တရုတ်လူ့အခွင့်အရေး ရှေ့နေရဲ့သား မြန်မာမှာပျောက်ဆုံး

တရုတ်လူ့အခွင့်အရေးရှေ့နေရဲ့သား Bao Mengmeng

တရုတ်နိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ လူ့အခွင့်အရေး ရှေ့နေတဦးရဲ့ အသက် ၁၆ နှစ်အရွယ် သားဖြစ်သူဟာ အမေရိကန်ပြည်ထောင်စုကို ထွက်ပြေးဖို့ ကြိုးစားရင်း မြန်မာနိုင်ငံမှာ ပျောက်ဆုံးသွားတယ်လို့ တရုတ် လူ့အခွင့်အရေးလှုပ်ရှားသူတဦးက တနင်္ဂနွေနေ့မှာ ပြောလိုက်ပါတယ်။

Bao Mengmeng လို့သိကြတဲ့ Bao Zhuoxuan ကို မြန်မာ-တရုတ် နယ်စပ်မြို့တမြို့က တည်းခိုခန်းတခုကနေ သူ့ကိုကူညီနေသူ အမျိုးသားနှစ်ဦးနဲ့အတူ မြန်မာရဲတပ်ဖွဲ့က ခေါ်သွားတယ်လို့ Zhou Fengsuo က အမေရိကန်နိုင်ငံ၊ ဆန်ဖရန်စစ္စကိုမြို့ကနေ တယ်လီဖုန်းဆက်ပြောတဲ့အကြောင်း AP သတင်း တပုဒ်မှာ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်၊ မိုင်းလားမြို့ တည်းခိုခန်းကရတဲ့ သတင်းကို သူက ကိုးကားပြောတာပါ။

Bao Zhuoxuan ကို မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကိုသွားရောက်ပြီး အမေရိကန် ပြည်ထောင်စုမှာ ပညာသင်ကြားခွင့်ရဖို့ အကူအညီပေးနေတာ ဖြစ်တယ်လို့ Zhou Fengsuo က ဗွီအိုအေကို ပြောပါတယ်။

တရုတ်ပြည်မှာ အဖမ်းခံထားရတဲ့ လူ့အခွင့်အရေးဆိုင်ရာရှေ့နေ Wang Yu

သူ့မိဘတွေ ဇူလိုင်လ ၉ ရက်နေ့က ဖမ်းဆီးခံရပြီးနောက် သားဖြစ်သူ Bao Zhuoxuan ရဲ့ နိုင်ငံကူးလက်မှတ်ကိုလည်း တရုတ်အစိုးရက သိမ်းဆည်းခဲ့တာဖြစ်ပါတယ်။ Bao ရဲ့မိခင်ဟာ တရုတ်နိုင်ငံမှာ ဇူလိုင်လ ၉ ရက်နေ့က ပျောက်သွားတဲ့ လူ့အခွင့်အရေးရှေ့နေ Wang Yu ဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာ အရပ်ဖက်လူ့အဖွဲ့အစည်းတွေကို နှိမ်နင်းဖြိုခွဲတာမှာ လူ့အခွင့်အရေးရှေ့နေတွေနဲ့ လှုပ်ရှားသူတွေ ဒါဇင်ပေါင်းများစွာ ဖမ်းဆီးထိန်းခံရတဲ့ထဲမှာ ရှေ့နေ Wang Yu လည်း ပါသွားတာဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ မြန်မာ တာဝန်ရှိသူတွေ ဘက်ကတော့ တစုံတရာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။