို့ဆီကတော့ ဘာလို့လည်းဆိုရင် ဒီလိုမျိုး လုပ်ခွင့်မရှိတဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့က ရှိတဲ့အရင်းအနှီးနဲ့စာရင်တော့ ပိုပြီးတော့ နည်းတဲ့ amount လောက်ပဲ လုပ်နိုင်တယ်။ ဥပမာ ၃ ကျပ်ရှိမှ ၁ ကျပ်ဖိုးလောက် ကျနော်တို့ လုပ်နိုင်တဲ့အနေအထားကိုတွေ့ရတယ်။”
အိန္ဒိယကုန်ပစ္စည်း သိုလှောင်ရေးလုပ်ငန်းကြီး Sohan Lal Commodity Management ဘက်က ပြီးခဲ့တဲ့နှစ်ကတော့ ရိုးမဘဏ်ရဲ့ချေးငွေ ကျပ်သန်း ၆၈ဝ တန်ဖိုးရှိတဲ့ စိုက်ပျိုးရေး ထွက်ကုန်တွေကို သိုလှောင်ပေးခဲ့တယ်လို့ The Economic Times က ဖော်ပြပါတယ်။