ဆိုမာလီ ပင်လယ်ဓါးပြမှု လျော့ပါး

ဆိုမာလီဓားပြတဦးကို တွေ့ရစဉ်။ (စက်တင်ဘာ ၂၃၊ ၂၀၁၂)

အိန္ဒိယသမုဒ္ဒရာထဲမှာ ခုတ်မောင်းနေတဲ့ နိုင်ငံတကာသင်္ဘောတွေကို ဆိုမာလီပင်လယ်ဓါးပြတွေက ပစ်မှတ်ထား ပြန်ပေးဆွဲထားမှုတွေဟာ ၂၀၀၉ ခုနှစ်က စတင်ပြီး ကျဆင်းသွားခဲ့ပေမယ့်၊ အာဖရိကတိုက် ဂီနီပင်လယ်ကွေ့ (Gulf of Guinea) မှာတော့ သင်္ဘောတွေကို ပြန်ပေးဆွဲမှုတွေကတော့ ပိုများလာတယ်လို့၊ မနေ့က တနင်္လာနေ့က လန်ဒန်အခြေစိုက် နိုင်ငံတကာရေကြောင်းသွားလာမှုဗျူရို (International Maritime Bureau) ကနေ ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာမှာ ဖေါ် ပြထားပါတယ်။

ဒီနှစ်မှာ ဇန်နဝါရီလကနေ စက်တင်ဘာလထိ ကိုးလတာကာလအတွင်း ဆိုမာလီ ပင်လယ်ဓါးပြတွေရဲ့ နိုင်ငံတကာသင်္ဘောတွေကို စီးနင်း ပြန်ပေးဆွဲမှုပေါင်း (၇၀) ရှိခဲ့ပြီးတော့၊ မနှစ်က ၂၀၁၁ ခုနှစ်ရဲ့ ပထမ ကိုးလတာ ကာလအတွင်းမှာတော့ (၁၉၉)မှု ရှိခဲ့တယ်လို့၊ ဒီအစီရင်ခံစာက ဆိုပါတယ်။

ဒီနှစ် ဇူလိုင်လနဲ့ စက်တင်ဘာလအတွင်း ဆိုမာလီ ပင်လယ်ဓါးပြတွေရဲ့ နိုင်ငံတကာသင်္ဘောတွေ ကို ပြန်ပေးဆွဲမှု တစ်မှုသာရှိခဲ့ပြီးတော့၊ ၂၀၁၁ ခုနှစ် ဇူလိုင်လနဲ့ စက်တင်ဘာလအတွင်းမှာ (၃၆) မှုရှိခဲ့တယ်လို့ ဆိုပါတယ်။

အခုလို ဆိုမာလီပင်လယ်ဓါးပြတွေက နိုင်ငံတကာသင်္ဘောတွေကို ပစ်မှတ်ထား ပြန်ပေးဆွဲ ထားမှု တွေ လျော့ကျလာရတဲ့ အဓိက အကြောင်းရင်းဟာ၊ နိုင်ငံတကာရေတပ်တွေရဲ့ ကင်းလှည့် ကာကွယ်စောင့်ရှောက်နေမူကြောင့် ဖြစ်တယ်လို့၊ နိုင်ငံတကာရေကြောင်း သွားလာမှုဗျူရို IMB ရဲ့ ညွှန်ကြားရေးမှူး ပေါ့တယ်န်ဂယ်လ် မူကွန်ဒန် (Pottengal Mukundan)က ပြောကြားခဲ့ပါတယ်။