ရေပိုင်နက်ပြဿနာ အာဆီယံနဲ့ ဂျပန် ဆွေးနွေး

ရေပိုင်နက်ပြဿနာ အာဆီယံနဲ့ ဂျပန် ဆွေးနွေး

တောင်တရုတ်ပင်လယ်အတွင်း တင်းမာမှုတွေ၊ အငြင်းပွားမှုတွေ ဖြစ်ပေါ်နေတာနဲ့ ပတ်သက်လို့ ဆွေးနွေးကြတဲ့ အစည်းအဝေးမှာ ဂျပန်နိုင်ငံက ကမကထလုပ်ပြီး အာဆီယံ နိုင်ငံတွေက ကိုယ်စားလှယ်တွေ မနေ့က တက်ရောက်ကြပါတယ်။

အခုဆွေးနွေးပွဲဟာ ဒု-ဝန်ကြီးအဆင့် ဆွေးနွေးပွဲ ဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်က စတင်ခဲ့ပြီး ဒါနဲ့ပါဆို တတိယအကြိမ်မြောက် ဆွေးနွေးပွဲ ဖြစ်ပါတယ်။ လွတ်လပ်စွာ သွားလာခွင့်နဲ့ ရေပိုင်နက်ဆိုင်ရာ ဥပဒေ အဓိပ္ပာယ် ဖွင့်ဆိုချက်တွေမှာ အများသဘောနဲ့ အကျုံးဝင်ဖို့ လိုအပ်နေတာတွေကို အဓိကထားပြီး ဆွေးနွေးခဲ့ကြပါတယ်။

တရုတ်၊ ထိုင်ဝမ်၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ဘရူနိုင်းနဲ့ မလေးရှား နိုင်ငံတွေက တောင်တရုတ်ပင်လယ်အတွင်း ရေပိုင်နက်ဆိုင်ရာ အငြင်းပွားမှုမှာ ပါဝင် ပတ်သက်နေကြတာပါ။ တောင်တရုတ်ပင်လယ် အတွင်းက တချို့နေရာတွေမှာ စွမ်းအင်ဆိုင်ရာ ကိစ္စတွေနဲ့ သဘာ၀ တွင်းထွက်တွေကို ပိုင်ဆိုင်လိုမှုနဲ့ အငြင်းပွားနေကြတာပါ။ တရုတ်ကတော့ ပင်လယ်တခုလုံး သူက ပိုင်တယ်လို့ ဆိုနေပါတယ်။

အခုကိစ္စကို အတူတကွ တွဲပြီးတော့ ဆောင်ရွက်ဖို့နဲ့ ထုတ်ဖော်ပြောဆိုကြဖို့ လိုတယ်လို့ အာဆီယံ ကိုယ်စားလှယ်တွေကရော ဂျပန်ဘက်ကပါ သဘောတူကြပါတယ်။ ဒါပေမဲ့ တရုတ်နိုင်ငံကတော့ အခုကိစ္စကို နိုင်ငံတကာ ကိစ္စအဖြစ် လုပ်လာမယ့် အရေးကို ကန့်ကွက်နေပါတယ်။

တခုခုလုပ်လိုက်လို့ ဖြစ်လာခဲ့ရင် မေးခွန်းထုတ်စရာတွေ၊ ရှုပ်ထွေးမှုတွေ ပိုဖြစ်လာပြီး အထောက်အကူလည်း ဖြစ်မှာမဟုတ်ဘူးလို့ တရုတ် ကာကွယ်ရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်ရဲ့ စကားကို ကိုးကားပြီး တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းမှာ ဖော်ပြထားပါတယ်။