နေစွမ်းအင်သုံး ကမ္ဘာပတ်လေယာဉ် နောက်အပတ် မန္တလေးရောက်မည်

Solar Impulse 2 လေယာဉ် အိန္ဒိယကို ဆိုက်ရောက်စဉ်။ (မတ် ၁၁၊ ၂၀၁၅)

နေရောင်ခြည် စွမ်းအင်ကိုသုံးပြီး ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာကိုပတ်နေတဲ့ Solar Impulse 2 လေယာဉ်ဟာ မတ်လ ၁၀ ရက် အင်္ဂါနေ့က အိန္ဒိယနိုင်ငံမှာ ရောက်နေပါပြီ။ အိုမန်နိုင်ငံ Muscat မြို့တော်ကနေ အာရေးဗျပင်လယ်ကို ၁၅ နာရီကြာ၊ ကီလိုမီတာ ၃၅၀၀၀ ခရီးကိုဖြတ်ပြီး ဒုတိယခရီးတထောက်အဖြစ် အိန္ဒိယနိုင်ငံမှာ ရောက်နေတာပါ။

လေယာဉ်ဆိုက်ရောက်ပြီးတဲ့နောက် အများပြည်သူ ကြည့်ရှုနိုင်အောင် ပြသတဲ့ အတွက် လူအများအပြား သွားကြည့်ကြပါတယ်။ နောက်ခရီးတထောက်ကတော့ အိန္ဒိယဝန်ကြီးချုပ် နေရိန်ဒရာ မိုဒီရဲ့ မဲဆန္ဒနယ်ဖြစ်တဲ့ ဗာရာဏသီမြို့ပါ။ အိန္ဒိယနိုင်ငံကနေ ထွက် လာပြီးတဲ့နောက် မြန်မာနိုင်ငံ၊ မန္တလေးလေဆိပ်ကို မတ်လ ၁၇ ရက်၊ အင်္ဂါနေ့မှာ ရောက်ပါလိမ့်မယ်။ လေယာဉ်ရောက်ပြီးတဲ့ နောက် အများပြည်သူ လှည့်လည်ကြည့်ရှုနိုင်မှာဖြစ်ပြီး ညနေပိုင်းမှာ သတင်းစာရှင်းလင်းပွဲလုပ်မယ်လို့ အစိုးရပိုင် သတင်းစာတွေ မှာဖော်ပြထားပါတယ်။

မြန်မာနိုင်ငံကနေတဆင့် တရုတ်နိုင်ငံ၊ အဲဒီကနေ ပစိဖိတ်သမုဒ္ဒရာနဲ့ အမေရိကန်ပြည်ထောင်စုတို့ကို ဖြတ်ပျံပြီး ဥရောပတောင်ပိုင်းကတဆင့် အဘူ ဒါဘီမြို့ဆီ ဇူလိုင်လနှောင်းပိုင်း ပြန်ရောက်မှာဖြစ်ပါတယ်။

Solar Impulse 2 ဟာ အာရပ်ဘ်စော်ဘွားများပြည်ထောင်စု၊ အဘူ ဒါဘီမြို့ကနေ မတ်လ ၉ ရက်နေ့က စထွက်လာတာဖြစ်ပြီး စုစုပေါင်းပျံသန်းရက် ၂၅ ရက်လောက်မှာ တနာရီကို ကီလိုမီတာ ၅၀ ကနေ ၁၀၀ ကြား ပျံသန်းနေတာပါ။

လေယာဉ်ဟာ မိသားစုစီး ကားတစီးရဲ့အလေးချိန်ဖြစ်တဲ့ ၂၃၀၀ ကီလိုဂရမ်ပဲလေးပေမဲ့ တောင်ပံနှစ်ဘက် အကျယ်ပမာဏက တော့ အကြီးမားဆုံး ဂျက်လေယာဉ်တစင်းရဲ့ တောင်ပံအကျယ်လောက်ရှိပါတယ်။ ဒီ Solar Impulse 2 လေယာဉ်ကို ၁၂ နှစ် ကြာ အချိန်ယူပြီး ပုံစံထုတ် တည်ဆောက်ခဲ့တာပါ။