နေရောင်ခြည်စွမ်းအင်သုံးလေယာဉ်နဲ့ပထမဆုံးအကြိမ် ကမ္ဘာပတ်ဖို့ကြိုးစားနေတဲ့ လေယာဉ်မှူး Bertrand Piccard နဲ့ Andre Borschberg တို့ဟာ မြန်မာနိုင်ငံမှာ ခရီးစဉ်တထောက်နားပြီးတဲ့နောက် ဒီကနေ့ တင်္နလာနေ့မှုာ တရုတ်နိုင်ငံကို ထွက်ခွာသွားကြပါပြီ။
တနင်္လာနေ့ မနက် ၃ နာရီခွဲလောက်မှာ မန္တလေးမြို့ကနေ ထွက်ခွာပြီး တရုတ်နိုင်ငံကို ၁၉ နာရီကြာ ပျံသန်းမှာပါ။ Chongqing မြို့ကို အရင် ပျံသန်းပြီး အစစအဆင်ပြေမယ်ဆိုရင် အဲဒီကနေ နောက်တနေ့ Nanjing မြို့ကို ဆက်လက် ပျံသန်းပြီး နောက်တဆင့်ကတော့ ပစိဖိတ် သမုဒ္ဒရာကိုဖြတ်ပြီး ဟာဝိုင်အီကို ပျံသန်းမှာဖြစ်တယ်လို့ ဆွစ်ဇာလန် လေယာဉ်မှူး Bertrand Piccard က ပြောပါတယ်။ မန္တလေးမြို့ကနေ စတင် ထွက်ခွာပြီး ၆ နာရီအကြာမှာ တရုတ်လေကြောင်း ပိုင်နက်ထဲကို ရောက်ရှိမှာပါ။ ရာသီဥတု ကြည်လင်ကောင်းမွန်ပြီး အင်္ဂါနေ့ မနက်စောစော Chongqing မြို့ကို ဆင်းသက်နိုင်ဖို့ မျှော်လင့်ထားပါတယ်။
ဆွစ်လူမျိုး လေယာဉ်မှူးတွေဖြစ်ကြတဲ့ Bertrand Piccard (ယာ) နဲ့ Andre Boschberg (ဝဲ)တို့ မန္တလေးနိုင်ငံတကာလေဆိပ်က မထွက်ခွာခင် သတင်းထောက်များနဲ့ စကားပြောနေစဉ်။ (မတ် ၃၀၊ ၂၀၁၅)
အာရပ်စော်ဘွားများ ပြည်ထောင်စု UAE ရဲ့ မြို့တော် အဘူဒါဘီ ကနေ စတင်ပျံသန်းလာခဲ့တဲ့ နေရောင်ခြည်စွမ်းအင်သုံး Solar Impulse 2 လေယာဉ်ကို လေယာဉ်မှူး Piccard နဲ့ Borshberg တို့က တလှည့်စီ ထိန်းချုပ်မောင်းနှင်ပြီး တနာရီ မိုင် ၃၀ နဲ့ ၆၀ ကြားနှုန်းနဲ့ ၂၅ ရက်ကြာ ကမ္ဘာပတ်ပျံသန်း နေကြတာပါ။ မြန်မာနိုင်ငံကိုတော့ ပြီးခဲ့တဲ့ မတ်လ ၂၀ ရက်နေ့က ရောက်ရှိလာခဲ့ပြီး ရာသီဥတုအခြေအနေကြောင့် သူတို့ မူရင်းစီစဉ်ထားတဲ့ အချိန်ထက် သီတင်း ၁ ပတ်နီးပါး နောက်ကျပြီး ပျံသန်းနေတာဖြစ်ပါတယ်။