ဆိုချီအိုလံပစ်ပွဲ အမေရိကန်အားကစားသမား ပွဲဦးထွက်ရွှေဆွတ်ခူး

အမေရိကန်ပြည်ထောင်စုက Sage Kotsenburg ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲမှာ snowboard slopestyle ကို ယှဉ်ပြိုင်စဉ်။ (ဖေဖော်ဝါရီ ၈၊ ၂၀၁၄)

Russia နိုင်ငံ Sochi မြို့မှာကျင်းပနေတဲ့ ဆောင်းရာသီ Olympic အားကစားပြိုင်ပွဲက ပထမဆုံး ရွှေတံဆိပ်ကို အမေရိကန်အားကစားသမားက ရရှိသွားပါတယ်။

အမျိုးသား Slopestyle snowboard လျှောစီးပြိုင်ပွဲမှာ Sage Kotsenburg က ပထမဆုံး Sochi Olympic ရွှေတံဆိပ်ဆုကို ရရှိသွားတာပါ၊

ရုရှားမှာကျင်းပတဲ့ ဆောင်းရာသီ အိုလံပစ်မှာ ပထမဆုံးရွှေတံဆိပ်ဆွတ်ခူးနိုင်ခဲ့သူ အမေရိကန်နိုင်ငံသား Sage Kotsenburg


နောက်သိပ်မကြာခင်မှာပဲ အမျိုးသမီး Cross country စကီးစီးပြိုင်ပွဲရဲ့ ရွှေတံဆိပ်ဆုကို နော်ဝေးနိုင်ငံက Marit Bjoergen (မားရစ် ဘီရား ရီရန်) က
ရရှိပါတယ်။ နော်ဝေးနိုင်ငံက လောလောဆယ်အထိ ၆ ဆုပေးတဲ့ထဲမှာ ဆုတံဆိပ် ၃ ခုကို ရရှိထားပါတယ်။ Snowboard ပြိုင်ပွဲမှာ ငွေတံဆိပ်နဲ့ စကီးစီးပြိုင်ပွဲမှာ ကြေးတံဆိပ်ဆုတွေ ရရှိထားတာဖြစ်ပါတယ်။ ဒီကနေ့ စနေနေ့မှာ အားကစားနည်း ၅ မျိုးအတွက် ဆုတံဆိပ်တွေ ချီးမြှင့်ဖို့ရှိပါတယ်။

၁၆ ရက်ကြာ ဆောင်းရာသီ Olympic အားကစားပြိုင်ပွဲမှာ ပထမဆုံးပေးတဲ့ ဆုတွေဖြစ်မှာပါ၊ ပင်လယ်နက်ဘေးမှာတည်ရှိတဲ့ Sochi အပန်းဖြေနေရာမှာ
သောကြာနေ့ကကျင်းပခဲ့တဲ့ Olympic ပြိုင်ပွဲအခမ်းအနားကတော့ ရုရှားနိုင်ငံ ဆိုတာကို ပေါ်လွင်အောင် ခမ်းခမ်းနားနားပြသသွားပါတယ်။ Russia နိုင်ငံကို ပုံဖော်တဲ့ သီချင်းတွေ၊ Ballet ကကွက်တွေ၊ ကောင်းကင်ကျွမ်းဘား ကကွက်တွေ အပြင် အာကာသယဉ်မှူးတွေအကြောင်းတွေကို သရုပ်ပြသွားခဲ့ပါတယ်။

အသစ်စက်စက် ဆောက်လုပ်ထားတဲ့ Fisht Olympic အားကစားကွင်းကြီးထဲမှာ ဖွင့်ပွဲအခမ်းအနားကို ကြီးကြီးကျယ်ကျယ် ကျင်းပခဲ့တာပါ၊ Olympic မီးရှူးကို ထွန်းညှိပြီး မီးရှူး မီးပန်းတွေ ပစ်ဖောက်ခဲ့ချိန်မှာ ကောင်းကင်တခုလုံး လင်းထိန်သွားစေခဲ့ပါတယ်။ Sochi ဆောင်းရာသီ Olympic အားကစားပြိုင်ပွဲမှာ နိုင်ငံပေါင်း ၈၀ ကျော်က အားကစားသမားတွေ ဝင်ရောက် ယှဉ်ပြိုင်နေကြပါတယ်။