Black hole တွင်းနက်ကြီး

black hole တွင်းနက်ကြီး

နက္ခတ္တဗေဒ ဆိုင်ရာ ရူပဗေဒပညာရပ်မှာ ထူးခြားတဲ့ အောင်မြင်မှုအဖြစ် ကမ္ဘာကနေ အလင်းနှစ် သန်းပေါင်း ၅၀ လောက်အကွာမှာရှိတဲ့ black hole လို့ခေါ်တဲ့ တွင်းနက်ကြီးရဲ့ ဓါတ်ပုံကို နိုင်ငံတကာသိပ္ပံပညာရှင်တွေပါဝင်တဲ့အဖွဲ့က ပထမဆုံး ပြသနိုင်ပြီဖြစ်ပါတယ်။ အများ စိတ်ဝင်စား နေတဲ့ တွင်းနက်ကြီးဆိုတာ ဘာပါလဲ ဘယ်နေရာမှာ ရှိပါသလဲ။ အမေရိကန် အာကာသ စူးစမ်းရေး ဌာနက သိပ္ပံပညာရှင် ဒေါက်တာ ပဒေသာတင်က ပြောပြပေးမှာပါ။

Your browser doesn’t support HTML5

Black Hole တွင်းနက်ကြီး

သုတေသနပညာရှင်ပေါင်း ၂၀၀ ကျော်ပါဝင်တဲ့ Event Horizon Telescope စီမံကိန်းကနေ ၂၀၁၂ ခုနှစ်က စတင်ပြီး black hole ကို တိုက်ရိုက် လေ့လာဆန်းစစ်မှုတွေ လုပ်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၉ ဝါရှင်တန်၊ Brussels, Santiago ၊ ရှန်ဟိုင်း၊ တိုင်ပေနဲ့ တိုကျိုတွေမှာ သတင်းစာရှင်းလင်းပွဲ လုပ်ပြီး အရင်က မှန်းဆကြည့်နေရတဲ့ black hole ကို အခု မျက်ဝါးထင်ထင် ပြသခဲ့ကြတာ ဖြစ်ပါတယ်။

ဒေါက်တာပဒေသာတင်။ ။“ရိုးရိုးပကတိမျက်လုံးနဲ့ရော အဝေးကြည့်မှန်ပြောင်းနဲ့ ဒီလောက်ဝေးတဲ့ နေရာမှာ ရှိတဲ့ တွင်းနက်ကြီးကို လှမ်းကြည့်လို့ မရပါဘူး။ ဘယ်လောက် ဝေးသလဲဆိုတော့ အလင်းနှစ် သန်းပေါင်း ၄၅ သန်း လောက် ဝေးတဲ့နေရာကို ဓါတ်ပုံရိုက်လို့ မရသလို အဝေးကြည့် မှန်ပြောင်းနဲ့လည်း ရိုက်လို့ မရပါဘူး။ တကယ်လို့သာ ရေဒီယို တယ်လီစကုပ်နဲ့ ရိုက်မယ်ဆိုရင် ကမ္ဘာလောက် ကြီးတဲ့ ရေဒီယို တယ်လီစကုပ်ကြီး ဆင်ပြီးမှ ရိုက်လို့ရမှာ ဖြစ်ပါတယ်။ အဲဒီတော့ သိပ္ပံပညာရှင် တွေက ကိုက် တရာ ၂ ရာလောက် ရှိတဲ့ ရေဒီယို တယ်လီစကုပ်တွေကို ကမ္ဘာအနှံ့ ၈ နေရာမှာထားပြီး အဲဒီကနေ လှမ်းပြီးတော့ အချိန်ကိုက်ပြီး ပြိုင်တူရိုက်ကြပါတယ်။ အဝေးကြည့် မှန်ပြောင်းနဲ့ တိုင်းပြီးတော့ ပုံပေါင်းများစွာကို အချိန်ကိုက် စီစစ်ပြီးတော့ ဒီပုံတွေ ထောင်နဲ့ သောင်းနဲ့ချီတဲ့ ဟာကို အကုန်လုံး သန့်အောင် လုပ်လိုက်ပြီးတော့မှ ဒီတွင်းနက် black hole ရဲ့ ဓါတ်ပုံကို ထုတ်လိုက်တာပါ။

အခု ပုံထုတ်နိုင်ခဲ့တဲ့ black hole ဟာ ဘယ်နေရာမှာ ရှိပါသလဲ။

2. ဒေါက်တာပဒေသာတင်။ ။“ကမ္ဘာကနေ အလင်းနှစ်ပေါင်း ၄၅ သန်း လောက်အကွာဝေးမှာ ရှိတယ်။ အလင်းရောင်ရဲ့ နှုန်းနဲ့သာ သွားလို့ရှိရင် အဲဒီကို ရောက်ဖို့အတွက် နှစ်သန်းပေါင်း ၄၅ သန်း ကြာမှာပါ။ ဘယ်လောက်ဝေးသလဲ ဆိုရင် သူက ကျနော်တို့ နေစင်္ကြာဝဌာမှာ မဟုတ်ပါဘူး။ ကျနော်တို့ နေ စကြဝဠာ ရှိတဲ့ နဂါးငွေ့တန်းကို milkyway လို့ခေါ်ပါတယ်။ ကျနော်တို့လို နဂါးငွေ့တန်းပေါင်း သန်း ထောင်ပေါင်းများစွာ ရှိပါတယ် ဒီ စကြဝဠာ ထဲမှာပေါ့နော်။ အဲဒီ စကြဝဠာ ထဲမှာရှိတဲ့ နဂါးငွေ့တန်း နောက်တခုကို နံမယ်ပေးထားတာက Virgo A ဒါမှမဟုတ် M 87 လို့ခေါ်ပါတယ်။ အဲဒီ နဂါးငွေ့တန်း အလယ်တဲ့တဲ့ မှာမှ အခုပုံမှာ မြင်ကြရတဲ့မုန့်လက်ကောက် အကွင်းလို ဟာကို ဓါတ်ပုံရိုက်ယူလိုက်တာ ဖြစ်ပါတယ်။ M 87 ဆိုတာက Messier 87 ပါ။ ပြင်သစ် နက္ခတ္တဗေဒ ပညာရှင် Charles Messier က (၁၇၈၁) ၁၈ ရာစုမှာ တွေ့ခဲ့တာပါ။ တွင်းနက်ကြီးကို တွေ့တဲ့ နဂါးငွေ့တန်းက Messier 87 ပါ။ Virgo A လို့လည်း ခေါ်ပါတယ်။

ဘာ့ကြောင့် M 87 နဂါးငွေ့တန်းထဲက black hole ကို ဓါတ်ပုံရိုက်ဖို့ ကြိုးစားတာပါလဲ။

ဒေါက်တာပဒေသာတင်။ ။“ကျနော်တို့ နဂါးငွေ့တန်း milkyway ထဲမှာလည်း ဒီလို black hole တွေ ထောင်ပေါင်းများစွာ ရှိပါတယ်။ ဒါပေမယ့် အဲဒီ နဂါးငွေ့တန်းမှာရှိတဲ့ black hole က သူ့ရဲ့ ရောင်ခြည်က တောက်ပလွန်းအားကြီးပြီး သူကနေ ထွက်တဲ့ ရေဒီယို လှိုင်းက အပြင်းဆုံး၊ အများဆုံး ဖြစ်တဲ့အတွက် ဒီ ကမ္ဘာပေါ်မှာ ရှိတဲ ရေဒီယိုတယ်လီစကုပ်တွေနဲ့ တိုင်းယူလို့ ရတဲ့အတွက် အကုန်လုံးက အဲဒီနေရာကို ချိန်ပြီး တိုင်းကြတာ ဖြစ်ပါတယ်။ M 87 နဂါးငွေ့တန်း၊ ဒီ galazy ရဲ့ အလယ်မှာ ရှိတဲ့ တွင်းနက်ဟာ နေထက် အဆ သန်းပေါင်း ၇၀၀၀ လောက်ကြီးပါတယ်။”

အများစိတ်ဝင်စားနေတဲ့ Black hole ဆိုတာ ဘာပါလဲ

ဒေါက်တာပဒေသာတင်။ ။“အလွန်တရာမှ သိပ်သည်းဆကြီးတဲ့ နေရာ တနေရာလို့ သတ်မှတ်လို့ ရပါတယ်။ တွင်းနက်ကြီးရဲ့ သိပ်သည်းဆ ဘယ်လောက်များသလဲ ဆိုရင်၊ ဘယ်အရာဝတ္တုပဲ ဖြစ်ဖြစ် သူ့ပတ်ဝန်းကျင်ကို ဖြတ်သွားရင် သူက တခါထဲ အတွင်းထဲကို စုပ်သွင်းလိုက် နိုင်အောင်ကို သူက သိပ်သည်းဆ များပါတယ်။ gravitational force ပေါ့နော်။ ဆွဲအား အရမ်းများပါတယ်။ ပစ္စည်း ဝတ္တု မပြောနဲ့ အလင်းရောင်တောင် သူ့ရှေ့မှာ ဖြတ်သွားလို့ ရှိရင် အလင်းရောင်တောင် အစုပ်ခံလိုက်ရပါတယ်။ အဲဒီလောက် အထိကို သိပ်သည်းဆ များတဲ့ နေရာကို black holes လို့ခေါ်ပါတယ်။

ရူပဗေဒအရ မျက်နှာပြင် တခု ရှိတယ်လို့ မှန်းလိုက်လို့ရှိရင် အရမ်းကို သိပ်သည်းတဲ့ နေရာ ကျလို့ရှိရင် ဒီမျက်နှာပြင်က အပြန့်မနေပဲ အဲဒီနေရာမှာ သွားချိုင့်နေပါတယ်။ အဲဒီလို ချိုင့်နေတဲ့ နေရာအတွက် ဘာနဲ့ သွားစဉ်းစာလို့ ရသလဲ ဆိုရင် ရာဘာပြား ပါးပါးပေါ့နော်၊ အပြန့်ကြီးကို အလယ်မှာ ဂေါ်လီလုံး တလုံးလို လေးတဲ့ဟာမျိုး ထားလိုက်ရင် သူက ချိုင့်သွားတယ်ပေါ့နော်။ အဲဒါကို space- time work ဖြစ်တယ်လို့ ခေါ်ပါတယ်။ အဲဒီဂေါ်လီလုံးက သိပ်ပြီး သိပ်သည်းတဲ့ သံဆိုလို့ရှိရင် ပိုပြီး ချိုင့်မယ်။ နောက် ဘယ်လိုဖြစ်သွားမလဲ ဆိုရင် ကျနော်တို့ရဲ့ နေတွေ နေရဲ့ သက်တမ်းကုန်သွားတဲ့အခါမျိုးမှာ သိပ်သည်းဆ အရမ်းများသွားတဲ့ အတွက် အဲဒါကို singularity လို့ခေါ်ပါတယ်။ အဲဒီအခါကျရင် သူက ကတော့ကြီးလို ဖြစ်သွားမယ်။ သူ့ကို တွင်းနက်ကြီးလို့ တင်စားပြီးပြောလိုက်တာပါ။ အရာဝတ္တုတွေ သူ့ဘေးနားမှာ ရှိလို့ရှိရင် ဒီတွင်းထဲကို အကုန်လုံး ကျသွားပါတယ်။ အလင်းရောင်တောင် လွတ်မသွား နိုင်လောက်အောင် သူ့မှာ ဒြပ်ဆွဲအား အရမ်းများလို့ တွင်းနက်ကြီးလို့ ခေါ်ပါတယ်။ အဲဒီမှာ အလင်းရောင်တောင် မမြင်ရရင် ရေဒီယိုလှိုင်းကလည်း မြင်ရမှာ မဟုတ်ပါဘူး။ တကယ်တော့ ကျနော်တို့ မြင်ရတာက ဒီတွင်းနက်ကြီးရဲ့ ပတ်ဝန်းးကျင်မှာရှိတဲ့ ဓါတ်ငွေ့တွေ၊ အမှုန်တွေ၊ တိမ်တိုက်တွေ အကုန်လုံးကို တွင်းနက်ကြီးက အတင်း ဆွဲယူလိုက်တဲ့အချိန်မှာ သူက ပူလွန်းအားကြီး တဲ့အတွက် အနီးနားက အမှုန်တွေ အစိုင်ခဲတွေ ဓါတ်ငွေ့တွေက မြင့်မားလှတဲ့ အပူချိန်ကို ရောက်သွားကြတယ်။ အဲဒီကနေမှ ရေဒီယို လှိုင်းတွေ ထုတ်ပေးလိုက်တာ။ ထုတ်လိုက်တဲ့ ရေဒီယို လှိုင်းကို ခုန အဝေးကြည့်မှန်ပြောင်းနဲ့ တိုင်းလိုက်တဲ့ အခါ၊ အမှန်ဆို ရေဒီယို လှိုင်းက ကျနော်တို့ မျက်လုံးနဲ့ မမြင်ရပါဘူး။ ဒါပေမယ့် မြင်ရအောင် သိပ္ပံပညာရှင်တွေက သိပ်တောက်ပနေတဲ့ ရေဒီယို လှိုင်းကို အဝါရောင်၊ သိပ်မတောက်ပရင် အနီရောင် ဆိုပြီး ပုံဖေါ်ယူလိုက်တဲ့အခါ အလယ်မှာ ဘာအရောင်မှ မရှိတဲ့ဟာကတော့ တွင်းနက်ပေါ့နော်။ သူ့ဘေး ပတ်ပတ်လည်မှာ အဝါရောင် အနီရောင်နဲ့ အကွင်းကြီး ဖြစ်နေတဲ့ဟာကို ပုံဖေါ်ယူလိုက်တဲ့အတွက် ဒါကို black hole အနေနဲ့ တွေ့ရတာပါ။”

နေတစင်းရဲ့ သက်တမ်းကုန်သွားတဲ့အခါ Supernova ပေါက်ကွဲမှုဖြစ်ပြီး ဒီပေါက်ကွဲမှုကနေ black hole ဖြစ်လာတာပါ။ ဒီလိုဖြ စ်လာမယ် ဆိုတာကို ကြိုတင်ဟောကိန်းထုတ်ခဲ့သူက အိုင်စတိုင်း ဖြစ်ပါတယ်။

ဒေါက်တာပဒေသာတင်။ ။“ဒီ တွင်းနက်ကို ဟောကိန်းထုတ်ခဲ့သူက ၁၉၁၅ ခုနှစ်မှာ Black hole ရှိမယ်ဆိုတဲ့ သီအိုရီ of relativity နှိုင်းရသီအိုရီကို ဟောကိန်းထုတ်ခဲ့တဲ့ Albert အိုင်စတိုင်း ဖြစ်ပါတယ်။ အိုင်စတိုင်းပြောခဲ့တဲ့ ဒီလိုနေရာမျိုးတွေ ရှိတယ်ဆိုတဲ့ဟာကို ကျနော်တို့ ပထမဦးဆုံး ကိုယ်တွေ့ မျက်မြင် တွေ့ရတာဖြစ်ပါတယ်။ ဒီတွင်းနက်ကြီး ရှိမယ် ဆိုတာကို အဲဒီတုန်းကတော့ သူက မဖေါ်ပြခဲ့ပါဘူး။ သီအိုရီ အရသာ တွက်ပြခဲ့တာပါ။ ၁၉၆၂ ခုနှစ်မှာ နက္ခတ္တပညာရှင် John Wheeler ကနေ black hole ရှိမယ် ဆိုတာကို ဟောကိန်းထုတ်ခဲ့ပြီး ၁၉၇၁ ခုနှစ်မှာ တွေ့ခဲ့တာပါ။”

ဒီ Black hole ဟာ မပျောက်ပျက်တော့ပဲ တည်မြဲနေပါသလား။

ဒေါက်တာပဒေသာတင်။ ။“ဒီတွင်းနက်ကြီးထဲကို ထွက်သွားတဲ့ ပစ္စည်းမှန်သမျှ ဒြပ်မှန်သမျှ အကုန်လုံး အစုပ်ခံလိုက်ရတယ်။ ဒီတွင်းနက်ကြီးရော သဘာဝ အလျှောက် မြဲနေပါသလား ဆိုရင် သူလည်း မမြဲပါဘူး။ အဲဒီ မတည်မြဲတဲ့ဟာကို Stephen Hawking ဆိုတဲ့ ရူပဗေဒ ပညာရှင်က ဟောကိန်း ထုတ်လိုက်တာပါ။ black hole with radiation ပေါ့နော်။ ဒီတွင်းနက်ကြီးကနေ x- ray ရောင်ခြည် တွေ ပြန်ထွက်လာတယ်။ radiation တွေ ပြန်ထွက်လာတယ်။ အဲဒီလို ပြန်ထွက်လာတဲ့ အခါကျတော့ တွင်းနက်ကြီးဟာ ပျက်သွားပါတယ်။ မရှိတော့ပါဘူး။ Stephen Hawking ကနောက် ရီစရာ တခု အနေနဲ့ ဘာပြောသလဲ ဆိုတော့ မင်း တကယ်လို့များ တွင်းနက်ကြီးအစုပ်ခံလိုက်ရရင် ပြန်တော့ ထွက်လာမယ်။ ဒါပေမယ့် ပကတိ လူအနေနဲ့တော့ ပြန်ထွက်လာမှာ မဟုတ်ဖူး။ တကယ်လို့ ပြန်မထွက်လာဘူး ဆိုရင်တော့ တွင်းနက်ကြီးရဲ့ ဟိုဘက်မှာ နောက် စကြဝဠာ တခုထဲကို ရောက်သွားမယ်လို့ သူက ဟောကိန်း ထုတ်ခဲ့ပါတယ်။”

ဒေါက်တာ ပဒေသာတင်ဖြစ်ပါတယ်။